” သစ်အိုပင်ရဲ့ကမ္ဘာ “
“ဆရာ ဝင်ခွင့်ပြုပါခင်ဗျာ”
ပြူငှါသောနုတ်ဆက်သံနှင့်အတူ အသက်ငါးဆယ်ကျော်အမျိုးသားတစ်ဦး ဒေါက်တာနှင်းငွေ၏ မိဂသီဆေးခန်းတွင်းသို့ဝင်လာသည်။
“ဟုတ်ကဲ့ ဝင်ခဲ့ပါ။ ဘာများဖြစ်သလဲဦးလေးခင်ဗျ။”
“ကျွန်တော်ကတော့ဘာမှမဖြစ်ပါဘူးဆရာ။ ကျွန်တော့အမေကိုပြချင်လို့ပါ။ ဒါပေမယ့် အမေက အသက်ရှစ်ဆယ်ကျော်ပြီဆိုတော့ ဆေးခန်းကိုမလာနိုင်လို့ အဲဒါ.. ဆရာများ ကူညီနိုင်မယ်ဆိုရင်အိမ်ကိုကြွဖို့ပင့်ချင်လို့ပါဆရာ။”
“ဟုတ်ကဲ့ဗျ။ အဘွားကလာဖို့အခက်အခဲရှိတော့လဲ လိုက်ခဲ့ပါ့မယ်။ ဒါပေမယ့် ဆေးခန်းရှေ့ကလူနာတွေကုန်အောင်တော့စောင့်ပေးပါဦးလေး။ ပြီးရင်ကျွန်တော်လိုက်ခဲ့ပါ့မယ်။”
ရောဂါကုသရန်စောင့်ဆိုင်းနေသော လူနာများအားလုံးကုသပြီးသောအခါ ဒေါက်တာနှင်းငွေလည်း ဆေးခန်းခေတ္တပိတ်ကာ အိမ်ပင့်ရန်လာကြိုသောဦးလေး၏ကားနှင့် အဘွားအားကုသရန်လိုက်ပါသွားတော့သည်။
လမ်းသွားရင်း ဒေါက်တာနှင်းငွေက
“ဦးလေးရေ အဘွားက ဘာရောဂါများဖြစ်လို့လဲဗျ”
“ဒီလိုပါဆရာ။ အဘွားက ကျန်းကျန်းမာမာတော့ရှိပါတယ်။ ဒီရက်ပိုင်းမှာ သတိမကောင်းတာ ခဏခဏဖြစ်တယ်ဆရာ။ မနေ့ကဆို လွန်ခဲ့တဲ့ဆယ်နှစ်ကဆုံးသွားတဲ့ သူ့အမျိုးသား (ကျွန်တော့အဖေပေါ့ဆရာရယ်) ကို ဟင်းချက်ကျွေးမယ်ဆိုပြီး ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ်ထွက်ပါလေရောဆရာ။ ဒီနေ့မနက်လဲ မနက်စာမစားရသေးတာကို စားပြီးပြီဆိုပြီးဘာမှထပ်ကျွေးလို့မရတော့ဘဲ အိပ်ချည်းအိပ်နေတယ်။ ညဘက်ကျပြန်တော့လဲသိပ်မအိပ်ဘူးဆရာ။ အဲဒါနဲ့ ကျွန်တော်တို့လဲစိုးရိမ်လို့ ဆရာ့ကိုလာပင့်တာပါ။”
“ဒီရက်ပိုင်း ဒေါသတအားကြီးလာတာ၊ စိတ်ဓာတ်ကျတာမျိုးကောတွေ့ရသေးလားဗျ။”
“အဲသလိုတော့မရှိဘူးဆရာ။ စကားပြောရဆက်ဆံရတာတော့ပုံမှန်ပါပဲ။”
ပေါ်တီကိုဆင်ဝင်အောက်တွင် ကားကိုရပ်လိုက်ပြီး ထိုဦးလေးနှင့် ဒေါက်တာနှင်းငွေတို့လည်း အိမ်ထဲသို့ဝင်ကာ အဘွားရှိရာဧည့်ခန်းထဲကိုဝင်လာခဲ့ကြသည်။ ဧည့်ခန်းရှိချိတ်ထားသော ဓာတ်ပုံများကိုမြင်သောအခါမှ အဘွားသည် မိမိငယ်စဉ်က နိုင်ငံကျော်အဆိုတော်ကြီးတစ်ဦးဖြစ်နေကြောင်းသိရတော့သည်။
“အဘွားရေ။ မင်္ဂလာပါ။ ဒီမှာအဘွားရဲ့သားက အဘွားကျန်းမာရေးမစစ်တာကြာလို့ စစ်ရအောင် ကျွန်တော့်ကိုအဘွားဆီခေါ်လာတယ်ခင်ဗျ။” ဒေါက်တာနှင်းငွေ မုသားအဖြူသုံးကာ စကားစလိုက်သည်။
“လာပါဆရာလေး။ ဆရာက ငယ်သေးတယ်နော်။ အဘွား သားလို့ပဲခေါ်မယ်ဆိုရင်အဆင်ပြေလား။”
