“သင့်ကလေးကို အချိန်ပေးပါ”
ကလေးတစ်ယောက်အတွက် အကောင်းဆုံးလက်ဆောင်သည် ‘မိဘ၏ အချိန်’ ဖြစ်သည်ဟု ဆိုကြ၏။
မည်သည့်အရွယ်ဖြစ်စေ ဖွင့်ပြောတတ်သည်ဖြစ်စေ မပြောတတ်သည်ဖြစ်စေ ကလေးတိုင်း မလွဲမသွေ အမြဲတမ်း လိုချင်တမ်းတနေမည့် လက်ဆောင်သည်ကား မိဘ၏ အချိန်ပေးဂရုစိုက်မှုပင် ဖြစ်ပေသည်။
နည်းပညာက ကျွန်တော်တို့ အိပ်ကပ်ထဲထိ အမြန်ခုန်ဝင်လာနေပြီဖြစ်သော ယနေ့ခေတ်ကား အကောင်းတဝက် အဆိုးတဝက်။
လက်တစ်ဝါးစာ ဖုန်းမျက်နှာပြင်လေးတွေ ကိုယ်စီကြည့်ရင်း မိသားစု တီတီတာတာ ဆွေးနွေးငြင်းခုန်နေကျ စကားဝိုင်းများမရှိတော့။
အလုပ်လုပ်ရင်း CCTV မှ စောင့်ကြည့်နိုင်လာသော်လည်း ကလေးအနားတွင် စောင့်ကြည့်ရင်း တူတူကစားနိုင်ခွင့်များနည်းလာ၏။
ထမင်းပွဲက ပါးစပ်ထဲ မရောက်ခင် ဆိုရှယ်မီဒီယာပေါ် အရင်ဦးချရ၏။ မိသားစုလက်စုံ ထမင်းဝိုင်းများ ပျောက်လုနီးပါးဖြစ်လာ၏။
ဖန်သားပြင်အသီးသီးတွင် မျက်လုံးများ ပျော်ဝင်နစ်မြောရင်း
လူအချင်းချင်း မျက်လုံးချင်းဆုံမိရန်ပင် ခက်လာကြ၏။
ကွန်ပျူတာ window ကို ဖွင့်လိုက်ချိန်တွင် တူတူထိုင်ငေးမော စကားစမြည်ပြောစရာ အိမ်ပြတင်းတံခါးများ အလိုလိုပိတ်သွားကြ၏။
မိုင်ပေါင်းများစွာ ကွာဝေးသောအရပ်က မိတ်ဆွေဆိုသူများ၏ တနေ့တာ အဖြစ်အပျက်များစွာကို ငေးမော မှတ်ချက်ပေး မိတ်ဖွဲ့ နေကြသော်လည်း အနားက ကလေးငယ်၏ စကားသံများကိုကား ကြားတချက် မကြားတချက်။
တနေ့ တနေ့ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရင်း အိမ်အလုပ်များနှင့် လုံးထွေးသတ်ပုတ်ရင်း
၂၄ နာရီနှင့် မလုံလောက်တော့။
သို့ဖြစ်ရာ ကလေးငယ်များအတွက် မိဘနှစ်ပါးဆီမှ ရရှိမည့်
အချိန်လက်ဆောင်သည်လည်း လမ်းခုလတ်တွင် ထွက်ကျ ပျောက်ရှခဲ့ရသည်မှာ အိမ်တိုင်း မိသားစုတိုင်းနီးပါးပင်။
– ကလေးတွေကို ဘာလို့ အချိန်ပေးသင့်တာလဲ
ကလေးငယ်များ၏ ဦးဏှောက်နှင့် အသိဥာဏ်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ချစ်ခြင်းမေတ္တာသည် အဓိက လောင်စာရင်းမြစ်ဖြစ်၏။
ထိုချစ်ခြင်းမေတ္တာနှင့် သံယောဇဉ်ကြိုးများ၏ ရင်းမြစ်ကား မိဘနှစ်ပါးဖြစ်၍ ထိုမိဘနှစ်ပါး အကြီးဆုံးပေးဆပ်ရမည့် အရင်းအနှီးကား တန်ဖိုးကြီးမားလှသည့် ‘အချိန်’ပင် ဖြစ်ပေသည်။
တနေ့လျှင် ဆယ့်ငါးမိနစ်ခန့်မျှသော အချိန်သည်ပင် အပြည့်အဝ အာရုံစိုက်၍ အတူရှိပေးပါက ကလေးတစ်ယောက်နှင့် သံယောဇဉ် တည်ဆောက်နိုင်သည်ဟု နိုင်ငံတကာသုတေသနများက ဆိုကြ၏။
