၁။သွားပေါက်စလေးတွေသိဖို့ ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ၆လမှ၁၂လအရွယ်အတွင်းဖွံ့ဖြိုးလာပါတယ်။
သုံးလအရွယ်လောက်မှာ သွားရည်တွေကျလာတတ်ပြီးလက်တွေကို ပါးစပ်ထဲထည့်တတ်ကြပါတယ်။ ဘယ်အရွယ်မှာသွားတိုက်သင့်လဲလို့မိဘတွေကမေးလေ့ရှိပါတယ်။ အသက်၆လကျော်လာမှသွားတိုက်ခြင်းကို စတင်သင့်ပါတယ်။ သွားစပေါက်ကာစမှာ သွားပွတ်တံသုံးဖို့မလိုသေးဘဲ ဝါဂွမ်းတံလေးတွေသုံးပြီး ရေစွပ်ကာသန့်စင်ပေးရပါမယ်။ သွားစပေါက်ချိန်မှာ အရှေ့ဘက်ကအောက်သွားလေးတွေစ ပေါက်တတ် ပါတယ်။သွားလေးတွေပေါ်လာပြီဆိုရင်တော့ဖလိုရိုက်အနည်းငယ်သာပါတဲ့ ကလေးသွားတိုက်ဆေးကို တိုက်ပေးသင့်ပါတယ်။ သွားတိုက်ဆေးကို ကလေးက ပြန်မထွေးတတ်သေးတာကြောင့် ဆန်စေ့ပမာဏ လောက် သာထည့်သင့်ပါတယ်။ များသောအားဖြင့် သွားတိုက်ခြင်းက ကလေးတွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သွားပေါက်ကာစအရွယ်မှာ အနည်းငယ်ကိုယ်ပူတာမျိုးရှိတတ်ပါတယ်။
ကလေးငယ်မနက်ပိုင်းအစာစားပြီးချိန်နဲ့ညပိုင်းနောက်ဆုံးအစားစားပြီးချိန်မှာ သွားတိုက်ပေး နိုင်ပါ တယ်။ ကလေးငယ်တွေအနေနဲ့ အမေနို့စို့တာ နို့ဗူးစို့တာတွေကြောင့်သွားပိုးစားတတ်ကြပါတယ်။
ကလေးငယ်အနေနဲ့အနည်းငယ်နားလည်လာတဲ့အရွယ်ရောက်တာနဲ့သွားနဲ့ပတ်သက်လို့ ထိန်းသိမ်းရမယ့်အကြောင်းတွေကို သင်ပြပေးသင့်ပါတယ်။ ကလေးအသက်၄နှစ်အရွယ်ခန့်ထိပဲ သွားတိုက်ဖို့ကူညီပေးသင့်ပါတယ်။ အသက် ၅နှစ်ကျော်တဲ့အခါမှာတော့ မိမိကိုယ်ကိုယ်အား ကိုးတတ်တဲ့အသိနဲ့သွားတိုက်ဆေးကိုယ်တိုင်ထည့်ပြီးတိုက်တတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။
ကလေးငယ်ကိုပြနေကျဆရာဝန်ရှိမယ်ဆိုရင်လည်းသွားကျန်းမာရေးနဲ့ပတ်သက်လို့ စောစောစီးစီး တိုင်ပင်ထားသင့်ပါတယ်။ ပထမနှစ်အတွင်းမှာပဲသွားလေးတွေ အဆင့်လိုက်ထွက်လာပြီး သုံးနှစ်တာ အတွင်းထပ်မံထွက်ရှိလာမှာဖြစ်ပါတယ်။အသက်(၁၁)လအရွယ်မှာသွားလေးချောင်းထိပေါက်တတ်သလို အနည်းငယ်နောက်ကျတာမျိုးလည်းရှိတတ်ပါတယ်။အသက်၆နှစ်မှ၁၂နှစ်အတွင်းမှာတော့လူကြီးသွား၃၂ချောင်းကထပ်မံအစားထိုးလာပြန်ပါတယ်။ ငယ်သွားတွေကို စောစောနုတ်ကြတဲ့အခါ ကြီးသွားပေါက်ချိန်မှာ အဆင်မပြေဖြစ်တတ်ကြပါတယ်။ ကလေးတွေသွားကိုက် သွားနာဖြစ်တဲ့အခါ လိမ်းဆေး သောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် ပေးခြင်းကိုရှောင်ကြဉ်ရပါမယ်။
တခါတရံမှာ သွားဖုံးပတ်လည်မှာယောင်လာတာမျိုးနဲ့ မအီမသာဖြစ်ခြင်းကိုခံစားရတတ်ပါတယ်။ အဲ့ဒီအခါမျိုးမှာတော့ မိဘများကကလေးငယ်ရဲ့သွားဖုံးကိုလက်ချောင်းများနဲ့ ခပ်ဖွဖွနှိပ်နယ်ပေးခြင်း၊ သန့်ရှင်းတဲ့အဝတ်၊ အေးမြတဲ့အဝတ်များနဲ့သွားကိုက်ဝေဒနာကိုသက်သာအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ မနက်၊ညသွားတိုက်တဲ့အကျင့်အပြင် အစာစားပြီးတိုင်း ပလုပ်ကျင်းတဲ့အကျင့်လေးကိုလည်း လုပ်ပေးသင့်ပါတယ်။ အချိုတွေအရမ်းစားတဲ့အကျင့်ကိုလည်း ရှောင်ကြဉ်ပေးသင့်ပါတယ်။ငယ်ရွယ်စဉ်အခါကတည်း ကဂရုစိုက်မှသာ အသက်ကြီးလာတဲ့အခါ သွားကိုက်၊သွားနာ ဝေဒနာတွေ သွားအရောင်ဝါတာ၊ မညီတာစတဲ့ သွားနဲ့ပတ်သက်တဲ့ပြသနာတွေကနေ ရှောင်ကြဉ်နိုင်မှာပဲဖြစ်ပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)