? ဒါတွေရှောင်စို့ ဗိုက်ဗိုက်တို့ ?
အိမ်ထောင်မကျခင် ဟိုတုန်းကတော့ အစဉ်တစိုက်ကြွေးကြော်ခဲ့တာ My Body – My Rule ပေါ့။ ကိုယ်ပိုင်တဲ့ ကိုယ့်ခန္ဓာကိုယ် နဲ့ ကိုယ်ကြိုက်သလိုနေ ကြိုက်သလိုစား ကြိုက်သလိုအိပ် ကြိုက်သလို ကစား ကြိုက်သလို ပျော်ပါးခဲ့ရတာပေါ့။
ခုတော့ အဲ့ဒီ့ My body ထဲမှာ နောက်ထပ် Body သေးသေးလေးနဲ့ ဘေဘီ ပိစိကွေးလေးတစ်ယောက်ရောက်နေပြီတဲ့။ ဒီတော့လည်း ကိုယ့်ခန္ဓာကိုယ် ကိုယ့်စိတ်ကြိုက်တွေကနေ သူ့စိတ်ကြိုက်တွေ ပြောင်းရတော့မယ်။ My Body – ဘေဘီပိစိကွေး Rules တွေပေါ့။
သူ့စိတ်ကြိုက်ဆိုတာထက် ဘာမှမသိနားမလည်ရှာတဲ့ ကလေးပိစိလေး လူ့လောကထဲ အထိအခိုက်မရှိ ကျန်းကျန်းမာမာဝင်ရောက်လာနိုင်ဖို့ သတိထားရှောင်ရှားပေးရမဲ့ အရာတချို့ပါပဲ။
? ဘာတွေရှောင်ကြရမလဲ ???
? ရှောင်ရမဲ့ အစားအစာများ
– Pasturized လုပ်ပြီး ပိုးသတ်မထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ သစ်သီးဖျော်ရည်ဘူးတွေ
ဒီအစားအသောက်တွေမှာ Listeria ပိုးနဲ့ တခြား အစာအဆိပ်သင့်စေနိုင်တဲ့ ရောဂါပိုးတွေ ပေါက်ပွားနေတတ်ပါတယ်။ Listeria ဆိုတဲ့ ဘက်တီးရီးယားပိုးဟာ အချင်းကိုဖြတ်နိုင်ပြီး ကလေးဆီရောက်သွားနိုင်တဲ့အပြင် ကလေးအသက်အန္တရာယ်အထိ ထိခိုက်စေနိုင်တာမို့ ရှောင်ရပါမယ်။
– မကျက်သေးတဲ့ အသား၊ ငါး နဲ့ ဥတွေ
ကောင်းကောင်းမကျက်သေးတဲ့ အသား၊ငါး၊ပုဇွန်တွေပါဝင်တတ်တဲ့ ဆူရှီလိုအစားအသောက်မျိုးတွေမှာ Salmonella နဲ့ Toxoplasmosis လို ရောဂါပိုးတွေ ပါနေတတ်ပါတယ်။ ဥအစိမ်းတွေမှာလည်း Salmonella ပါတတ်တာမို့ ရှောင်ရပါမယ်။
– Mercury(ပြဒါး) ပါဝင်မှုများတဲ့ ငါးတွေ
ငါးသေတ္တာဘူးတွေမှာပါတတ်တဲ့ Mackerel ငါးတွေကတော့ မြန်မာနိုင်ငံမှာ အစားများပြီး ပြဒါးဓာတ်ပါဝင်မှုများပါတယ်။ ဒီဓာတ်ကြောင့် ကလေးရဲ့ အကြားအာရုံ၊ အမြင်အာရုံနဲ့ ဦးဏှောက်ထိခိုက်နိုင်ပါတယ်။
– ကဖင်းဓာတ်(Caffeine)
