အရွယ်မတိုင်ခင်သွေးဆုံးခြင်း
သွေးဆုံးခြင်းဆိုတာဘာလဲ?
အမျိုးသမီးများတွင်သားဥအိမ်အလုပ်လုပ်နိုင်စွမ်းမရှိတော့၍ အနည်းဆုံး၁၂လဆက်တိုက်ဓမ္မတာမလာလျှင် သွေးဆုံးခြင်းဟုခေါ်သည်။ ပုံမှန်အားဖြင့် ၄၅-၅၅နှစ်ကြားတွင်ဖြစ်လေ့ရှိသည်။
အရွယ်မတိုင်ခင်သွေးဆုံးခြင်းဆိုသည်မှာအဘယ်နည်း?
အသက်၄၀မတိုင်ခင်သွေးဆုံးခြင်းကိုခေါ်ခြင်းဖြစ်သည်။အဓိကအားဖြင့် ပုံမှန်ထက်စော၍သားဥအိမ်အလုပ်လုပ်နိုင်စွမ်းကုန်ဆုံးခြင်း, ဓာတ်ရောင်ခြည်ထိခြင်း, ကင်ဆာဆေးသွင်းခြင်း နှင့် သားဥအိမ်၂ခုလုံးအားခွဲစိတ်၍ဖယ်လိုက်ရသောအခြေအနေများကြောင့်ဖြစ်တတ်ပါသည်။ စိတ်ရောဂါ, ဦးနှောက်အကျိတ်ဖြစ်ခြင်းနှင့် လည်ပင်းရှိအကျိတ်( thyroid gland ) ရောဂါအချို့တွင်လည်း ကာလကြာရှည် ရာသီထိန်ခြင်း ရံဖန်ရံခါဖြစ်တတ်သည်။
အခြားဘယ်သူတွေမှာဖြစ်နိုင်သေးလဲ?
- ဆေးလိပ် သို့မဟုတ် အရက် ကြာရှည်သုံးစွဲသူများ
- အမေ(သို့) အမများတွင် ဖြစ်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- အလွန်ပိန်သောသူများ
- အတက်ရောဂါရှိသူများ နှင့်
- အချို့သော မျိုးရိုးဗီဇဆိုင်ရာရောဂါရှင်များ ( chromosomal disorder ) (ဥပမာ – Turner syndrome)အဆိုပါအမျိုးသမီးများတွင်လည်းဖြစ်နိုင်ခြေရှိပါသည်။
ဖြစ်ပွားမှုနှုန်းဘယ်လောက်ရှိလဲ?
အမျိုးသမီးလူဦးရေ၏ တစ် ရာခိုင်နှုန်းခန့်(1%) တွင်သာဖြစ်နိုင်ပါသည်။ဖြစ်နိုင်သောလက္ခဏာများ
- ခေါင်းကိုက်ခြင်း
- မျက်နှာနီမြန်း၍ပူခြင်း
- မေ့လွယ်ခြင်း , အာရုံစူးစိုက်နိုင်စွမ်းလျော့နည်းခြင်း
- စိတ်ဓာတ်ကျခြင်း
- အိပ်မပျော်ခြင်း
- အရေပြားခြောက်သွေ့၍ယားယံခြင်း
- လိင်စိတ်လျော့နည်းလာခြင်း
- အရိုးပွ၍ကျိုးလွယ်ခြင်း
- မိန်းမကိုယ်ခြောက်သွေ့၍ ကာမစပ်ယှက်လျှင်နာကျင်ခြင်း အစရှိသည်တို့ဖြစ်နိုင်သည်။
သွေးဆုံးလျှင်ဘယ်လိုကုသမှုမျိုးရယူနိုင်လဲ?
ပုံမှန်ထက်စော၍သွေးဆုံးခြင်းအတွက်ကုထုံးမရှိသေးပါ။ရောဂါလက္ခဏာသက်သာအောင်သာပြုလုပ်နိုင်ပါသည်။အမျိုးသမီးအများစုတွင် လက္ခဏာမပြင်းထန်သဖြင့်ကုသမှုခံယူရန်မလိုအပ်ပေ။ နေထိုင်မှုပုံစံပြောင်းလဲရန်သာလိုအပ်ပါသည်။
- နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း
- caffeine ဓာတ်ပါသောအစားအသောက်များ လျှော့သုံးခြင်း (လက်ဖက်ရည် ကော်ဖီစသဖြင့်)
- ဆေးလိပ် အရက်ရှောင်ကြဉ်ခြင်း အရိုးပွ၍ ကျိုးလွယ်ခြင်းကာကွယ်နိုင်ရန် ကယ်စီယမ် နှင့် ဗီတာမင်ဒီ ကြွယ်ဝသောအစားအစာနှင့် အားဆေးများသောက်သုံးခြင်း ( ဥပမာ- ငါး, အမဲသား , ဥ, နို့ နှင့် နို့ထွက်ပစ္စည်းများ , ကောက်ပဲသီးနှံများအစရှိသည်)
- ပုံမှန်ဆေးစစ်မှုခံယူခြင်း တို့ပြုလုပ်သင့်ပါသည်။
ရောဂါလက္ခဏာပြင်းထန်သောအမျိုးသမီးများအတွက်ဘာတွေလိုအပ်လဲ?
- မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက်သုံးနိုင်သော gel , လိမ်းဆေးများ
- စိတ်ကျရောဂါကုထုံးများ
- ဟော်မုန်းအစားထိုးကုသမှု (Hormone replacement therapy/ HRT) အစရှိသည်တို့ကို ကျွမ်းကျင်ရာဆရာဝန်များထံတွင်ကုသမှု ခံယူသင့်ပါသည်။
မေတ္တာမွန်ဖြင့်
နွေ