စိတ်ဖိစီးမှုနှင့် လိင်စွမ်းဆောင်ရည်
ဒီစာဟာ အိမ်ထောင်သည်များအတွက် ပိုရည်ရွယ်ပါတယ်။ အိမ်ထောင်ရေးသုခလို့ ခေါ်တဲ့လိင်စွမ်းဆောင်ရည်နဲ့ စိတ်ဖိစီးမှုဆက်စပ်ပုံလေးတွေကို ရေးသားပေးချင်ပါတယ်။
စိတ်ဖိစီးမှုဆိုတာ လူတိုင်းမှာရှိကြပါတယ်။ အလုပ်ခွင်၊ မိသားစုအရေး၊ စားဝတ်နေရေး၊ လူမှုရေးပြဿနာ စတဲ့အကြောင်းအမျိုးမျိုးကနေ စိတ်ဖိစီးမှုတိုးလာတတ်ပါတယ်။ အဲဒီလိုအကြောင်းစုံကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုဟာ လူတစ်ယောက်ရဲ့လိင်စွမ်းဆောင်ရည်ကို အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ဘယ်လိုသက်ရောက်လဲဆိုတာကို အချက်ငါးချက်နဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) Bad Body Image = Bad Sex
စိတ်ဖိစီးမှုများလာတဲ့အခါ ခန္ဓာကိုယ်က ထွက်လာတတ်တဲ့ ဆက်စပ်ဟော်မုန်းဓာတ်တွေဟာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်မှာ ဇီဝရုပ်ဖြစ်ပျက်မှုကို ပြောင်းလဲစေပါတယ်။ ခန္ဓာကိုယ်အလေးချိန်တိုးလာမယ်… ပုံပန်းသဏ္ဍာန် မလှတော့ဘူး…ဝလာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်စိတ်တိုင်းမကျတော့ပါဘူး။ အဲဒီလို ကိုယ့်ကိုယ်ကိုယ်မလှဘူးလို့ထင်နေမိရင် အိမ်ထောင်ဖက်နဲ့အတူနေဖို့ကအစ ယုံကြည်မှုနည်းတတ်ပါတယ်။ လိင်ဆက်ဆံတဲ့အခါ မိမိရဲ့ခန္ဓာကိုယ်ကို စိတ်ပျက်နေမယ် ရှက်ရွံ့နေမယ် ဒါကြောင့် လိင်ဆက်ဆံမှုနည်းလာပါမယ်။ လိင်ဆက်ဆံမှုနည်းပါးသထက်နည်းပါးလာတဲ့အခါ အိမ်ထောင်ရေးမှာ အဆင်မပြေတာတွေဖြစ်လာတတ်ပါတယ်။
(၂) လိင်စိတ်လျော့နည်းခြင်း
ကျွန်မတို့လူသားတွေရဲ့ ကလေးဘဝ၊ ဆယ်ကျော်သက်ဘဝ၊ အရွယ်ရောက်ရင့်ကျက်သောဘဝ၊ အမျိုးသမီးများဆိုရင် ကိုယ်ဝန်ဆောင်ချိန်၊ သွေးဆုံးချိန် စတဲ့ဘဝရဲ့အချိန်တွေမှာ ဟော်မုန်းတွေက အများကြီးသက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုတာရှည်လာတဲ့အခါမှာ Cortisol ဆိုတဲ့ဟော်မုန်းပိုထွက်ပါတယ်။ Cortisol ကို လူ့ခန္ဓာကိုယ်ကလိုအပ်ပါတယ်။ ဒါပေမယ့် အများကြီးမဟုတ်ပါဘူး။ စိတ်ဖိစီးမှုများလာတဲ့အခါ Cortisol တွေပိုထွက်ပြီး ခန္ဓာကိုယ်ရဲ့ Sex Hormone တွေကို သွားပြီးလျှော့ချပါတယ်။ Sex Hormone ထွက်တာနည်းလေလေ လိင်စိတ်လျော့ကျလေလေပါပဲ။
(၃) အိမ်ထောင်ဖက်နဲ့ အဆင်မပြေမှုတွေဖြစ်လာမယ်
