ဒေါက်တာစု နှင့်တီတီတာတာလေးများ (၂)
ရက်တစ်ရာ ကြက်ညှာချောင်း
ဒေါက်တာစု တစ်ယောက် ဆေးခန်းရောက်ပြီးသိပ်မကြာမှီ ဆေးခန်းရှေ့အိမ်က ဒေါ်မြ တစ်ယောက် သူ့သမီး သဲသဲ လက်ကလေးဆွဲကာ ဆေးခန်းရောက်လာသည်

သဲသဲကို ကြည့်လိုက်တော့ ချောင်းဆိုးနေသည်မှာ ဆေးခန်းဝင်စကထဲက ခုထိ တစ်ချက်မနား ဆိုးလိုက်သည့် အဆိုး ” ကျွန်မ ဆရာဝန်တစ်ယောက်ပါ”လို့ ပြေးသာပြောချင်တော့သည်

“ပြောပါဦး ဒေါ်မြရယ်၊ ကလေးက ချောင်းဆိုးလှချည်လား?”

ဒေါ်မြက ” ဆရာမ ရယ် ချောင်းဆိုးဆို တစ်လ နီးပါးတောင်ရှိတော့မယ်လေ၊ အဲ့တာ ဘာများဖြစ်နေလဲလို့?”

” ကြည့်ပါဦးမယ် အမရယ် ၊ ကြက်ညှာချောင်းဆိုးဖြစ်နေပါဦးမယ်”

ဒေါက်တာစုတစ်ယောက် စမ်းသပ်ပြီးနောက်” သဲသဲလေးက ကြက်ညှာချောင်းဆိုးဖြစ်နေတာ”

ဒေါ်မြက ” ကြက်ညှာချောင်းဆိုးဆိုတာ စိုးရိမ်ရလား? ဆရာမ”

“ကြက်ညှာချောင်းဆိုးဆိုတာ လေကတစ်ဆင့်ကူးတာ အမရေ”

” ရောဂါ လက္ခဏာတွေက အဆင့် (၃) ဆင့်ရှိတယ်”

” ပထမ ချောင်းဆိုးမယ်၊ နှာချေမယ်၊ နှာစေးမယ်၊ မျက်ရည်ပူကျမယ်”

“နောက်တစ်ဆင့်က ချောင်းအဆက်မပြတ်ဆိုးမယ်၊ ချောင်းဆက်တိုက်ဆိုးလို့ အသက်ရူရမဝဖြစ်ပြီး ချောင်းဆိုးပြီးနောက်ပိုင်းမှာ အသက်ပြင်းပြင်းရူသံ “ဟုပ်” ဆိုပြီး ကြားရတတ်တယ်”

” ကလေးငယ် ငယ်လေးတွေဆို ရုတ်တရက်ပြာသွားတတ်တယ်”

“ခုသဲသဲလေးက ချောင်းဆိုးတဲ့ အဆင့်ဖြစ်နေတယ်”

“နောက်ဆုံးအဆင့်ကတော့ ကလေးက အစားပြန်စားလာပြီး ချောင်းဆိုးသက်သာလာလိမ့်မယ်”

” ကြက်ညှာချောင်းဆိုးက ကြာတတ်လား ဆရာမ?”

“ကြာတတ်တယ် ဒေါ်မြရဲ့ ၊ တစ်ခါတစ်လေ ၃ ပတ်က နေ တစ်လ ကျော်အောင်ကို ကြာတာ”

” ကြက်ညှာရဲ့ နောက်ဆက်တွဲကတော့ အဆုတ်ယောင်တာ၊ တက်တာ၊ ချောင်းအရမ်းဆိုးလို့ အူကျွံတာမျိုး ကလေးတစ်ချို့မှာ တွေ့ရတတ်ပါတယ်”

” အဓိကတော့ ချောင်းဆိုးပျောက်ဆေး သောက်ရမယ်”

ဒေါ်မြက “ဘာလို့ဖြစ်တာလဲ ဆရာမ? ကာကွယ်လို့ရလား? သဲသဲကြည့်ရတာ စိတ်ဆင်းရဲလို့ပါ”

” အဓိကတော့ဘက်တီးရီးယားပိုးကူးလို့ဖြစ်တာ၊ ကာကွယ်ဆေးထိုးပြီးကာကွယ်လို့ရပါတယ်”

“ဆုံဆို့ကြက်ညှာ ကာကွယ်ဆေးကို ကလေးအသက် ၂လ၊ ၄လ၊ ၆လ မှာထိုးပေးပြီး ကာကွယ်လို့ရပါတယ်”

ဒေါ်မြလည်း သိချင်တာတွေ တစ်ဝကြီးသိရပြီမို့ ပြုံးပျော်ကာ ဆေးခန်းမှ ပြန်သွားတော့သည်

မယ်တင် (ဆေး ၁)