“ပြေပါတယ်အဘွား။ ကျွန်တော့ကို တူလိုသားလိုပဲသဘောထားပြီး ဆက်ဆံပါ။ အဘွားသားကပြောတယ်။ ညဘက်ဆိုသိပ်မအိပ်ဘူးဆို ဟုတ်လားအဘွား”
“အိပ်တယ်သား။ အဘွားသားက အလကားနေရင်းစိတ်ပူနေတာ။ နေ့တိုင်းစောစောအိပ်တယ်။”
သို့သော်အဘွားနောက်ကျောတွင် ရပ်နေသောအိမ်ဖော်အကူမိန်းကလေးက အဘွားမမြင်အောင်ကွယ်ကာ လက်ခါပြသည်။
“ဟုတ်လား။ ဒါဆိုအဘွားသားက အလုပ်တွေရှုပ်ပြီးမှားပြောတာထင်တယ်။ ဒါနဲ့အဘွား ဒီမနက်ဘာစားပြီးပြီလဲ။”
“အင်း..ကြက်သားပြုတ်လေးကိုထမင်းနဲ့နည်းနည်းစားတယ်။ ပြီးတော့ ဘာလဲ.. မခေယ်တတ်တော့ဘူး မုန့်တော့မုန့်ပဲ အဲဒါစားတယ်။”
ဒေါက်တာနှင်းငွေ အိမ်ဖော်အကူမိန်းကလေးကိုလှမ်းကြည့်လိုက်သည်။ ဒီတခါ ခေါင်းခါပြသည်။ လက်ကိုကြက်ခြေခတ်လုပ်ပြသည်။ အဘွားတကယ်တော့ ဘာမှမစားရသေး။ တောက်လျှောက်အိပ်နေတာဖြစ်သည်။
“ဟုတ်ကဲ့အဘွား ဒါဆို အဘွားကို နည်းနည်းစမ်းသပ်ကြည့်ရအောင်နော်။”
ဒေါက်တာနှင်းငွေ ပြောပြောဆိုဆိုနှင့် အဘွားအားအထွေထွေစစ်ဆေးမှုများပြုလုပ်ကြည့်သည်။ ထွေထွေထူးထူးမရှိ။ ကျန်းမာသည်။ သည်လိုနဲ့ စကားပြန်စလိုက်သည်။
“အဘွားအိမ်ထဲမှာနေရတာမပျင်းဘူးလား။ ဘုရားဖူးလေးဘာလေးထွက်မလည်ဘူးလား”
“သွားပါတယ်သားရယ်။ ခဏခဏတော့မသွားနိုင်ဘူးပေါ့။ ပြီးခဲ့တဲ့ ဒီဇင်ဘာကတင် အလောင်းတော်ကဿ ပသွားခဲ့ပြီးပြီ။ ခုတော့သွားချင်စိတ်မရှိသေးဘူးသားရေ။”
ဒါကိုတော့ အိမ်သားများကထောက်ခံသည်။ အဘွားပြောသည့်အတိုင်းအတိအကျပင်ဖြစ်သည်။ ဒေါက်တာနှင်းငွေ မေးခွန်းအနည်းငါ်ဆက်မေးပြီး စမ်းသပ်မှုကိုရပ်လိုက်သည်။ ဒီလောက်ဆို အတန်အသင့်လုံလောက်စွာ သိရပြီဖြစ်၍ ဒေါက်တာနှင်းငွေ ပစ္စည်းများသိမ်းလိုက်သည်။
“ကဲ အဘွားရေ။ အဘွားက ကျန်းမာပါတယ်။ အဘွားရဲ့သားတော်မောင် ဒီဦးလေးလဲစိတ်မပူရအောင် အစားကိုအချိန်မှန်စားပေးနော်။ ညဘက်တွေစောစောအိပ်နော်။ တစ်ခုခုလိုရင် သားကိုလှမ်းသာခေါ်လိုက်အဘွား။ အခုတော့ပြန်ဦးမယ်နော် အဘွား။”
ဒေါက်တာနှင်းငွေ နုတ်ဆက်ပြီး ဦးလေးကိုမျက်ရိပ်ပြကာ အိမ်ထဲမှထွက်ခဲ့သည်။ အပြန်လမ်းကျမှ အဘွားကွယ်ရာတွင် အကျိုးအကြောင်းရှင်းပြတော့မည်။
ကားမောင်းထွက်လာသောအခါမှ ဒေါက်တာနှင်းငွေက
“ကဲ ဦးလေးရေ ရောဂါက လောလောဆယ်မှာ ကြီးကြီးမားမားတော့မဟုတ်ပါဘူး။ အသက်ကြီးလာပြီဖြစ်တဲ့အတွက် ဦးနှောက်ဆဲလ်လေးတွေ ပျက်စီးလာပြီး short term memory loss လို့ခေါ်တဲ့ သိပ်မကြာသေးခင်က သူလုပ်ခဲ့တဲ့ အဖြစ်အပျက်ငယ်လေးတွေကို မေ့သွားတဲ့အခြေအနေကိုတွေ့ရတယ်ဗျ။”
