ရာသီမလာမီစိတ်ဂနာမငြိမ်ဖြစ်ခြင်း
အမျိုးသမီးတို့ရဲ့ဘဝမှာ အပျိုဖော်ဝင်ပြီးတာနဲ့ လစဉ်လတိုင်းရာသီလာတယ်ဆိုတာ မထူးဆန်းတော့တဲ့အရာတစ်ခုဖြစ်ပါတယ်။ အပျိုဖော်ဝင်တာကနေ ကိုယ်ဝန်မရမခြင်း၊ သွေးမဆုံးမခြင်း၊ ရောဂါကြောင့်သားအိမ်၊ သားဥအိမ်တို့ကို ထုတ်လိုက်ရတဲ့အချိန်တွေကလွဲလို့ လစဉ်ပုံမှန်ကြုံတွေ့နေရမယ့်အရာလည်းဖြစ်ပါတယ်။ ရာသီလာရာမှာပုံမှန်လာတတ်သလို ပုံမမှန်တာ၊ နာကျင်ကိုက်ခဲမှုတွေရှိတဲ့လရှိသလို သူ့ဟာသူပြီးသွားတာ၊ စိတာအရမ်းအားငယ်ပြီးငိုချင်လောက်အောင်ဖြစ်တာ၊လာတဲ့ပမာဏနည်းတာ၊ များတာ၊ အကြာကြီးလာတာ၊ ခဏလေးနဲ့ပြီးသွားတာစတဲ့အခြင်းအရာတွေဟာလည်း အမျိုးသမီးတွေကြုံတွေ့နေရတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
အဆိုပါဝေဒနာတွေအများစုကိုသက်သာရာသက်သာကြောင်း ပြုလုပ်လို့ရသလို မသိလိုက်မသိဘာသာနေရင်းနဲ့ သူ့ဟာသူပြီးသွားတဲ့ဝေဒနာတွေရှိပါတယ်။ ဒါပေမယ့် ရာသီမလာမီစိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို ပြင်းပြင်းထန်ထန်ကြုံရရင်တော့ ပေါ့ဆလို့မရပဲ ထိထိရောက်ရောက်ကုသသင့်ပါတယ်။
စိတ်ထောင်းကိုယ်ကြေ၊ စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်း ရာသီလာရင်စိတ်အနှောင့်အယှက်အနည်းနဲ့အများဖြစ်ရတဲ့အထဲမှာ စိတ်ဂနာမငြိမ်ရင်ပိုဆိုးတတ်ပါတယ်။ အချို့ကတော်ရုံနဲ့ပြီးသွားပေမယ့် ရောဂါအသွင်ဆောင်လောက်အောင်နှောင့်ယှက်လာရင်တော့ မြန်မြန်ကုသသင့်ပါတယ်။ အဆိုပါဝေဒနာဟာ ရာသီလာသလိုပဲ တစ်လတစ်ခါပုံမှန်ဖြစ်တတ်ပါတယ်။ 28ရက်စက်ဝန်းမှာ 14ရက်နောက်ပိုင်း မျိုးဥကြွေပြီးနောက်ပိုင်းမှာဖြစ်တတ်ပြီးရာသီစလာပြီးမကြာခင်မှာပဲပျောက်သွားတတ်ပါတယ်။ သုတေသနအချို့အဆိုကတော့ ရာသီလာခါနီးဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်လို့သတ်မှတ်ပြီး ပိုမိုပြင်းထန်စွာခံစားရရင်တော့ အဆိုပါအပြောင်းအလဲတွေကို ပိုပြီးခံရလို့ဖြစ်တာလို့ဆိုပါတယ်။ အကြောင်းရင်းကိုတော့ တိတိကျကျထုတ်မပြနိုင်သေးပါဘူး။ စိတ်ကြောင့်ဖြစ်တယ်လို့လည်းအချို့ကဆိုကြပါတယ်။
