လူပြောများနေသော စိတ်ကျရောဂါ
ဒီနေ့ ပတ်ဝန်းကျင်မှာ အမြဲကြားနေကျ စကားတခုကတော့ “ ငါ Depression ဝင်နေတယ်ကွာ” ဆိုတာပါ။ ကိုယ်ချစ်တဲ့သူတစ်ယောက် ဆုံးရှုံးသွားတဲ့အခါ၊ အလုပ်ပြုတ်သွားတဲ့အခါ၊ အိမ်ထောင်ပြတ်ဆဲသွား တဲ့အခါ စိတ်ဝမ်းနည်းပူဆွေးတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။ဒါဟာ depression မဟုတ်ပါဘူး။ Depression ဖြစ်ပြီဆိုရင်တော့ သူရဲ့လက္ခဏာများဟာ သာမန်ထက်ပိုမိုပြင်းထန်ပြီး နေ့စဉ်လူမှုဆက်ဆံရေး ကိုပါထိခိုက်စေတာမျိုးပါ။ အမျိုးသမီးများဟာ သာမန်အားဖြင့် depression ရောဂါကို ပိုမိုခံစားရတာတွေ့ရပါတယ်။ အမျိုးသားတွေမှာတော့ သူတို့ဟာ depression ဝင်နေရင်တောင်မှ depression လို့မခံယူပဲ ထွက်ပေါက် တစ်ခုခု ရှာလိုက်တတ်ပါတယ်။ အမျိုးသမီးတွေကျတော့ depression ဝင်တဲ့အခါမှာတော့ သဘာဝအရ ထွက်ပေါက်နည်းတဲ့အတွက် ဒီရောဂါကို ခံံစားရတာပိုများပါတယ်။စိတ်ကျရောဂါအမျိုးမျိုး ရှိပေမယ့် major depressive disorder ဆိုတာကတော့ တွေ့ရအများဆုံးပုံစံ ဖြစ်ပါတယ်။ သူရဲ့ လက္ခဏာတွေကတော့
(၁) တစ်ချိန်လုံး ဝမ်းနည်းနေခြင်း၊ အမြဲတစေငိုချင်နေခြင်း၊ မျှော်လင့်ချက်ကင်းမဲ့နေခြင်း၊
(၂) အရာရာကို စိတ်ဝင်စားမှုမရှိခြင်း၊ ဘဝက ဗလာကြီးလိုခံစားရခြင်း၊
(၃) ခံတွင်းပျက်ခြင်း (သို့) အစားကြူးခြင်း၊ ညဘက်အိပ်မပျော်ခြင်း (သို့) အလွန်အိပ်ခြင်း
(၄) စိတ်နဲ့လူနဲ့မကပ်ခြင်း၊ လုပ်ဆောင်မှုအရာရာတုန်ဆိုင်းနေခြင်း၊ ကဏှာမငြိမ်ဖြစ်ခြင်း၊
(၅) သာမန်ကိစ္စသေးသေးလေးကိုတောင် အကြီးအကျယ်ပေါက်ကွဲတတ်ခြင်း၊ လုပ်ကိုင်မှု စွမ်းရည် သိသိသာသာ လျော့နည်းလာခြင်း
(၆) တကယ်ဖြစ်မနေသော ဝေဒနာအချို့ခံစားရခြင်း (ဥပမာ ခေါင်းကိုက်ခြင်း၊ ခြေလက်ထုံကျင်ခြင်း) ၊ သတ်သေရန်ကြံစည်မိခြင်း စတာတွေကတော့ တွေ့ရများတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
ဒီရောဂါဟာ ကလေးငယ်များမှာ ဖြစ်နိုင်ပါတယ်။ ကလေးငယ်များမှာဆိုရင်တော့
(၁) သူချစ်တဲ့တစ်စုံတရာကို ကုပ်တွယ်ထားခြင်း၊ ကျောင်းသွားရန် ငြင်းဆန်ခြင်း၊
(၂) ကဏှာမငြိမ်ဖြစ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အရွယ်နဲ့ မလိုက်အောင် တစ်ခုခုကို ပူပန်နေတတ်ခြင်း၊
(၃) ဝမ်းနည်းနေခြင်း၊ မှိုင်မှိုင်တွေတွေဖြစ်နေခြင်း စတဲ့ အရာတွေ ဖြစ်လာတတ်ပါတယ်။
၁။ ဘယ်လိုအခြေအနေ တွေ၊ ဘယ်လိုပုဂိုလ်တွေမှာ စိတ်ကျ ရောဂါပို ဖြစ်နိုင်လဲ။
(၁) အဆိုးမြင်ဝါဒီသမားများ (pessimistic)၊ မိမိစိတ် မိမိ မလုံခြုံသူများ (low self-esteem)၊ သူတပါးအပေါ် မှီခိုလွန်းသူများ၊ မိမိကိုယ်မိမိ အကောင်းအဆိုးမပိုင်းခြားနိုင်ဟု ထင်နေသူများ (low self-critical thinking)
