မိုးရာသီ နှင့် ဆောင်းရာသီလို အပူအအေး မမျှတတဲ့ ရာသီအကူးအပြောင်း ကာလမှာ အဖြစ်များတတ်တဲ့ နှာစေး၊ နှာပိတ်၊ ခေါင်းကိုက်ပြီး အသက်ရှူ မဝတဲ့ အခြေအနေ တစ်ခုမှာ ဆရာ တို့ကိုလာပြတဲ့ လူနာ ဆယ်ယောက်မှာ ရှစ်ယောက်လောက်က ဖြစ်နေတာကို တွေ့မြင်နေရပါတယ်။
အဲ့ဒီ့လို ရောဂါဝေဒနာ ခံစားနေရတဲ့ လူနာတွေမှာလဲ အမြဲလိုလို ကြားရလေ့ရှိတာက နှာတွေပိတ် လွန်းလို့ အသက်တောင်ရှူလို့ မဝဘူး ဆရာရယ် အိပ်ရေးတွေပျက်ပါများလို့ ခေါင်းတွေလည်းကိုက် ရှူဆေးတွေ ရှူရလွန်းလို့ နှာခေါင်းတွေတောင် နာနေပါပြီတဲ့… ဒါ့ကြောင့် ရှူဆေးနဲ့ပက်သက်တဲ့ သတိထားစရာ လိုက်နာ ဆောင်ရွက်စရာလေး တွေကို အားလုံးလည်း ဗဟုသုတ ရသွားအောင် ဒီနေရာ ကနေပဲ မျှဝေလိုက်ပါတယ်။
ထိပ်ကအလုံး ဖူးဖူးလေးနဲ့ နားခေါင်းရဲ့အနားကို တေ့ပြီး ရှူရတဲ့ ပလက်စတစ် အဖြူချောင်းလေးတွေကို Nasal Inhaler လို့ ခေါ်တဲ့ ကိုယ်တွေ အခေါ် နှာဗူး (နှာခေါင်း အနားမှာ တေ့ပြီးရှူရတဲ့ ဗူးမို့လို့) “ရှူဆေး “ပေါ့
ဒီ Inhaler တွေကို နိုင်ငံခြား အထူးသဖြင့် ထိုင်းဘက်က တင်သွင်းပြီး ဆေးဆိုင်တွေကနေ စလို့ လမ်းထိပ်က မုန့်ဆိုင်အထိ အလွယ်တကူ ရနိုင်ပါတယ်။ ပြည်တွင်းဖြစ် ရှူဆေး တွေလည်း နာမည်အစုံ နဲ့ ရောင်းချနေတာ ရှိပါတယ်။
ဒီဘူးအဖြူ အသေးလေး ရဲ့အထဲမှာတော့ ပိုးသတ်ထားတဲ့ ဝါဂွမ်း အလိပ်လေးကို (Minty Vapor, Camphor (ပရုတ်), Menthol (ဒါမှမဟုတ်) Eucalyprus Oils (ယူကလစ် အဆီ) တစ်ခုခုဖြင့် သုတ်လိမ်း ထားတတ်ပါတယ်။
တစ်ချို့ဘူးတွေ မှာတော့ အရည်ခမ်းသွားရင် Refill ပြန်လုပ်လို့ရတဲ့ အဆီဗူးလေးတွေ အောက်မှာ တစ်ခါတည်း ပါတတ်ပါတယ်။
🤧 ရှူဆေးကို များသောအားဖြင့် နှာစေး၊ နှာပိတ် နေတဲ့အချိန် နှာချေနေတဲ့အချိန် နဲ့ နှာရည်တွေယိုတဲ့ အချိန်တွေမှာ အသုံးပြုနိုင်ပြီး
🚫 တစ်နေ့ကို သုံးကြိမ် အထက် အသုံးပြုခြင်း
🚫 တစ်ပတ်မှ နှစ်ပတ်အထက် ပိုကြာအောင် အသုံးပြုခြင်း တို့ကို ရှောင်ကြဉ် ရပါမယ်
🚫 Menthol Camphorပါတဲ့အတွက် G6PD ရောဂါရှိတဲ့လူတွေ လုံးဝ မသုံးသင့်ပါဘူး
နှာစေး၊ နှာပိတ် ဝေဒနာ ခဏ သက်သာ သွားစေတယ်လို့ ထင်ရပေမယ့် တကယ်တော့ Irritants တွေပါဝင်လို့ ရေရှည်မှာ နှာခေါင်း အတွင်းသား တွေကိုယောင်ယမ်းစေနိုင်ပါတယ်။
📌 အမြဲတမ်း အသုံးပြုနေရင် ဘာတွေ ဖြစ်လာနိုင်လဲဆိုတော့
👉 Menthol နှင့် ပရုတ် ပမာဏ ပါဝင်တာကို လိုအပ်တာထက် ပိုရှူမိတဲ့အတွက် စိတ်လှုပ်ရှားတာနဲ့ တက်တာတွေ ကိုလည်း menthol နဲ့ ပရုတ်အဆိပ်သင့်မှုရဲ့ လက္ခဏာအဖြစ် ဖော်ပြထားပါတယ်”
👉 (မူးနေတာမျိုး မဟုတ်ပဲ) ခေါင်းထဲမှာ လည်နေသလို ဖြစ်နေခြင်း
👉 မူးဝေခြင်း, စိတ် ဂဏာမငြိမ်ဖြစ်ခြင်း (မျက်လုံးများ ပုံမှန်မဟုတ်ပဲ ဟိုဟိုဒီဒီ ကြည့်မိနေခြင်း)
👉 ပါးစပ်နဲ့ လည်ချောင်းတွေမှာ ယားယံတာ၊ ပျို့တာ၊ အန်တာနဲ့ ဝမ်းဗိုက်နာတာတွေ ဖြစ်စေနိုင်ပါတယ်။
👉 ထင်ယောင်ထင်မှားဖြစ်ခြင်း , ထုံထိုင်းလာခြင်း နှင့် အဆိုးဆုံး အခြေအနေမှာ ကိုမာ ဖြစ်တဲ့ အထိရှိတတ်ပါတယ်။
ဒါ့ကြောင့် ကိုယ်တိုင်က နှာရည်တွေ တအားယိုလာတာ၊ နှာခေါင်းတွေ မခံမရပ်နိုင်အောင် ယားယံလာတာ၊ နှာတွေ အရမ်းပိတ်ပြီး အနံ့ဆိုးတွေပါ ထွက်လာပြီဆိုရင်တော့ ရှူဆေးကို ချက်ခြင်းမသုံးပဲ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန် တွေဆီမှာ အရင်ဆုံး တိုင်ပင်ဆွေးနွေးပါလို့ အကြံပြုလိုပါတယ်။
နောင်များမှာလည်း ရှူဆေး နှင့် မှိုအန္တာရယ် အကြောင်းကို အလျဉ်းသင့်သလို မျှဝေပေးသွားပါမယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး၊ myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #နှာစေး #နှာခေါင်းပိတ် #အသက်ရှူမဝ #ရှူဆေး