ကော်ဖီ၊ လက်ဖက်ရည်နဲ့ အားဖြည့်အချိုရည်တွေမှာ ပါပါတယ်။ နှလုံးခုန်မြန်စေတဲ့ ဆိုးကျိုးရှိပြီး အချင်းကိုဖြတ်ကာ ကလေးကိုပါ သက်ရောက်မှု ရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်နေချိန်မှာ တစ်နေ့အများဆုံး 200mg (ကော်ဖီ တစ်ခွက်ခွဲ) ထက်ပိုလို့မရပါဘူး။
– အရက်/ဘီယာ
‘မောင်တစ်ခွက် မယ်တစ်ပက်’ လုပ်လို့ မရပါဘူး။ Alcohol က အချင်းကိုဖြတ်ပြီး ကလေးဆီ အရောက်သွားနိုင်ပြီး သိပ်ကြောက်ဖို့ကောင်းတဲ့ Fetal Alcohol Syndrome ဆိုတဲ့ ပြဿနာ ဖြစ်စေပါတယ်။ ကလေး ဉာဏ်ရည်မမီတာ၊ အတက်ရောဂါ၊ မဖွံ့ဖြိုးတာ၊ အမူအကျင့်ဆိုင်ရာ ပြဿနာတွေနဲ့ မှတ်ဉာဏ်ချို့တဲ့တာတွေ ဖြစ်သွားနိုင်ပါတယ်။ “သား..ကောင်းနေပြီ..တော်ပြီ” ပြောလို့မရတဲ့ ဗိုက်ထဲက ပိစိလေးကို အရက်မတိုက်ကြပါနဲ့။
– ဆေးလိပ် နဲ့ မူးယစ်ဆေးများ
မိခင်အတွက် အဆိပ်အတောက် ဖြစ်သလို ကလေးမှာလည်း နှုတ်ခမ်းကွဲ အာခေါင်ကွဲ၊ လမစေ့ဘဲမွေးခြင်း၊ ပုခက်ထဲ ရုတ်တရက် အသက်ဆုံးခြင်းစတဲ့ ကြောက်စရာပြဿနာတွေ ဖြစ်စေနိုင်လို့ ဆေးလိပ်သောက်တတ်ရင် ဖြတ်ပါ။
? ရှောင်ရမဲ့ အနေအထိုင် အပြုအမူများ
– ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားမှုအားလုံးရှောင်ပါ။
– ပြုတ်ကျ ချော်လဲစေနိုင်တဲ့ ဖိနပ်အမြင့်စီးတာတွေ ရှောင်ပါ။
– မိခင်အပူချိန်မြင့်မားလျှင် ကလေးကိုယ်အင်္ဂါ ချို့ယွင်းမှုတွေ ဖြစ်စေနိုင်လို့ နေပူထဲ ကြာကြာနေတာ၊ မီးဖိုနားကြာကြာနေတာ၊ အားကစားပြင်းပြင်းထန်ထန် လုပ်တာတွေ ရှောင်ပါ။
– နေမကောင်းလျှင် ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆေးဝယ်သောက်တာမျိုး၊ စပ်ဆေးသောက်တာမျိုးရှောင်ပါ။
– လမ်းလျှောက် ရေကူး ကလွဲလို့ ကျန်တဲ့ အားကစားနည်းတွေ ရှောင်ပါ။
– ကစားကွင်းတွေက ရိုလာကိုစတာလို တိုက်ကားလို ဗိုက်ကိုထိခိုက်စေမဲ့ ကစားနည်းတွေ ရှောင်ပါ။
– Toxoplasmosis ရောဂါပိုး အန္တရာယ်ရှိတာမို့ အမှိုက်ပုံးတွေ သွန်တာ လှယ်တာ လုံးဝရှောင်ပါ။
‘My Body – ပိစိကွေး Rules’ ကို အနှိုင်းမဲ့တဲ့ မိခင်မေတ္တာတွေနဲ့ ဖော်ဆောင်ရင်း ကျန်းမာသန်စွမ်းပြည့်စုံတဲ့ ပိစိကွေးလေးတွေရဲ့ ‘အူဝဲ’သံတွေမှာ အမောပြေဖို့ ကြိုပြင်ဆင် ကြပါစို့..။
Dr ဖြိုးဝေလင်း
(1.4.19)