ချစ်ခြင်းမေတ္တာနှင့် ဂရုတစိုက်စောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာသော ကလေးများတွင် စိတ်ဖိစီးမှုကိုတွန်းလှန်ရန်နှင့် မှတ်ဥာဏ်ပိုင်းအတွက် အဓိကအရေးပါသော ဦးဏှောက်၏ Hippocampus ဟူသော အစိတ်အပိုင်း ပိုမိုကြီးထွား ဖွံံံ့ဖြိုးသည်ဟုလည်း ဆိုကြသည်။
– ကလေးတစ်ယောက် မိဘကို ဘယ်အချိန်လိုအပ်တာလဲ
အချိန်ပြည့် မိဘတစ်ယောက် အနားမှာစောင့်ကြည့် အချိန်ပေး ဂရုစိုက်နိုင်လျှင်တော့ အကောင်းဆုံးပင်။
ကလေးတစ်ယောက်နှင့် တစ်ယောက် မိသားစု အနေအထား၊ အဖော်သဟဲ အကူအညီ ရှိမရှိအပေါ် မူတည်၍ လိုအပ်ချက်အနည်းငယ်ကွာနိုင်သော်လည်း ယေဘုယျအားဖြင့် မကွာခြားလှပေ။
အခြေခံ အကျဆုံးဖြစ်သည့် စားဝတ်နေရေး၊ ကျန်းမာရေး၊ မတော်တဆမှု ကင်းဝေးရေး စသည်တို့မှသည် တူတူကစားရန်၊ တူတူစာဖတ်ရန်၊ ပုံပြောပြရန်၊ ကျောင်းစာများတွင် ကူညီရန် စသည့် အကြောင်းအရာပေါင်းစုံအထိ မိဘများ၏ အချိန်ပေးမှုလိုအပ်ပေသည်။
နိုင်ငံတကာ သုတေသနများစွာ၏ အဆိုအရ ကလေးတိုင်းနီးပါးတွင် ထပ်တူကျနေသော တစ်ခုတည်းသောလိုအင်မှာ မိဘ၏ အချိန်ပေးဂရုစိုက်မှု ဖြစ်နေကြောင်း တွေ့ရ၏။
ကလေး၏ အသက်အရွယ် ကြီးပြင်းရင့်ကျက်လာလေ လိုအပ်ချက် လျော့နည်းကွာခြားလာလေ ဖြစ်သော်လည်း မိဘရင်ခွင်မှ မထွက်ခွာသေးသရွေ့ ကလေးဖြစ်နေသရွေ့တော့ အဖေ အမေသာ သူတို့၏ လိုအပ်ချက်ဖြစ်နေဦးမည်မှာ မလွဲ။
-ကလေးတွေကို ဘယ်လိုအချိန်ပေးမလဲ
အချို့မိဘများက “ဒီလောက်အချိန်ပေး အနားမှာနေပေးနေတာ ဘာထပ်ပေးရမလဲ”ဆိုတတ်ကြသည်။ လုံလောက်ပြီဟုထင်ကြသည်။
တချို့ကလည်း အလုပ်တွေလုံးပန်းရင်း ကလေးအတွက် အချိန်မပေးနိုင်သောကြောင့် စိတ်မကောင်းဖြစ် အပြစ်အကင်းသလို ခံစားတတ်ကြ၏။
တချို့ကျ “ဒီလိုပဲ ငါတို့လည်း ကြီးလာကြတာပါပဲ”ဟု ဆိုတတ်ကြ၏။ အထူးတလည် ကလေးအတွက် အချိန်ပေးရန် မလိုအပ်ဟုထင်ကြ၏။
အမှန်တော့ ပေးစရာ အချိန်နည်းနေ၍လည်း ဝမ်းနည်းစရာမလိုသလို အချိန်တွေ တပုံကြီးပေးထား၍လည်း လုံလောက်ပြီဟု မဆိုနိုင်ပါ။
အရေးအကြီးဆုံးအချက်မှာ မိမိသားသမီးအနားမှာ နေပေးသော အချိန်သည် မည်မျှနည်းသည်များသည် ဟူသည့် Quantity Time ထက် Quality Time ဆိုသည့် ပြည့်ဝထိရောက်စွာ အာရုံစူးစိုက်မှုအပြည့်ရှိသော အချိန်ပေးခြင်းဖြစ်ဖို့ပင်။
“ကလေးတွေအတွက် Quality Timeတွေ ဘယ်လိုဖန်တီးပေးမလဲ”
~မိမိ၏ တနေ့တာအချိန်များကို ပြန်သုံးသပ်ပါ။
ကလေးအတွက်ပေးနိုင်မည့် အချိန်များကို စုပါ။
