ကူးစက်မှုများပြီး ထိခိုက်မှုအင်အားပျော့တယ်လို့ ထင်မှတ်မှားနေကြတဲ့ ဗီဇပြောင်း Covid-19 ရောဂါပိုး…..
တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွား ပြန့်နှံ့လာတဲ့ Covid-19 ရောဂါပိုးဟာ ယခုဆိုရင် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာကူးစက်ပြန့်နှံ့နေပြီပဲဖြစ်ပါတယ်။ ဘယ်လောက်တောင်ဆိုးရွားလဲဆိုရင် အမေရိကန်၊ UK မှာရှိတဲ့ ဆေးရုံတွေရဲ့ စင်္ကြံတွေမှာ အလောင်းတွေပုံနေတဲ့အထိပါပဲ။ ဒီ Covid-19 ရောဂါပိုးဟာ မြန်မာနိုင်ငံကိုရောက်ရှိခဲ့တာလည်း လအတော်ကြာပါပြီ။ 1st wave တုန်းက အသေအချာထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒီ 2nd wave တိုက်ခတ်လာစဥ်မှာတော့ Covid-19 ရောဂါပိုးဟာ ကူးစက်မြန်တဲ့ပိုးအသွင်နဲ့ ဗီဇပြောင်းလဲလာခဲ့ပါတယ်။ Covid-19 ရောဂါပိုးရဲ့ မျက်နှာပြင်မှာရှိတဲ့ protein spike D614 ကနေ G614 ကိုပြောင်းလဲသွားပြီးနောက်မှာ ကူးစက်မှုနှုန်းဟာလည်း အရင်ကထက် ၁၀ ဆပိုပြီးမြန်ဆန်လာခဲ့ပါတယ်။ အခုတလောမှာ ကြားကြားနေရတဲ့သတင်းတချို့က ဒီဗီဇပြောင်းလဲသွားတဲ့ Covid-19 ဟာ ကူးစက်မှုနှုန်းပဲမြန်ပြီး ရောဂါပြင်းထန်မှု ထိခိုက်မှုအင်အားပျော့တယ်ဆိုတဲ့ သတင်းပါပဲ။ ဒါဟာ မှားယွင်းတဲ့ သတင်းတစ်ခုပါ။ ထိခိုက်နိုင်မှုကတော့ အရင်က Covid-19နဲ့တူတူပါပဲ။
ထိုအင်အားပျော့တယ်လို့ မှားယွင်းယူဆနေကြတဲ့ Covid-19 ဟာ ယခုဆိုရင် သေဆုံးသူဦးရေ ၁၅ ယောက်ထိဖြစ်နေပါပြီ။ ဒီထက်လည်းပိုပြီးများလာနိုင်ပါတယ်။ ရောဂါအခံရှိသူတွေလည်း သေဆုံးကြသလို ရောဂါအခံမရှိသူတွေလည်း သေဆုံးလာကြတာတွေ့ရပါတယ်။ အသက်အရွယ်ငယ်ရွယ်သူတွေမှာလည်း ဖြစ်ပွားနိုင်တဲ့အတွက် ဒီဗီဇပြောင်းပိုးဟာ အင်အားမပျော့မှန်းသိနိုင်ကြလောက်မှာပါ။
ယခုဆိုရင် မြန်မာနိုင်ငံမှာ ကူးစက်ခံရသူဦးရေ ၂၀၀၀ ကျော်တဲ့ထိရှိနေပြီး နေ့စဥ်ကူးစက်ခံရသူဦးရေ ၁၀၀ ကျော်ဖြစ်နေတဲ့ ဒီ Covid-19 ဟာ ဒီနှုန်းအတိုင်းသာဆက်ပြန့်ပွားနေရင် ၂ လအတွင်းမှာ ကူးစက်ခံရသူသောင်းဂဏန်းလောက်ထိဖြစ်သွားနိုင်ပါတယ်။ ရန်ကုန်နဲ့ ရခိုင်မှာ ဖြစ်ပွားသူဦးရေဟာ လွန်စွာများပြားနေပြီး တခြားတိုင်းတွေမှာပါ ဆင့်ပွား ဆင့်ပွားများပြားလာနေပါပြီ။ အိမ်တစ်အိမ်မှာလူတစ်ယောက်ကူးရင် တစ်အိမ်လုံးကူးစက်နိုင်တဲ့အတွက် အကယ်၍ ကိုယ့်မှာ Covid-19 ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ချောင်းဆိုးတာ၊ ဝမ်းသွားတာ၊အန်တာ၊အနံ့အရသာမရတာ၊ကိုယ်လက်ကိုက်ခဲတာ၊နုံးတာ၊စိတ်အခြေအနေမမှန်တာတွေ ခံစားလာရပြီဆိုရင် Covid-19 အတွက် ဖွင့်လှစ်ထားတဲ့ Fever clinic တွေကိုသွားရောက်ပြီးစမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သင့်ပါတယ်။ အဖျားရှိနေတာကို အဖျားကျဆေးသောက်ပြီး အပြင်ဆေးခန်းသွားပြတာမျိုးတွေမပြုလုပ်သင့်ပါဘူး။ မိမိ positive ဖြစ်နေခဲ့ရင် မိမိနဲ့ ထိတွေ့ဆက်ဆံသူတွေအားလုံးကူးစက်နိုင်တဲ့အတွက် ဖျားနေခဲ့ရင် Fever clinic ကိုပဲသွားပေးပါ။
ဒီ Covid-19 ရောဂါပိုးဟာ ကာကွယ်ဆေးရော ကုသဆေးရော ယခုထိမတွေ့သေးတဲ့အတွက် ကူးစက်မခံရစေဖို့ အရမ်းကိုသတိထားသင့်တဲ့ရောဂါပါ။ ဖြစ်လာခဲ့ပြီဆိုရင် နောက်ဆက်တွဲ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အဆုတ်၊ ဦးနှောက်နဲ့အာရုံကြော စတဲ့နေရာအနှံ့ကိုထိခိုက်ပျက်စီးစေတတ်တဲ့အပြင် သွေးကြောတွေမှာ သွေးခဲတာ၊ သွေးကြောပိတ်တာတွေနဲ့ သွေးလန့်တာတွေထိဖြစ်နိုင်ပြီး အသက်ပါသေဆုံးနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလိုနောက်ဆက် တွဲဆိုးကျိုးများစွာကိုဖြစ်နိုင်ပြီး ကူးစက် ပြန့်ပွားနှုန်းအဆမတန်များလာတဲ့၊ သေဆုံးနှုန်း များလာတဲ့ ဒီဗီဇပြောင်း Covid-19 ရောဂါပိုးကို အင်အားပျော့တယ်လို့ မှားယွင်းစွာမှတ်ယူမနေသင့်တော့ပါဘူး….။
ဒေါက်တာသက်လွှာ