အင်ပြင်ထခြင်း
အင်ပြင်ထတာကို လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ နေ့တိုင်းနီးပါး၊ တစ်ခါတစ်ရံ၊ မေ့လောက်မှတစ်ခေါက်၊နှစ်ခေါက်၊ကလေးလူကြီး၊ နွေ၊ မိုး၊ ဆောင်း၊ မနက်၊ ည စသဖြင့် အချိန်မရွေး၊ နေရာမရွေး၊ အသက်အရွယ်မရွေး အင်ပြင်ထနိုင်ပါတယ်။ အင်ပြင်ထတယ်ဆိုတာ များသောအားဖြင့်တော့ ခဏပဲဖြစ်ပြီး ပျောက်သွားတတ်ပါတယ်။ ထို့အတူ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက်တာမရှိပဲ ယားယံတာလောက်နဲ့တင် ပျောက်သွားတတ်ပါတယ်။ သို့သော် ကြုံတောင့်ကြုံခဲအနေနဲ့ ခဏခဏ အင်ပြင်ထတာ၊ အကြာကြီး နေမှပျောက်တာ၊ နည်းနည်းပါးပါး ယားယံတော့တာတင်မဟုတ်ပဲ အသက်ရှူကြပ်လာတာ၊ သွေးပေါင်ကျတာတွေအထိဖြစ်လာနိုင်တာတွေလည်းရှိပါတယ်။
ယေဘူယျအားဖြင့် အင်ပြင်ထစေတဲ့ အကြောင်းအရာကတော့ ကိုယ်ခန္ဓာထဲကနေ histamine ဆိုတဲ့ဓာတုဗေဒပစ္စည်းတစ်မျိုး ထွက်လာရင်အင်ပြင်ထစေပါတယ်။
📌ဓာတ်မတည့်တဲ့အရာတွေ၊
📌အစားအသောက်တွေ၊
📌ဖုန်မှုန့်တွေ၊ ဆေးဝါးတွေ စားမိတာ၊ ရှူမိတာ၊ သောက်မိတာ၊ သုံးစွဲမိတာတွေ၊
📌မိမိနဲ့မတည့်တဲ့ဓာတုဗေဒပစ္စည်းတွေနဲ့ ထိတွေ့မိတာ၊ သုံးစွဲမိတာတွေကြောင့် histamine ထွက်လာတဲ့အခါအင်ပြင်ထတာဖြစ်ပါတယ်။ဒါ့အပြင် ပျားတုပ်တာ၊ အကောင်တွေ၊ ပိုးမွှားတွေရဲ့ အဆိပ်တွေနဲ့ ဓာတ်မတည့်ရင်လည်း histamine ထွက်နိုင်ပါတယ်။
histamine က အရေပြားကိုယားယံစေပြီး သွေးကြောတွေကို ကျယ်စေပါတယ်။ ဒါကြောင့် အင်ပြင်ထတဲ့နေရာတွေမှာ ယားယံပြီး ရဲနေတာကို တွေ့ရတာဖြစ်ပါတယ်။Histamine က အရေပြားမှာတင်မကပဲ ခန္ဓာကိုယ်ရဲ့ အတွင်းမှာပါ သက်ရောက်မှုတွေ ဖြစ်စေပါတယ်။
📌သွေးပေါင်ကျတာ၊
📌လေပြွန်ဘေးနားမှရှိတဲ့ tissueတွေဖောင်းလာပြီးလေပြွန်ပိတ်တာ၊
📌အသက်ရှူကြပ်တာ၊
📌ဝမ်းလျှောတာစသဖြင့် လက္ခဏာမျိုးစုံပြနိုင်ပါတယ်။အင်ပြင်ထတာက များသောအားဖြင့် (24) နာရီအတွင်း ပျောက်ကင်းနိုင်ပါတယ်။ ဒါ့အပြင် ဆိုးဆိုးဝါးဝါးမဖြစ်ပဲ ပျောက်ကင်းသွားတာလည်း များပါတယ်။ သို့သော အသက်သေစေနိုင်လောက်တဲ့ ဓာတ်မတည့်မှုတွေရဲ့ လက္ခဏာတွေထဲမှာ အင်ပြင်ထတာလည်း ပါဝင်ပါတယ်။ အင်ပြင်ထနေရာကနေ သတိမထားမိဘဲ အရေးပေါ် အခြေအနေရောက်သွားတာမျိုးလည်း ဖြစ်နိင်ပါတယ်။
အင်ပြင်ထလာရင်အရင်ဆုံး မကုတ်မိအောင်နေရပါမယ်။ ကုတ်ခြစ်လေလေ အရေပြားcellတွေမှာရှိတဲ့ histamineကထွက်လေ၊ ယားလေဖြစ်နိုင်တာကြောင့် မကုတ်တာအကောင်းဆုံးဖြစ်ပါတယ်။ သန့်ရှင်းတဲ့ရေ၊ အဝတ်တို့နဲ့ အသာအယာ ဆေးကြောသန့်စင်ပေးတာ၊ ယားယံတာပျောက်တဲ့လိမ်းဆေး၊ ဆေးဝါးသောက်တာ၊ မကုတ်မိအောင်နေတာတွေက ကောင်းမွန်တဲ့နည်းလမ်းတွေဖြစ်ပါတယ်။ နေ
ာက်အဆင့်အနေနဲ့တော့ မိမိနဲ့မတည့်တဲ့အရာတွေကို ရှာဖွေပြီးရှောင်ရှားရပါမယ်။ မတည့်တာတွေမစားမိအောင်၊ မသုံးမိအောင်၊မထိတွေ့မိအောင်ရှောင်ကြဉ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။အင်ပြင်ထရာမှတစ်ဆင့် အသက်ရှကြပ်တာ၊ မူးဝေတာ၊ ဝမ်းလျှောတာ၊ အော့အန်တာ စသဖြင့်စိုးရိမ်ဖွယ်အခြေအနေတွေကြုံတွေ့လာရင်တော့ ဆေးရုံမှာအမြန်ဆုံးကုသမှုခံယူရမှာဖြစ်ပြီး နှောင့်နှေးရင် အသက်အန္တရာယ် ရှိလာနိုင်ပါတယ်။အင်ပြင်ထတာက ရာခိုင်နှုန်းများများက စိတ်ပူစရာမရှိပေမယ့် စိတ်ပူစရာ ကောင်းတဲ့အခြေအနေတစ်ခုကို ဦးတည်နိုင်တာကိုသတိပြုရပါမယ်။ ပေါ့ပေါ့ဆဆမနေပဲ မိမိနဲ့ မတည့်တာတွေကို ရှောင်ရှားရပါမယ်။ အင်ပြင်ထရုံတင်မကပဲ အခြားဝေဒနာတွေပါ ခံစားရလားစောင့်ကြည့်ပြီး ပိုမိုကြီးမားတဲ့အန္တရာယ်တွေကို ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။
Dr. ZZ