~မိဘနှစ်ပါး နှင့် အခြား ကလေးထိန်းကျောင်းပြုစုပေးသူအားလုံး တာဝန်အတိအကျ ခွဲဝေယူပါ။
မိမိ ကလေးအနားနေရချိန်တွင် ကလေးမှလွဲ၍ ကျန်အာရုံထွေပြားစရာမှန်သမျှ မေ့ထားပါ။
~ဖုန်းပွတ်ရင်း အကြောင်းမဲ့ကုန်သွားသော အချိန်များကို ပြန်တွက်ကြည့်ပါ။ ကလေးအနားတွင် မလိုအပ်ဘဲ ဖုန်းမသုံးမိရန် သတိပြုပါ။
~နေ့စဉ် အချိန်တစ်ချိန်သတ်မှတ်ထား၍ တစ်မိသားစုလုံး ဖုန်း၊ ကွန်ပျူတာ၊ တီဗွီများ ပိတ်ထားရန်ဆုံးဖြတ်ပါ။
တူတူဆော့ကစားနိုင်သော မိုနိုပိုလီ၊ စခရယ်ဘယ် အင်္ဂလိပ်စာလုံးဆက်ကစားနည်း၊ ဒိုးဇက်၊ ချက်စ်၊ ပဟေဠိဆက်ခြင်း စသော ကစားနည်းတစ်ခုခု ကစားခြင်းဖြင့် မိသားစုချစ်ခြင်းကိုလည်း တိုးပွားစေသလို ကလေးငယ်များ၏ ဥာဏ်ရည်နှင့်ဖန်တီးနိုင်စွမ်းများလည်း ပိုမိုတိုးတက်လာစေပါမည်။
~နေ့စဉ် အချိန်အနည်းငယ်ဖြစ်စေ ကလေးနှင့်အတူ လမ်းလျှောက်ပါ။ မိမိအတွက်ရော ကလေးအတွက်ပါ ကျန်းမာရေးကောင်းမွန်စေမည့် နည်းလမ်းတစ်ခုဖြစ်၏။
~တူတူဈေးဝယ်ထွက်ခြင်း၊ တစ်ယောက်တည်းသွားမည့်အစား ခေါ်သွားလို့ ရသည့်နေရာမျိုးသို့ မိမိကလေးကိုပါ ခေါ်သွားခြင်းဖြင့်လည်း တကူးတက အချိန်ပေးစရာမလိုဘဲ ကလေးအတွက် ထူးခြားစွာ ပျော်ရွှင်စေမည်ဖြစ်သည်။
~တစ်ပါတ်တစ်ကြိမ်ဖြစ်စေ၊ တစ်လတစ်ကြိမ်ဖြစ်စေ ပန်းခြံ၊ ကစားကွင်း စသည့် ကလေးများအကြိုက်နေရာတစ်ခုခုကို လိုက်ပို့ပေးပါ။
~မိသားစုအားလုံး တူတူမုန့်လုပ်ခြင်း၊ ချက်ပြုတ်ခြင်း၊ အပင်စိုက်ခြင်း စသည်တို့ ပြုလုပ်ကြည့်ပါ။
~မိသားစု လက်ဆုံစားသည့် အလေ့အကျင့်ကို မွေးမြူပါ။
~နေ့စဉ် ကလေးမအိပ်ခင်တိုင်း ပုံပြောပြခြင်း စာဖတ်ပြခြင်း စသည့် အလေ့အကျင့်ကို အလှည့်ကျတာဝန်ယူပါ။
~ကလေး၏ ကျောင်းအတွေ့အကြုံ၊ အိမ်စာ စသည်တို့ကို စိတ်ဝင်တစား ရှိပါစေ။
Quality time ဖြစ်ဖို့ ကလေးအနားမှာ နေပေးဖို့နှင့် ကလေးကိုသာ အပြည့်အဝအာရုံစိုက်ပေးဖို့ လိုပါသည်။
ရွှေမလိုပါ.. ငွေမလိုပါ..ချစ်ခြင်းမေတ္တာနှင့် အချိန်သာ လိုပါသည်။
စာရေးနေတုန်း အနားမှာ”ဒယ့်ကိုဆေးကုပေးမို့ ..လာ”ဟုဆိုကာ သူ့ကစားစရာ နားကြပ်လေးကိုင်ရင်း သမီးလေးရောက်လာကာ ပူဆာတော့လေသည်။
သူဆရာဝန်လုပ်ဖို့ ကိုယ်လူနာဖြစ်ပေးရတော့ပေမည်။
ဆက်ရေးချင်ပေမဲ့ မဖြစ်တော့။
အပြောနှင့် အလုပ်ညီရမည် မဟုတ်လား။
“ရော့ ဒီမှာ သမီးအတွက် အချိန်တွေ”ဟု လက်နှင့်ယူပေးဟန်ပြုရင်း ထရပ်လိုက်ရတော့သည်။
သမီးကတော့ နားလည်ပုံမရပေမဲ့ အဖေနှင့် တူတူဆော့ရ၍ ပျော်နေတာကတော့ အသေအချာပင်။
Dr Phyowai Lynn
15.2.19