လှပကောင်းမွန်သော အသားအရေဖြစ်စေဖို့ လိုက်နာသင့်သော အချက်များ

မိန်းမမြတ်တို့ရဲ့ လက္ခဏာတွေထဲကတစ်ရပ်ဖြစ်တဲ့ အသားအရေ၏ကောင်းခြင်းကို အမျိုးသမီးတိုင်းလိုချင်ကြမှာမလွဲဧကန်ပါ။ သူ့တို့ချည်းသာလောဆိုရင်…..မဟုတ်သေးပါဘူး။ ကျန်းမာကောင်းမွန်တဲ့အသားအရေဟာ အမျိုးသား၊အမျိုးသမီးမဟူ လိုအပ်ပါတယ်။ လှပကောင်းမွန်သော အသားအရေဖြစ်ဖို့အတွက် ရိကထ၊အကုန်အကျမများပဲ လိုက်နာလုပ်ဆောင်နိုင်တဲ့ အကျိုးရှိတဲ့အချက်ကလေးတွေအကြောင်းကို ဒီနေ့အဖို့ဝေမျှပေးချင်ပါတယ်။

လှပကောင်းမွန်သော အသားအရေဖြစ်စေဖို့ ဘယ်အရာတွေကိုလိုက်နာလုပ်ဆောင်ရမလဲ????

အောက်မှာဖော်ပြထားတဲ့အချက်ကလေးတွေဟာ အရေပြားကျန်းမာရေးနဲ့အလှအပအတွက် တကယ့်ကိုအကျိုးရှိစေမယ့်အချက်ကလေးတွေဖြစ်ပါတယ်…..

၁။ ရေများများသောက်ပါ။ ရေဓါတ်ပြည့်ဝတဲ့အရေပြားလေးတွေဟာ တင်းရင်းကြည်လင်ပြီး ကျန်းမာလှပနေမှာမလွဲပါ။

၂။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း(Antioxidant)ပေါကြွယ်ဝသော အစားအစာများကိုစားသုံးပေးပါ။ လက်ဖက်စိမ်း၊ဟင်းနုနွယ်၊ဘလူးဘယ်ရီ၊အစေ့အဆန်တွေမှာပါတဲ့ Antioxidant များဟာအရေပြားရောင်ရမ်းခြင်း၊အိုမင်းခြင်းနှင့်အရေးအကြောင်းများဖြစ်ပေါ်ခြင်းကိုလျှော့ချပေးပါတယ်။

၃။သဘာဝအတိုင်း ပြုလုပ်ထားသောအစားအစာများ(organic foods)ကိုစားသုံးပေးပါ။ ကျန်းမာရေးနှင့်မညီညွတ်သောဆိုးဆေး၊ဓါတုပစ္စည်းများဖြင့်ပြုလုပ်ထားသော အစားအစာများသည်အရေပြားကိုအဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

၄။နေရောင်ခြည်ကို ဂရုပြုပါ။ နေရောင်ခြည်တွင်ပါဝင်သောဗီတာမင်ဒီဟာ လူ့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်ပါတယ်။ နေရောင်ခြည်အနည်းငယ်မျှ ထိရုံဖြင့်လိုအပ်သောဗီတာမင်ဒီ ကိုရရှိနိုင်ပါတယ်။ သို့သော် နေရောင်ခြည်ကိုကြာရှည်စွာထိခြင်းဟာအရေပြားကျန်းမာရေးကို အလွန်ဆိုးရွားစေတာကြောင့် နေလောင်မခံရအောင်အမြဲဂရုပြုနေထိုင်သင့်ပါတယ်။

၅။ကောင်းမွန်စစ်မှန်သည့် သဘာဝအတိုင်းထုတ်လုပ်ထားသော အရေပြားထိန်းသိမ်းပစ္စည်းများကိုသာ သုံးပါ။

၆။ဗီတာမင်စီပေါကြွယ်ဝသော အသီးအရွက်များကိုစားပါ။ ဗီတာမင်စီဟာ အရေးအကြောင်းများကိုလျှော့ချပေးနိုင်ရုံမက အသားအရေကိုပါတင်းရင်းပြည့်ဖြိုးစေပါတယ်။

၇။အချို၊အဆီအဆိမ့် အစားများခြင်းကိုရှောင်ပါ။ အချိုဓါတ်ကိုအလွန်အကြူးစားသောက်ပါက အရေပြားပေါ်မှာ အတွန့်တွေ၊အရေးအကြောင်းတွေကို ပေါ်ပေါက်စေနိုင်ပါတယ်။

၈။ကျန်းမာရေးနှင့်ညီညွတ်သောအဆီကိုသာစားသုံးပါ။ သံလွင်ဆီ၊ငါးကြီးဆီ၊နေကြာဆီ၊ပဲဆီစသည်တို့ဟာ ကျန်းမာရေးကိုကောင်းမွန်စေရုံမက အရေပြားကိုလဲနုပျိုစေနိုင်ပါတယ်။

၉။စိတ်ဖိစီးမှုကိုလျှော့ချပါ။အကောင်းမြင်စိတ်မွေးပါ။ သီချင်းနားထောင်ခြင်း၊သူငယ်ချင်းများနဲ့ရယ်မောခြင်း၊တရားထိုင်ခြင်း၊yoga ကျင့်ခြင်းတို့ဖြင့် ဖိအားများကိုလျှော့ချပါ။

၁၀။အိပ်ရေးဝဝအိပ်ပါ။ အရေပြားဆဲလ်တွေပြန်လည်ပြုပြင်ခြင်းကို ညအိပ်ချိန်တွေမှာ အဓိကလုပ်ဆောင်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်ရေးဝအောင်အိပ်ပါ။

၁၁။ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးစီးဆင်းမှုကိုကောင်းမွန်စေတာကြောင့် အရေပြားဆဲလ်တွေအတွက်လိုအပ်တဲ့အောက်ဆီဂျင်နဲ့အာဟာရကိုပိုမိုထောက်ပံ့ပေးနိုင်ပါတယ်။

ဒါ့အပြင်အရေပြားမှစွန့်ပစ်ပစ္စည်းများကိုလဲ ချွေးနဲ့အတူပါသွားစေနိုင်ပါသေးတယ်။

ဖော်ပြပါအချက်များကိုလိုက်နာလုပ်ဆောင်ခြင်းဖြင့် လှပ၍ကောင်းမွန်သန်စွမ်းသော အသားအရေများကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်။

dr.yelwin mm