“ဒါဆိုရင် မစိုးရိမ်ရဘူးပေါ့နော်ဆရာ။”
“အခုမစိုးရိမ်ရဘူးဆိုပေမယ့် ပေါ့ပေါ့ဆဆတွေးလို့တော့မရဘူးဗျ။ အကယ်၍သာ ဒီထက်ဆိုးလာရင် Dementia လို့ခေါ်တဲ့ စိတ်၊ မှတ်ဉာဏ် နှစ်ခုလုံးဖောက်ပြန်ပြောင်းလဲလာပြီး နောက်ဆုံး Alzheimer’s disease လို့ခေါ်တဲ့ အယ်ဇိုင်းမားရောဂါဖြစ်သွားနိုင်တယ်ဗျ။”
“ဟုတ်လားဆရာ။ အဲဒီရောဂါမျိုးဖြစ်ရင်ကျတော့ ဘာတွေဖြစ်လာလဲဆရာ”
“ဒီရောဂါဖြစ်ရင် အရင်ဆုံး မှတ်ဉာဏ်တွေစချို့ယွင်းမယ်၊ နောက်ပြီး စကားပြောဆက်ဆံရတာခက်ခဲလာမယ်၊ စကားပြောချင်ပေမယ့် ပြောချင်တဲ့စကားလုံးရှာမရဘူး၊ အလုပ်တစ်ခုကို အာရုံစိုက်ပြီးလုပ်လို့မရဘူး၊ နောက်ဆုံးအတွေးတွေမှား၊အမြင်အာရုံတွေမှားပြီး စိတ်ဓာတ်ကျတာ၊ ဒေါသထွက်တာတွေပါဖြစ်လာပြီး ဘယ်သူနဲ့မှဆက်ဆံလို့မရတဲ့ထိဖြစ်သွားတတ်တယ်ဗျ။ အခု အဘွားမှာတော့ ဒီလိုလက္ခဏာတွေမတွေ့ရဘူးဆိုတော့ အယ်ဇိုင်းမားနဲ့တော့မတူပါဘူး။ ဒါပေမယ့် အစပျိုးလာပြီဆိုတော့ မဖြစ်အောင်ဘဲဆုတောင်းရတော့မှာပေါ့။”
“ဆရာ ဒါဆိုအဘွားကိုဘာဆေးတိုက်ရမလဲဆရာ။ ညွှန်ပေးပါဦးခင်ဗျ။”
” အဘွားအတွက်တော့ အအိပ်အစားမှန်အောင်ဂရုစိုက်ပေးပြီး ဆေးအနေနဲ့တိုက်ချင်ရင်တော့ လူကြီးအားဆေးလောက်တိုက်ဖို့ပဲလိုပါတယ်ဦးလေး။ အဓိက,ကတော့ အဘွားကို နွေးထွေးပြီးမိသားစုဆန်တဲ့ ပတ်ဝန်းကျင်လေးတစ်ခုဖန်တီးပေးပြီး လူတွေ၊ အပြင်ပတ်ဝန်းကျင်တွေနဲ့ ထိပေးမယ်ဆိုရင် ပိုဆိုးမလာအောင်ကူညီနိုင်ပါလိမ့်မယ်။ ပြီးတော့ မပင်ပန်းတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး ဥပမာလမ်းလျှောက်တာ၊ နောက်မှတ်ဉာဏ်အဟောင်းလေးတွေပြန်ပြောပြပေးတာမျိးသာလုပ်ပေးပါဦးလေး။
ဆေးတိုက်ရမယ့်အခြေအနေတော့မဟုတ်ပါဘူး။”
“ဟုတ်ကဲ့ပါဆရာ။ ဂရုတစိုက်ရှင်းပြပေးတာကျေးဇူးတင်ပါတယ်။”
ဒေါက်တာနှင်းငွေ၏ ဆေးခန်းရှိရာလမ်းထိပ်သို့ရောက်သောအခါ ကားကလေးသည်ဘယ်ဘက်သို့ချိုးဝင်လိုက်သည်။ လမ်းထိပ်တွင် လက်ပံပင်အိုကြီးတစ်ပင်ရှိနေသည်။ ဆောင်းအကုန်နွေအကူးမို့ အရွက်မဲ့သော အကိုင်းများက ရိုးတံအပြိုင်းပြိုင်းနှင့်။ ဤသစ်ပင်ကြီးကိုကြည့်ပြီး ဒေါက်တာနှင်းငွေတွေးမိသည်။ သစ်ပင်ကြီးသည်အိုနေပေပြီ။ သို့သော် ဂရုစိုက်မှုရှိခဲ့လျှင် နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန်နိုင်ပေဦးမည်။ နွေ၊မိုး၊ဆောင်းအလီလီ ဆက်လက်ဖြတ်သန်းနိုင်ပေဦးမည်။ ထို့အတူ နိုင်ငံကျော်အဆိုတော် ဘွားဘွားသည်လည်း………။
မေတ္တာဖြင့်
စိုင်းမြတ်သူ