ယခုှနှစ်ပိုင်းများအတွင်း ပျိုပျို အိုအို ကိုကို မမ တို့အကြား ရေပန်းစားနေသော အလှတရား တစ်ခုကတော့ V- Shaped Face ပဲ ဖြစ်ပါတယ်။ ကြီးကြီးငယ်ငယ်ကျားမ မရွေးမျက်နှာကို သွယ်လျချင်လာကြပါတယ်။ အလှအပဆိုင်ရာ ဆေးခန်းတွေ၊ Beauty Salon တွေ၊ အလှကုန်ပစ္စည်း Corpany တွေကလည်း သည်ကုသမှုကတော့ V- Shaped face ဖြစ်စေတယ်။ သည်ဆေးလေး သည်မေးသိုင်းကြိုးလေးတွေကတော့ မျက်နှာကိုသွယ်စေတယ် စသည်ဖြင့် အမျိုးမျိုးအဖုံဖုံ ကြေငြာလာကြပါတယ်။

သည်ဆောင်းပါးမှာတော့ အလှအပဆိုင်ရာ ဆေးခန်းတွေမှာ ကုသပေးတဲ့နည်းလမ်း တွေက ဘာတွေရှိတယ်၊ ဘယ်လိုကုသမှုတွေက မိမိနှင့် သင့်တော်မယ်ဆိုတာ ချိန်ဆနိုင်စေ ဖို့ ရှင်းပြပေးပါမယ်။ ကုသမှုတွေအကြောင်းမပြောခင်မှာ ဘာအကြောင်းတွေကြောင့် V- Shaped faced မဖြစ်ရတာလဲ ဆိုတာ အရင်ရှင်းပြပါမယ်။

  • (၁)မျက်နှာမေးရိုကြွက်သားများထူခြင်း
  • (၂) မျက်နှာတွင် အဆီပိုများခြင်း
  • (၃) အသက်အရွယ်ရလာ၍ အရေပြားတွဲကျခြင်း
  • (၄) မျက်နှာမေးရိုးကြီးခြင်း
  • (၅) မေးစေ့တိုခြင်း စသည်တို့ဖြစ်ကြပါတယ်။

သည်လိုအပ်ချက်တွေရှိနေရင် ဘယ်လိုကုသလို့ရသလဲ ဆိုတာကို တစ်ချက်ချင်း ရှင်းပြပေးပါမယ်။

(၁) မျက်နှာမေးရိုးကြွက်သားများထူခြင်း
အချိုု့လူတွေမှာ မျက်နှာမေးရိုးမကားဘဲ မေးရိုးကြွက်သားတွေထူနေတာကြောင့် မျက်နှာကားပြီး လေးထောင့်ကျနေတတ်ပါတယ်။ အထူးသဖြင့် ပီကေ၊ ကွမ်း စသည့်များကို အမြဲဝါးနေသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ သည်လိုအခြေအနေမျိုးမှာ မေးရိုးကြွက်သားကို Botox Injection ( ဘိုတောက်ထိုးဆေး) ထိုးပေးခြင်းဖြင့် ကုသပေးနိုင်ပါတယ်။ ထိုးရမယ့် ဆေးပမာဏကိုတော့ ဆရာဝန်က ကြွက်သားအနေအထားပေါ် မူတည်ပြီး သတ်မှတ်ပေး ပါတယ်။ ကြွက်သား အရမ်းထူတဲ့ သူတွေကို ဆေးပမာဏ ပိုများများထိုးပေးရလေ့ရှိပါတယ်။ ထိုးပြီး ၂ ပတ်ကနေ ၈ ပတ်အတွင်းမှာ ဆေးအာနိသင် စပြလာတဲ့အတွက်ကြောင့် မေးရိုး ကြွက်သားပျော့လာတာ၊ မျက်နှာသွယ်လာတာ တို့ကို မြင်တွေ့နိုင်ပါတယ်။

ကုသမှုမခံယူခင် သက်ဆိုင်ရာဆရာဝန်နှင့် သေချာစွာကိုင်တွယ်တိုင်ပင်ဆွေးနွေး ရပါမယ်။ Botox injection က အချို့သော အာရုံကြောနှင့် ကြွက်သား ဆိုင်ရာရောဂါရှိသူများ နှင့် အဆင်မပြေပါဘူး။ ဒါကြောင့် မိမိရဲ့ ကျန်းမာရေးအခြေအနေ၊ ဖြစ်ဖူးသောရောဂါများ နှင့် မတည့်သောဆေးဝါးများ အစရှိသည့်တို့ကိုပြောပြရပါမယ်။

ဆေးထိုးပြီးတဲ့အချိန်မှာ အနည်းငယ်ယောင်တာ ရဲတာက ကလွဲပြီး အခြားဆိုးကျိုးများ တွေ့ရနည်းတတ်ပါတယ်။ ဆေးအာနိသင်ပြလာတဲ့အချိန်မှာ အစာများများဝါးလျှင် ပါး ကြွက်သားများညောင်းလာတာ၊ အစာဝါးရတာ အဆင်မပြေတာမျိုး ကြုံရတတ်ပါတယ်။ သည်လက္ခဏာတွေဟာ ရက်ပိုင်းအတွင်း သက်သာတာဖြစ်လို့ စိတ်ပူစရာမလိုပါ။

