အဖျားတက်ခြင်း
အဖျားတက်ခြင်းဆိုသည်မှာ တကယ်တမ်း ရောဂါတစ်ခုမဟုတ်ပဲ ရောဂါတစ်ခုခု အများအားဖြင့် ကူးစက်ရောဂါကဲ့သို့ ရောဂါပိုးမွှားတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ခန္ဓာကိုယ် အပူချိန်မြင့်တက်လာသည့် လက္ခဏာရပ်တစ်ခုဖြစ်ပါသည် ။
အဖျားတက်သည့်အချိန်များတွင် ကိုယ်လက်မအီမသာဖြစ်လေ့ရှိပြီး အဖျားကျလာသည့်အလျောက် နေရထိုင်ရသက်သာလာလေ့ရှိပါသည် ။ သို့သော် အသက်အရွယ် ကြံ့ခိုင်မှုျနှင့် တခြား အဖျားဖြစ်စေသည့် အကြောင်းအရာများ အပေါ်မူတည်ပြီး အဖျားတစ်ခုတည်းကို ကုဖို့လိုမလို ကွဲပြားပါသည် ။ တကယ်တော့ အပူရှိန်မြင့်မားသည်အဖျားတက်ခြင်း ဆိုသည်မှာလဲ ခန္ဓာကိုယ်၏ မွေးရာပါ ကာကွယ်ရေးစနစ်တစ်ခုပဲဖြစ်ပါသည် ။ ထို့ကြောင့် ဖျားလျှင် သက်တောင့်သက်သာလေးဖြစ်နေစေရန် ပြုစုစောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ် ။
ဘာတွေက အဖျားကိုဖြစ်ပေါ်စေသလဲ ?
အဖျားတက်ခြင်း ဆိုသည်မှာ ခန္ဓာကိုယ်တွင်းသို့ ပိုးဝင်ရောက်ခံရတဲ့အခါ တုံ့ပြန်ဖို့ရာ ခန္ဓာကိုယ်မှ မြင့်မားတဲ့အပူချိန်ကိုဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ် ။ အဖျားတစ်ခုတည်း ဖြစ်တဲ့ သာမာန်အဖျားဟာ ဦးနှောက်ကို မထိခိုက်စေနိုင်ပါ ။ ကလေးငယ်များတွင် အဖျားတက်ပါက အပူချိန် ၁၀၃ ဒီဂရီဖာရင်ဟိုက်မှ ၁၀၅ ဒီဂရီဖာရင်ဟိုက်ထိ တက်နိုင်ပါတယ် ။
အများအားဖြင့် အဖျားဖြစ်လေ့ဖြစ်ထရှိသော ကူးစက်ရောဂါများမှာ တုပ်ကွေးနဲ့ အူယောင်ငန်းဖျားရောဂါတို့ဖြစ်ပါတယ် ။
တခြားရောဂါတွေ အနေနဲ့
* အဆုတ် ၊ အရေပြား ၊ နား ၊ လည်ချောင်း ၊ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ
* ရောင်ယမ်းမှုကိုဖြစ်စေသော အခြေအနေများ
* ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးများ
* ကင်ဆာရောဂါများ
* ကာကွယ်ဆေးများကြောင့်ဖြစ်လေ့ရှိပါတယ်
အများအားဖြင့် ကလေးတွေမှာ အဖျားရှိမည် ဆိုလျှင် နှုံးခွေခြင်း အစားမစားချင်ခြင်း ချောင်းဆိုးလည်ချောင်းနာခြင်း အော့အန်ခြင်း ဝမ်းလျှောခြင်း အစရှိသည့် လက္ခဏာတွေ တွဲပြီးတွေ့ရလေ့ရှိပါသည် ။
အအေးမိခြင်း ၊ အစာအိမ် ဗိုင်းရပ်စ်ပိုးကြောင့် အဖျားတက်တတ်သလို ပြင်းထန်ဆိုးဝါးတဲ့ရောဂါများတွင်လဲ အဖျားအနည်းငယ်သာ တက်ခြင်းမျိုး ရှိတတ်ပါတယ် ။ ဥပမာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားမျိုးတွင် ပဋိဇီဝဆေးများပေးချင်းဖြင့် အဖျားသက်သာ ပျောက်ကင်းသွားမည် မဟုတ်ပါ ။
ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော အဖျားမျိုးကိုဖြစ်ပေါ်လာသည့် ဝေဒနာပေါ်မူတည်ပြီး ဝေဒနာသက်သာစေမည့် အဖျားကျဆေးများ ၊ အကိုက်အခဲပျောက်ဆေးများ ၊ ပေးရတတ်ပါတယ် ။
အချို့အဖျားတက်ခြင်းမျိုးတွင် ခေါင်းတအားထိုးကိုက်စေပြီးဘကြွက်သားများ ညောင်းညာကိုက်ခဲခြင်း ၊ ခံတွင်းပျက်ခြင်း ၊ အစားအသောက်ပျက်ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ် ။
အကယ်၍ ကလေးငယ်များတွင် အပူချိန် ၁၀၄ ဖာရင်ဟိုက်နဲ့အထက်ရှိမည် ဆိုလျှင် အသက်အန္တရာယ်စိုးရိမ်ရပြီး ချက်ခြင်းနီးစပ်ရာ ဆေးရုံ ဆေးခန်း သို့မဟုတ် အရေးပေါ်ဌာနတစ်ခုဆီ အလျင်အမြန် ပြသသင့်ပါသည်
အပူချိန် အလွန်းအမင်းမြင့်တက်ခြင်းက ကလေးတွေကို တက်စေ တတ်ပါတယ် ။
ကလေးများတွင် အဖျားနဲ့အတူ
* အလွန်အမင်း နေမကောင်းပုံပေါ်နေခြင်း
* အစားမစားခြင်း မှိန်းပြီး ကဂျီကဂျောင် ကျနေခြင်း
* ကိုယ်ခံအားနည်းနေပြီး တခြားရောဂါအခံရှိနေခြင်း
* တက်ခြင်း
* အင်ပြင်ကဲ့သို့ အနီကွက်များပေါ်လာခြင်း ခေါင်းကိုက် နားကိုက်ခြင်း လည်ပင်းတောင့်တင်းလာခြင်း
အစရှိသည့် လက္ခဏာ များ ဖြစ်ပေါ်လာလျင် ဆရာဝန် (သို့မဟုတ်) အရေးပေါ်ဌာနတစ်ခုခုကို အမြန်ဆုံးသွားရောက်ပြသပါ ။
Dr. ရှိန်းသူဟန်