ရောဂါဝေဒနာတွေကတော့ ရာသီလာခါနီးရင် စိတ်တိုလာတာ၊ နည်းနည်းဖြစ်တာကိုများများဒေါသထွက်တာ၊ စကားအမှာတော်ရုံတန်ရုံခွင့်လွှတ်နိုင်တဲ့အမှားတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်တာ၊ အကြောင်းအရာသေးသေးလေးကိုအများကြီခံစားတာ၊ မျက်ရည်လွယ်တာ၊ လုပ်နေကြအလုပ်တွေကိုစိတ်မဝင်စားတော့တာ၊ အာရုံစိုက်မရတာ၊ လုပ်ချင်ကိုင်ချင်စိတ်မရှိတာ၊ အရမ်းအိပ်တာ၊ လေးလံထိုင်းမှိုင်းတာ စသဖြင့်ဝေဒနာအပြင်းအပျော့တွေခံစားရနိုင်ပြီး စိတ်ဓာတ်ကျကာ အဆိုးဆုံးအနေနဲ့တော့ အဆုံးစီရင်မှုတွေအထိဖြစ်သွားနိုင်ပါတယ်။
အဆိုပါဝေဒနာတွေကို သည်းမခံနိုင်လောက်အောင်ပြင်းထန်လာရင်တော့ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်သင့်ပါတယ်။ ဆေးအနေနဲ့တော့ စိတ်ကျရောဂါသက်သာစေမယ့်ဆေးတွေသောက်လို့ရပါတယ်။ အရေးကြီးတာကတော့ မိမိစိတ်ကိုပြောင်းစေနိုင်တဲ့အရာတွေကိုရှောင်ဖို့ဖြစ်ပါတယ်။ ဥပမာ မိမိကိုစိတ်အနှောင့်အယှက်ပေးနေတဲ့အရာတွေကို ရှောင်ကြဉ်တာ၊ စိတ်ပျက်စေမယ့်အလုပ်တွေကိုခဏမေ့ထားတာ၊ ဒေါသထွက်စေတဲ့အရာတွေကိုရှင်းလင်းတာတွေလုပ်ရပါမယ်။ ကြုံလာခဲ့ရင်လည်းတတ်နိုင်သလောက်အကောင်းမြင်စိတ်မွေးရပါမယ်။ ဖြစ်တတ်ကြုံတတ်တယ်ဆိုတာသတိရပြီးအချိန်တန်ရင်ပြီးသွားမှာပါဆိုတဲ့စိတ်မျိုးမွေးရပါမယ်။
စိတ်ရောဂါအထူးကုတွေနဲ့ဆွေးနွေးနိုင်သလို မိမိကိုပျော်ရွှင်စေတဲ့သူတွေနဲ့အချိန်တွေကုန်နိုင်အောင်ကြိုးစားသင့်ပါတယ်။ ဘယ်လိုမှထိန်းချုပ်လို့မရနိုင်တော့အောင်ဆိုးလာပြီဆိုရင်တော့ သားအိမ်၊ သားဥအိမ်တို့ကိုအပြီးခွဲထုတ်လိုက်ရင်တော့ လုးဝပျောက်ကင်းသွားနိုင်ပါတယ်။ သို့သော်သွေးဆုံးသလိုဖြစ်သွားတဲ့အတွက် ဖြစ်ပေါ်လာနိုင်တဲ့နောက်ဆက်တွဲဝေဒနာတွေကိုတော့ သင့်တော်တဲ့ကုသမှာဆက်လက်ခံယူရပါမယ်။
ရာသီလာတော့မယ်ဆိုရင်စိတ်မငြိမ်တာက ဂရုစိုက်သင့်ပါတယ်။တစ်လတစ်ခါပုံမှန်ဖြစ်နေနိုင်သလို ကြုံတွေ့လာရင်ရင်ဆိုင်ဖို့လည်း။ ပြင်ဆင်ထားသင့်ပါတယ်။ ပေါ့ပေါ့ဆဆနေလိုက်ရင်စိတ်ဓာတ်တွေအရမ်းကျပြီး အဆုံးစီရင်တဲ့အထိဖြစ်နိုင်တာမို့ ထိထိရောက်ရောက်ကုသသင့်ပါတယ်။
Dr. ZZ