ဆေးအာနိသင်က ခြောက်လမှ ရှစ်လအထိခံတာဖြစ်လို့ အာနိသင်ပြယ် လာတဲ့ အချိန်မှာ ဆေးထပ်မံထိုးဖို့လိုအပ်ပါတယ်။

(၂) မျက်နှာတွင် အဆီပိုများစုခြင်း
တခါတရံ မေးရိုးကြွက်သားထူတာမျိုးမဟုတ်ဘဲ မျက်နှာတွင် အဆီပိုများနေရင်လည်း ပါးဖောင်းပြီး မျက်နှာကြီးသလို ဖြစ်နေတတ်ပါတယ်။ သည်လို အဆီတွေများနေရင်လည်း မေးရိုးတလျှောက် အဆီချဆေးထိုးပေး၊ Cryolipolysis (အအေးလှိုင်းဖြင့် အဆီချခြင်း) တို့ဖြင့် ကုသလို့ရပါတယ်။ အဆီချတဲ့ ကုသမှုတွေ သည်များသော အားဖြင့် တကြိမ်တည်းနဲ့ မသိသာတတ်လို့ ခြောက်ကြိမ်မှ ဆယ်ကြိမ်ထိ ကုသမှုခံယူရတတ်ပါတယ်။

(၃) အသက်အရွယ်ရလာ၍ အရေပြားတွဲကျခြင်း
အသက်အရွယ်ရလာသည်နှင့်အမျှ ရေဓါတ်၊ အဆီဓါတ်လျော့နည်းလာမှုတို့ကြောင့် မျက်နှာအရေပြားလျော့တွဲပြီး မေးရိုးမပေါ်တာ၊ မျက်နှာလေးထောင့်ကျလာတာမျိုးကို ကြုံရတတ် ပါတယ်။ သည်လို အနေအထားမျိုးမှာ တွဲကျနေသော အရေပြားကို ပြန်လည် တင်းရင်းစေသော ကုသမှုတွေ ပြုလုပ်ရပါတယ်။ အာနိသင်သိသာပြီး အသုံးများတဲ့ ကုသမှု တွေကတော့
– Thread lifting (ခွဲခန်းသုံးကြိုးများကို အရေပြားအောက်သို့သွင်း၍ အရေးပြားတင်းရင်းအောင် ကုသပေးခြင်းး)
– HIFU ( High Intensity Focused Ulterasound) တို့ ဖြစ်ကြပါတယ်။

(၄) မျက်နှာမေးရိုးကားခြင်း

မျက်နှာမေးရိုးကားသူတွေ မေးရိုးပုံမကျသူတွေအနေနဲ့ မျက်နှာသွယ်ချင်ရင်တော့ မေးရိုးခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်မှသာ အဆင်ပြေနိုင်ပါမယ်။

(၅) မေးစေ့တိုခြင်း
တခါတလေမှာ မေးရိုးသွယ်ပေမယ့် မေးစေ့တို နေတတ်သူတွေမှာ မျက်နှာဝိုင်းသလို မသွယ်သလို ဖြစ်နေတတ်ပါတယ်။ ဘေးတိုက်ကြည့်တဲ့အခါမှ ပိုပြီး သိသာတတ်ပါတယ်။ တိုနေဝိုင်းနေတဲ့ မေးစေ့ကို ချွန်ချွန် ရှည်ရှည်လေး ဖြစ်ချင်ရင်တော့ မေးစေ့အပေါ်ယံ အရေပြား ထဲကို Filler (ဖြည့်ဆေး) သွင်းပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ Filler ထိုးပြီးပြီးချင်း အာနိသင်ပြတာဖြစ်လို့ သိသာတဲ့ ပြောင်းလဲမှုကို မိနစ်အတွင်း တွေ့နိုင်မှာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ ကုသမှုတွေအနက် မေးရိုခွဲစိတ်ခြင်းကလွဲပြီး အခြား Botox, Filler, Thread စတဲ့ ကုသမှုတွေဟာ အပေါ်ယံအရေပြားနှင့် ကြွက်သားများအထိသာ ထိရောက်မှုရှိတာဖြစ်လို့ ကျွမ်းကျင်တဲ့ ဆရာဝန်နှင့် သာကုသမယ်ဆိုရင် ဘေးထွက်ဆိုးကျိုး အင်မတန်နည်းပါတယ်။ မိမိလိုချင်တဲ့အနေအထားကို တစ်ကြိမ်ကုသရုံနဲ့ မရတတ်တာများ တဲ့အတွက် စိတ်ရှည်ဖို့လိုပါတယ်။ ခြောက်လ ကနေ တစ်နှစ်အတွင်းသာ အာနိသင်ထိရောက် မှု ရှိလို့ ထပ်ခါတလဲလဲ ကုသမှု ယူရတတ်ပါတယ်။

အရေးကြီးဆုံး အချက်ကတော့ ကုသမှု မပြုလုပ်ခင်မှာ သက်ဆိုင်ရာ ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ဒေါက်တာမြတ်ဆု

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…

Leave a Reply

Your email address will not be published. Required fields are marked *