(၂) စိတ်ဒဏ်ရာ ကြီးကြီးမားမားတစ်ခု ရှိခဲ့ဖူးသူများ (ဥပမာ ချစ်တဲ့သူတယောက် မမျှော်လင့်ပဲ ဆုံးရှုံးခြင်း၊ လိင်အကြမ်းဖက်ခံရခြင်း၊ စီးပွားရေးအဆင်မပြေခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း စသည်)
(၃) စိတ်ကျမျိုးရိုးရှိခြင်း၊ မျိုးရိုးတွင် စိတ်ရောဂါရှင်များရှိခြင်း (ဥပမာ bipolar disorder )
(၄) ပုံမှန်မဟုတ်သော လိင်စိတ်အခြေအနေရှိသူများ (ဥပမာ ယောကျာ်းချင်းစိတ်ဝင်စားသူ (gay)၊ မိန်းမချင်းစိတ်ဝင်စားသူ (lesbian)၊ ကျား၊မ နှစ်ခုလုံးအားစိတ်ဝင်စားသူ (bisexual)၊ လိင်ပြောင်းထားသူ (transgender)
(၅) အရက်၊ မူးယစ်ဆေး သုံးစွဲလွန်းသူများ
(၆) နာတာရှည်ရောဂါသည်များ၊ ဝေဒနာတစ်ခုကို ကာလကြာရှည်ခံစားနေရသူများ စတဲ့သူတွေမှာ depression အများဆုံးဖြစ်တာ တွေ့ရပါတယ်။
၂။ Depression ကို မကုသပဲ ထားရင် ဘာတွေ ဆက်ဖြစ်လာနိုင်လဲ
Depression ကို သေချာမကုသရင် လူရဲ့ ကိုယ်ခန္ဒာပိုင်းဆိုင်ရာ ဝေဒနာတွေသာမက စိတ်ပိုင်းဆိုင်ရာ ဝေဒနာ၊ စိတ်ဝေဒနာရှင်အထိ ဖြစ်သွားနိုင်ပါတယ်။ မိဘအသိုင်းအဝိုင်းနဲ့ အဆင်မပြေတော့ခြင်း၊ မိမိကိုယ် ပယ်ထားသည်ဟု ယူဆလာခြင်း၊ တစ်ကိုယ်ကောင်း အလွန်ဆန်လာခြင်း၊ လူတွေနဲ့ ဆက်ဆံရမှာ ကြောက်ရွံ လာခြင်း၊ အရာရာကို ကြောက်ရွံ့လာခြင်း၊ သေကြောင်းကြံစည်ခြင်း စတဲ့ ပြဿနာတွေအထိပါ ဖြစ်သွားနိုင်ပါတယ်။
၃။ စိတ်ကျရောဂါ (depression) မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။
(၁) စိတ်ဖိစီးမှုကို မျိုချမထားပါနဲ့၊ ယုံကြည်ရတဲ့ သူတစ်ဦးဦးဆီမှာ ဖွင့်ထုတ်လိုက်ခြင်းဖြင့် စိတ်တင်းအားကို လျော့ချပစ်ပါ။ ပြောလို့မကောင်းတဲ့ ကိစ္စဖြစ်နေရင်တော့ ဘုရားကိုတိုင်တည်ပြီး ပြောခြင်း၊ အော်တိုရေးခြင်း စတဲ့ အလေ့အကျင့်များလုပ်ပါ။
(၂) စိတ်ဖိစီးမှုကို ဖြစ်စေသော ပတ်ဝန်းကျင်က အမြန်ရုန်းထွက်ပြီး မိမိကို ချစ်သောသူများဆီ အမြန်သွားပါ။ မသွားနိုင်ရင်တောင် စကားပြောပါ။
(၃)မိမိကိုယ်ကို မိမိလေးစားပါ၊ တန်ဖိုးထားပါ၊ စိတ်ခွန်အားတက်ကြွစေသောစာပေများ၊ ရုပ်ရှင်များ ကြည့်ပါ။ မိမိထက် အခြေအနေဆိုးသော်လည်း အရှုံးမပေးပဲ ကြိုးစားအောင်မြင်လာကြသူများကို အတုယူပါ။
(၄) မိမိကိုယ်ကို မိမိ အားနည်းသူလို့ မတွေးပဲ သန်မာတဲ့သူတစ်ဦးအဖြစ် အမြဲရှိနေပါစေ။လူတိုင်းလူတိုင်း စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုဒဏ်မှ အစဉ် ကင်းဝေးကြပါစေ။https://www.mayoclinic.org/…/diagnosis…/drc-20356013
By,Dr. Steven