အားဆေးဘာကြောင့် သောက်သင့်တာလဲ
လူနာတိုင်းက “ဆရာ..ဘာအားဆေးသောက်ရမလဲ” ညွှန်ခိုင်းတတ်ကြပေမဲ့ “အားဆေးဘာကြောင့် သောက်သင့်တာလဲ”ဆိုတဲ့ မေးခွန်းကိုတော့ မေးသူမရှိသလောက်ပါပဲ။
လူတိုင်းက အားဆေးသောက်ရင် စားကောင်း အိပ်ပျော် ပိုကျန်းမာစေမယ်လို့ ယုံကြည်လက်ခံထားကြပြီးသားမို့ ဖြစ်ပါတယ်။များသောအားဖြင့်တော့ အားဆေးဆိုတာ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူသောက်သုံးနိုင်တဲ့ ဆေးဝါးတွေဖြစ်ပေမဲ့ ကိုယ့်ရဲ့လိုအပ်ချက်နဲ့ ဘာအတွက် သောက်တယ်ဆိုတာကို သိထားရင်တော့ ပိုအကျိုးရှိစေပါလိမ့်မယ်။
✔အားဆေးတွေရဲ့ အဓိကရည်ရွယ်ချက် နှစ်ခုကတော့
ဗီတာမင်၊သတ္ထုဓာတ်နဲ့ အဟာရဓာတ်ချို့တဲ့မှုတွေကို
– ကုသဖို့ နဲ့
– ကာကွယ်ဖို့ အတွက် ဖြည့်စွက်ပေးဖို့ပဲဖြစ်ပါတယ်။
✔အားဆေးဘာလို့သောက်သင့်တာလဲဆိုရင်တော့
လူတိုင်းဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကနေ လုံလောက်မျှတတဲ့ အဟာရဓာတ် မရရှိနိုင်လို့ပါပဲ။နေ့စဉ် ဖြစ်သလို အဆင်ပြေရာ စားသောက်နေကြသူတွေ၊ နာတာရှည် ရောဂါသည်တွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတစ်ခုခုရှိသူတွေမှာ တဖြည်းဖြည်းနဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ချို့တဲ့လာတတ်ပါတယ်။
ဘာဓာတ်ချို့တဲ့လဲဆိုတာပေါ်မူတည်ပြီး ရောဂါလက္ခဏာမျိုးစုံ ပြလာတတ်ပါတယ်။
အတွေ့များတာတွေကို ဥပမာအားဖြင့် အကြမ်းဖျဉ်းပြောရရင်
-ဗိုက်တာမင် အေ ချို့တဲ့ရင် အရေပြားပြဿနာတွေ ပေါ်လာမယ်
-ဗိုက်တာမင် ဘီ အုပ်စုတွေ ချို့တဲ့လာရင် အာရုံကြောအားနည်းတဲ့ လက္ခဏာတွေ ပေါ်လာမယ်
-ဗိုက်တာမင် စီ ချို့တဲ့ရင် သွားဖုံးပြဿနာတွေ ဖြစ်လာမယ်
-ဗိုက်တာမင် ဒီ နဲ့ ကလ်ဆီယမ်ဓာတ် ချို့တဲ့ရင် အရိုးနဲ့ဆိုင်တဲ့ ပြဿနာတွေ ပေါ်လာမယ်။
-သံဓာတ်ချို့တဲ့ရင် သွေးအားနည်းတဲ့ လက္ခဏာတွေ ပြလာမယ်။ စသည်ဖြင့်ပေါ့။
အားဆေးရွေးချယ်မှုအပိုင်းမှာတော့ မိမိခံစားရတဲ့ ဝေဒနာအပေါ်မူတည်ပြီး ပိုမိုထိရောက်နိုင်တဲ့ အားဆေးကို ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး သောက်ရင်တော့ ပိုထိရောက်စေပါလိမ့်မယ်။ကြိုကာကွယ်ဖို့အတွက်နဲ့ နေကောင်း ကျန်းမာ စားဝင် အိပ်ပျော်ချင်တယ် ဆိုသူတွေအတွက်ကတော့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ် စုံစုံလင်လင်ပါဝင်တဲ့ ဘယ်အားဆေးမဆို ရွေးချယ်သောက်သုံးလို့ရပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ..
Dr ဖြိုးဝေလင်း
(27.8.19)