ညှင်းလား ပွေးလား
လူတော်တော်များများကတော့ ခွဲပြီးသိကြပေမယ့် တစ်ချို့ကရောနေတတ်ပါတယ်။ဒီတော့ ညှင်းနဲ့ပွေးနဲ့ကို သေချာမကွဲပြားသူတွေအတွက် ၎င်းတို့ရဲ့ကွာခြားပုံလေးတွေကို ဖော်ပြလိုက်ရပါတယ်။
၁။ပုံသဏ္ဍန်။
ညှင်းဟာ ပုံမှန်အရေပြားထက် အရောင်ရင့်(သို့)အရောင်ဖျော့ဖျော့နဲ့ အကွက်အကွက်လေးသဏ္ဍန်ဖြစ်ပြီး အရေပြားနဲ့တစ်ပြင်ညီထဲဖြစ်ပါတယ်။ပွေးကတော့ အရေပြားပေါ်မှာအဝိုင်းကွင်းလိုက်ပုံစံလေးရှိပြီး အနားသတ်တွေဟာအလယ်ထက်ပိုမိုနီရဲ၍ထူကာ အရေပြားမျက်နှာပြင်ထက်မြင့်တက်နေပါတယ်။
၂။ရောဂါပိုးအမျိုးအစား။
ညှင်းရော ပွေးရောဟာမှိုကြောင့်ဖြစ်တာဆိုပေမယ့် ဖြစ်တဲ့မှိုပိုးခြင်းတော့မတူပါဘူး။ညှင်းဟာလူ့ခန္ဓာကိုယ်မှာသဘာဝအတိုင်းရှိနေတဲ့ မှိုမှဖြစ်တဲ့အရေပြားရောဂါဖြစ်ပြီး ကူးစက်နိုင်ချေလဲအလွန်နည်းပါတယ်။ပွေးကိုဖြစ်စေတဲ့မှိုအမျိုးအစား(၃)မျိုးရှိပြီး ၎င်းတို့ဟာမြေကြီးလွှာပေါ်မှာအချိန်အတော်ကြာရှင်သန်နေနိုင်ပါတယ်။မြေလွှာပေါ်မှလူတွေဆီကိုရောက်ရှိ၍ရောဂါဖြစ်ပွားကာ လူအချင်းချင်းကူးစက်လွယ်တဲ့အရေပြားယားနာတစ်မျိုးဖြစ်ပါတယ်။
၃။ရောဂါလက္ခဏာများ။
ညှင်းဟာပုံမှန်အရေပြားထက်အရောင်ရင့်သော(သို့)အရောင်နုသောအကွက်ကလေးတွေဖြစ်ပြီး ယားယံမှုကသိပ်မသိသာ(သို့)လုံးဝမရှိတာလဲဖြစ်နိုင်ပါတယ်။ပွေးကတော့ စက်ဝိုင်းပုံ(သို့)ဘဲဥပုံအကွင်းလေးတွေဖြစ်ပြီး အနားသတ်လေးတွေဟာထူထဲပြီးမြင့်တက်နေလေ့ရှိကာ အရမ်းယားယံလေ့ရှိပါတယ်။၄။ကူးစက်ပြန့်ပွားခြင်း။ညှင်းဟာခန္ဓာကိုယ်တစ်နေရာမှတစ်နေရာ၊လူတစ်ဦးမှတစ်ဦးကိုကူးစက်နိုင်ချေအလွန်နည်းကာ ပွေးကတော့ကူးစက်ပြန့်ပွားမှုအလွန်များပါတယ်။
၅။ရောဂါဖြစ်ပွားသောနေရာများ။
ညှင်းဟာနေရောင်ခြည်ထိတွေ့မှုများတဲ့နေရာတွေဖြစ်တဲ့ပခုံး၊လည်ပင်း၊ကုပ်၊ကျောပြင်တို့မှာအဖြစ်များပါတယ်။ပွေးကတော့ စွတ်စိုထိုင်းမှိုင်းပြီးအတွင်းကျသောနေရာတွေဖြစ်တဲ့ ပေါင်ခြံ၊ဂျိုင်းကြား၊တင်ပါးကြားနဲ့လိင်အဂါၤတစ်ဝိုက်ကဲ့သို့သော အရေပြားနှစ်ခုထိစပ်နေတဲ့အကြိုအကြားတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်။
၆။ရောဂါအတိအကျသိအောင်ဘယ်လိုလုပ်မလဲ?
ညှင်းနဲ့ပွေးကိုအတိအကျကွဲပြားအောင်အတွက်တော့ ယားနာနေရာမှနမူနာယူ၍ ဓါတ်ခွဲခန်းတွင်အကောင်ဖောက်ကာ ခွဲခြားသိရှိနိုင်ပါတယ်။ဒီလောက်ဆိုရင် ညှင်းလား ပွေးလားဆိုတာကိုအထိုက်အလျောက်ခွဲခြားတတ်ပြီထင်ပါတယ်။ပွေး၊ညှင်း ကင်းသော အရေပြားအလှလေးများပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်တောင်းလျက်။
dr.ye’lwin mm