အတွင်းခံများကပြောတဲ့ ကျန်းမာရေး
ကျနောတို့လို နိုင်ငံအနေနဲ့ အတွင်းခံအကြောင်းပြောရတာ နည်းနည်းထူးဆန်းနေသလိုလို ရှက်စရာလိုလို ဖြစ်နေပေမယ့် ကျန်းမာရေးရှုထောင့်က ကြည့်မည်ဆိုပါက ပေါ့ပေါ့ဆဆမနေသင့်သော ကိစ္စတစ်ခုပဲဖြစ်သည် ။ ဒါကြောင့် ကြည့်လိုက်ကြရအောင်လား
(၁) ချည်သားကိုသုံးပါ
အတွင်းခံရဲ့တခြားအစိတ်အပိုင်းတွေဟာ ပိုးတွေ ပိုလီအီစတာအသားတွေဖြစ်နေပါစေ အလည်ပိုင်းကို ချည်ဖြင့်သာရှိသော အတွင်းခံမျိုးကို အဓိက ဝတ်ဆင်ပါ ။ ပိုးကဲ့သို့ အသားများဟာ အပူနဲ့စိုထိုင်းမှုကိုများပြားစေကာ အရေပြားကို ယားယံစေခြင်း မှိုနှင့်ဘက်တီးရီးယာပိုးမွှားများပေါက်ဖွားစေခြင်း တို့ကိုဖြစ်စေနိုင်ပါတယ် ။ ချည်သားကတော့ ပေါ့ပေါ့ပါးပါးနဲ့လေဝင်လေထွက်ကောင်းစေကာ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ် ။
( ၂ ) ဆိုက်အရွယ်အစားသေးလွန်းခြင်း
အတွင်းခံဝယ်တဲ့အခါ အဓိက မှတ်သားရန်မှာ ဝတ်ဆင်ကြည့်ရန်ပင်ဖြစ်သည် ။ အလွန်အမင်းတင်းကြပ်နေတဲ့ အတွင်းခံများဟာ ပူပြီးချွေးထွက်စေကာ စိတ်ကျဉ်းကြပ်စေခြင်း စိုစွတ်နေမှုမှတဆင့် ဘက်တီးရီးယားများပေါက်ဖွားစေခြင်းတို့ဖြစ်စေနိုင်ပါတယ် ။
(၃) ဆပ်ပြာများ အစွန်းချွတ်ဆေးများကြောင့် ယားယံခြင်း
အဝတ်လျှော်စက်ထဲအတွင်းခံများကိုထည့်လျှော်ရင်း အဝတ်လျှော်ဆပ်ပြာ အစွန်းချွတ်ဆေးများအစရှိတဲ့ ဓာတုပစ္စည်းတွေဟာ အတွင်းခံမှာ စွဲကပ်ကျန်နေခဲ့ပြီး ဓာတ်မတည့်မှုကိုဖြစ်စေနိုင်ပါတယ် ။ တချို့သူတွေမှာ အရေပြားလောင်တဲ့အထိဖြစ်စေနိုင်ပါတယ် ။
(၄) အစွန်းအကွက်များကို သတိမပြုမိခြင်း
သင့်အနေနဲ့ သင့်အတွင်းခံအပေါ် အမြဲတစေ သတိလေးနဲ့ အရည်များပေကျံနေခြင်း ရှိမရှိ စစ်ဆေးနေသင့်ပါတယ် ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ရာသီလာစဉ် အနည်းအများ ပမာဏ ကို ကြည့်ရမည်ဖြစ်သလို အဖြူရောင် ဒါမှမဟုတ် စိမ်းရွှေရွှေရောင် အရည်များ ကပ်ငြိခြင်း ရှိမရှိကိုကြည့်ရပါမယ် ။ ဒါမှသာ ရောဂါပိုးကြောင့်ဖြစ်သော အဖြူဆင်းခြင်း ၊ ပြည်ဆင်းခြင်း ၊ အတုံးအခဲများကျခြင်းတို့ကို သိရှိနိုင်မှာဖြစ်ပြီး စောစောစီးစီး ကုသနိုင်မှာဖြစ်ပါတယ် ။ ဖြစ်နိုင်ရင် အနံ့အသက်ကိုပါ သတိထားကာ ပြောင်းလဲမှုရှိမရှိ အနံ့ပြင်းပြင်း စူးစူးများရှိမရှိကို ကြည့်သင့်ပါတယ် ။
(၅) လေ့ကျင့်ခန်းများလုပ်ပြီး စိုစိုစွတ်စွတ်နေခြင်း
သင့်အနေနဲ့ ယောဂကစားတာ ဒါမှမဟုတ် gym ကပြန်လာချိန် ကြားထဲခဏတာမှာ ချွေးတွေနဲ့ရွှဲနေတဲ့အတွင်းခံနဲ့ ကြာကြာနေခြင်းဟာ မှိုနဲ့ဘက်တီးရီးယားတွေကို ပေါက်ဖွားဖို့ဖိတ်ခေါ်နေသကဲ့သို့ဖြစ်စေနိုင်ပါတယ် ။ ဒီလိုပူပြီးစိုစွတ်နေတဲ့ အခြေအနေဟာ အရေပြားကို ယားယံစေပြီး ပိုးဝင်စေနိုင်ပါတယ် ။
ဒီလိုအချက်လေးတွေကို သတိရှိရှိ ပုံမှန်စစ်ဆေးပေးခြင်းဖြင့် သင့်အနေနဲ့ အရှက်ရစရာတွေ ရောဂါတွေကနေ ကင်းဝေးနိုင်မှာပဲ ဖြစ်ပါတယ် ခဗျာ ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