စိတ်ဖိစီးမှုတွေများလာရင် နေလို့ထိုင်လို့မကောင်းပါဘူး စိတ်တွေမကြည်တော့ပါဘူး။ စိတ်အမြဲမကြည်တဲ့အိမ်ထောင်ဖက်ရဲ့နားမှာနေရတဲ့ သူဟာလည်း စိတ်ပိုင်းဆိုင်ရာအဆင်မပြေနိုင်တော့ပါဘူး။ ဒီတော့ အိမ်ထောင်မှုမှာ ပြဿနာအသေးအဖွဲလေးကအစဖြစ်လာနိုင်ပါတယ်။ လိင်မှုကိစ္စအနေနဲ့ ပြောရရင်လည်း စိတ်ကြွပ်ဆတ်ပြီး အမြဲစိတ်ညစ်ညူးမှု၊ စိတ်ဖိစီးမှုတွေ ရနေတဲ့သူနဲ့ ဘယ်သူမှ တူတူအိပ်ရာဝင်ချင်စိတ်မရှိတတ်ပါဘူး။
(၄) စိတ်ဖိစီးမှုနှင့် အရက်သောက်ခြင်း
အမျိုးသားအချို့ဟာ စိတ်ဖိစီးမှုကနေ လွတ်မြောက်ချင်တဲ့အတွက် အရက်သောက်ကြပါတယ်။ အလွန်အကျွံအရက်သောက်ခြင်းဟာ လိင်စွမ်းဆောင်နိုင်မှုကို လျော့ကျစေပါတယ်။ အမျိုးသမီးများအရက်သောက်လျှင်လည်း ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေပါတယ်။ လိင်ဆက်ဆံရာမှာ ဖြစ်ပေါ်သင့်တဲ့ Lubricant လုံလောက်မှုမရှိတဲ့အခါ လိင်ဆက်ဆံရင် သာယာမှုမရခြင်း၊ နာကျင်ခြင်းတို့ဖြစ်စေနိုင်ပါတယ်။
(၅) နောက်ဆုံးအချက်ကတော့ အမျိုးသမီးတွေနဲ့ သက်ဆိုင်ပါတယ်။
စိတ်ဖိစီးမှုဟာ ကျွန်မတို့ဦးနှောက်ထဲမှာရှိတဲ့ Pituitary Gland ကို သွားရောက်နှောင့်ယှက်ပါတယ်။ Pituitary Gland ဟာ Adrenal Gland၊ လည်ပင်းက Thyroid Gland ၊ မိန်းမသားတွေရဲ့ သားဥအိမ်စတာတွေကို ထိန်းချုပ်ပေးနေတာဖြစ်ပါတယ်။ တကယ်လို့ သားဥအိမ်ရဲ့လုပ်ဆောင်မှုက မမှန်ကန်တော့ရင် ဓမ္မတာလာတာမမှန်တာတွေဖြစ်တတ်ပါတယ်။ အချို့သောအမျိုးသမီးတွေမှာ စိတ်ဖိစီးမှုကြောင့် ဓမ္မတာပျောက်သွားတဲ့လတွေရှိတတ်ပါတယ်။ အဲဒါကို Stress induced amenorrhoea လို့ခေါ်ပါတယ်။
စာဖတ်သူဟာ အိမ်ထောင်သည်တစ်ဦးလည်းဖြစ်မယ်…ပြည့်စုံတဲ့မိသားစုဘဝကိုပိုင်ဆိုင်ဖို့ ရင်သွေးလည်းလိုချင်တယ်…အိမ်ထောင်ရေးသုခနဲ့လည်း ပြည့်စုံချင်တယ်ဆိုရင် စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ဖို့လိုအပ်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း ၊ စိတ်ကိုအပန်းဖြေခြင်း၊ ဂီတနဲ့ အာရုံတွေကိုလန်းဆန်းအောင်ဖန်တီးခြင်း၊ မိမိနဲ့အိမ်ထောင်ဖက်နဲ့အတူ တာဝန်တွေကိုခွဲဝေယူခြင်း၊ စိတ်ခံစားချက်တွေကို မျှဝေခြင်းတို့ပြုလုပ်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါတယ်လို့ ရေးသားလိုက်ရပါတယ်။
{Ref:Huffpost}
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ…။
မောင်(ဆေး-၁)