ချစ်တင်းနှောပြီးတိုင်း အရေးပေါ်သန္ဓေတားဆေး မသုံးစွဲသင့်သည့် အကြောင်းများ
ယနေ့ခေတ်တွင် လူငယ်များအတွက် လိင်မှုရေးရာ ကိစ္စများသည် မှန်ကန်သော လိင်ပညာပေးများမရှိခြင်းနှင့်အတူ တနေ့တခြားများပြားလာလျက်ရှိသည် ။ ထို့အတွက် မှန်ကန်သော သန္ဓေတားနည်းများ ကွန်ဒုံကဲ့သို့ အကာအကွယ်များကို နည်းလမ်းမှန်ကန်စွာမသုံးဘဲ လွယ်လင့်တကူ အရေးပေါ် သန္ဓေ တားဆေးများကို ဝယ်ယူအသုံးပြုနေကြသည့် ပမာဏမှာ မနည်းမနောပင် ။
အရေးပေါ်သန္ဓေတားဆေးဆိုသည်မှာ နာမည်နှင့်လိုက်အောင်ပင် အရေးပေါ်အခြေအနေများအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည် ။ ကိုယ်ဝန်တားဆေး သုံးလခံထိုးပြီး တစ်ပတ်ကာလအတွင်း လိင်ဆက်ဆံမိ၍ ဖြစ်စေ ၊ မမျှော်လင့်ဘဲ အတူနေမိသွားသော အချိန်များတွင် ဖြစ်စေ ၊ အလိုမတူဘဲ မုဒိန်းကျင့်ခံရသော ကိစ္စများတွင်ဖြစ်စေ ကိုယ်ဝန်မရစေရန် အဓိက တားဆီးပေးသော ဆေးပဲ ဖြစ်ပါတယ် ။
မြန်မာနိုင်ငံတွင် အလွယ်တကူ ဝယ်ယူအသုံးပြုနေကြသော ဆေးများအနေနဲ့ Ecee2 နဲ့ pill 72 ဆိုပြီးရှိပါတယ် ။ ဆေးညွှန်းအတိုင်း သောက်ရမှာဖြစ်ပြီး လိင်ဆက်ဆံပြီးတဲ့ အချိန်မှာ သောက်ရတာပဲ ဖြစ်တယ် ။ လက်ရှိတွင် ထိုဆေးများ၏ ရောင်းအားမှာ ကြောက်ခမန်းလိလိ တိုးလာသလို အချို့မှာ တလ သုံး လေးကြိမ် ထက် မနည်း သုံးစွဲနေကြတာကိုလဲ တွေ့ရပါတယ် ။
ဒီလို မကြာခဏ အရေးပေါ်သန္ဓေတားဆေးကို ရေရှည် မကြာခဏ သုံးစွဲခြင်းဟာ သန္ဓေတားခြင်းကို နောက်ပိုင်းမှာ ထိရောက်စွာ ကာကွယ်နိုင်တော့မှာ မဟုတ်တော့ပါဘူး ။ ဒါကြောင့် နောက်ပိုင်းတွေမှာ ဆေးသောက်ရက်နဲ့ မမျှော်လင့်ဘဲ ကိုယ်ဝန်ရခြင်း ဖြစ်စဉ်တွေဟာ မကြာခဏ အတွေ့များလာတာပဲ ဖြစ်ပါတယ် ။ ဒီအတွက် မလိုလားအပ်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းဖြစ်စဉ်နဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ ခံစားလာရမှာပါ ။
နောက်ထပ် ဘေးထွက် ဆိုးကျိုးအနေနဲ့က ရာသီစက်ဝန်း မမှန်တော့တာပါ ။ ပုံမှန်ဆင်းနေကျထက်ပိုပြီး အများကြီး ဆင်းတာ ၊ ရာသီ တစ်ခုနဲ့တစ်ခုကြား မူမမှန်ဘဲ သွေးဆင်းတာတွေ ဖြစ်လာနိုင်ပါတယ် ။ တခြား ဘေးထွက် ဆိုးကျိုးတွေထဲမှာဆို ပျို့အန်ချင်တာ ၊ မူးဝေတာ ၊ ပင်ပန်းနုံးချိတာ ၊ ခေါင်းကိုက်တာ ၊ ရင်သားတွေတင်းနေတာ ၊ ဗိုက်အောင့်တာ တွေဖြစ်လာနိုင်ပါတယ် ။
အရေးပေါ် သန္ဓေတားဆေးဟာ ရေရှည်စွဲမသုံးသင့်ထဲ ဆေးထဲပါပါတယ် ။ လက်မထပ်မီ စုံတွဲများအနေနဲ့ ကိုယ်ဝန်ရှိလာတာ ပြသနာများဖြစ်လာတာတွေ ဖြစ်လာနိုင်ပါတယ် ။ ဒါ့အပြင် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုလဲ ကာကွယ်နိုင်ခြင်းမရှိတဲ့အတွက် အတတ်နိုင်ဆုံး ကွန်ဒုံသုံးချင်းဟာ စိတ်အချရဆုံးနည်းလမ်းပါပဲ ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