ကိုယ်ဝန်ဘယ်လိုတားကြမလဲ (၁)

Oral Contraceptive Pills

မနက်ပိုင်းဆေးခန်းဖွင့်ချိန် ငယ်ငယ်ရွယ်ရွယ် စုံတွဲတစ်တွဲ ဆေးခန်းတွင်းသို့ဝင်လာသည်။

ကျွန်တော် ။ ။ ဟုတ်ကဲ့ လာပါ။ ဘာကူညီပေးရမလဲဗျ။

အမျိုးသမီး ။ ။ ဆရာ ကျွန်မတို့ကအိမ်ထောင်ကျတာ ၅ ရက်လောက်ဘဲရှိသေးတယ်။ အဲ့ဒါ တားဆေးဘာသုံးရင်ကောင်းမလဲလို့ ဆရာနဲ့တိုင်ပင်ချင်လို့ပါ။

ကျွန်တော် ။ ။ အော် ဟုတ်ပြီ။ ဘာတားဆေးသုံးရမလဲဆိုတာ မဆွေးနွေးခင် ဘယ်လိုနည်းလမ်းတွေနဲ့တားလို့ရလဲ။ ကောင်းကျိုး ဆိုးကျိုးတွေဘာတွေရှိလဲ အရင်ဆွေးနွေးကြတာပေါ့။

ညီမ သိသလောက် တားတဲ့နည်းလမ်းလေးတွေပြောကြည့်ပါလား။

အမျိုးသမီး ။ ။ လက်ညှိုး ဆေးကဒ်၊ ဒက်ပိုထိုးဆေး…… အင်း….. ဒီလောက်ဘဲသိတယ်ဆရာ။

ကျွန်တော် ။ ။ ဟုတ်ပြီဗျ။ ဒါဆိုကျွန်တော်နည်းလမ်းအစုံပြောပြပေးမယ်။ တစ်နေ့တစ်လုံးစားရတဲ့စားဆေးကဒ်၊ သုံးလခံထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်း၊ သားအိမ်တွင်းထည့်ပစ္စည်း၊ ကွန်ဒုံး နဲ့ အရေးပေါ်တားဆေး စသဖြင့်ပေါ့။ ဒါတွေကတော့ ဒီမှာအသုံးများတာတွေပေါ့။ရက်ရှောင်နည်းတို့၊သုတ်ကိုအပြင်မှာထုတ်တာတွေကတော့စိတ်မချရဘူးဗျ။

အမျိုးသား ။ ။ဆရာရက်ရှောင်နည်းဆိုတာ ဘာလဲဟင်။ သုတ်ကိုအပြင်မှာထုတ်တာကရော ဘာလို့စိတ်မချရတာလဲ။

ကျွန်တော် ။ ။ ရက်ရှောင်နည်းက ရာသီမလာခင်တစ်ပတ်နဲ့ ရာသီစလာတဲ့ရက်မှတစ်ပတ်လို့အလွယ်မှတ်လို့ရတယ်။ အဲ့နှစ်ပတ်အတွင်းအတူနေရင်ကလေးရနိုင်ချေနည်းတယ်ဗျ။ ရနိုင်ချေနည်းတယ်လို့ဘဲပြောတာနော် လုံးဝမရဘူးတော့မဟုတ်ဘူးဗျ။ ဒီနည်းလမ်းကလည်း တစ်လတစ်ခါရာသီပုံမှန်လာတဲ့အမျိုးသမီးတွေမှာဘဲ
သုံးလို့ရတာ။ ရာသီက ရှေ့တိုးနောက်ဆုတ် ရက်ပုံမှန်မရှိတဲ့ အမျိုးသမီး တွေမှာဒီနည်းသုံးလို့မရဘူး။ သုတ်ကိုအပြင်မှာထုတ်တာကလည်းစိတ်မချရဘူး ဘာလို့ဆို အတူနေစဉ်မှာ သုတ်မထွက်ခင်အကြိုရည်မှာ သုတ်ပိုးလေးတွေပါလာတတ်လို့ ဒီနည်းကလည်းစိတ်မချရဘူး။

အမျိုးသမီး ။ ။ ဟုတ်ကဲ့ဆရာ ဒါဆိုကျွန်မ လက်ညှိုး ဆေးကဒ်သောက်ရင်ကောင်းမလားဆရာ။

ကျွန်တော် ။ ။ ဟုတ်ပြီ ကျွန်တော် စားဆေးကဒ်အကြောင်းပြောပြပေးမယ်။ စားဆေးကဒ်မှာ ပရိုဂျက်စတင်(progestin) နဲ့ အီစရိုဂျန်(estrogen) ဆိုတဲ့ဟော်မုန်းဆေးနှစ်မျိုးအရောဆေးကဒ် ရယ် ပရိုဂျက်စတင် သီးသန့်ပါတဲ့ဆေးကဒ်ဆိုပြီးနှစ်မျိုးရှိတယ်။ ဟော်မုန်းဆေးနှစ်မျိုးအရောက အသုံးများတယ်။ ဘာလို့ဆို သူကတမျိုးတည်းသီးသန့်ဆေးကဒ်ထက်ပိုထိရောက်တယ်။ ဒါပေမယ့် နို့တိုက်မိခင်တွေမှာတော့ နှစ်မျိုးအရောက မသောက်သင့်ဘူး။

အမျိုးသမီး ။ ။ ဘာဖြစ်လို့လဲဆရာ။ ကျွန်မအစ်မသောက်နေတာတွေ့တယ်။

ကျွန်တော် ။ ။ သူထဲမှာပါတဲ့ အီစရိုဂျန်(estrogen)လို့ခေါ်တဲ့ ဟော်မုန်းဆေးက နို့ထွက်နည်းစေတဲ့အတွက်ကလေးနို့မဝဘူးပေါ့ဗျာ။ကလေးကိုတိုက်ရိုက်ထိခိုက်စေတာတော့မဟုတ်ပါဘူး။

အမျိုးသား ။ ။ ဆရာ ဒါဆိုတခြားဆိုးကျိုးတွေပြောပြပေးပါဦး။ ကျွန်တော့်အမျိုးသမီးကို ထိခိုက်မှာစိုးလို့ပါ။

ကျွန်တော် ။ ။ ဟုတ်ကဲ့။ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့တာ၊ ရင်တုန်တာ၊ ဟော်မုန်းဆေးပါလို့ ရာသီမမှန်တာ၊ ဝလာတာမျိုးတော့ရှိနိုင်ပါတယ်။ ဒါပေမယ့် အများစုကတော့ ရာသီတစ်လတစ်ခါပုံမှန်လာကြပါတယ်။ ဝတာကတော့သုံးလခံထိုးဆေးလောက်တော့မဝဘူးပေါ့။ တကယ်လို့ ဆေးသောက်နေရင်းနဲ့ မျက်စိနဲ့အသားဝါလာတာ၊ ညာဘက်နံရိုးအောက်နားကအောင့်လာတာ၊ မျက်စိဝေဝါးလာတာ၊ အမြင်အာရုံမှာ လက်လက် လက်လက်ဖြစ်ပြီး ခေါင်းထိုးကိုက်လာတာ၊ ခြေသလုံးကြွက်သားနာပြီးရောင်လာတာ စတဲ့လက္ခဏာတွေဖြစ်လာရင်တော့ ဆေးသောက်တာရပ်ပြီးချက်ခြင်းဆရာဝန်နဲ့ပြန်ပြဖို့လိုပါမယ်။ပြီးတော့ ရာသီမလာဘဲရက်ကျော်သွားရင်လည်းပြန်ပြရမှာပေါ့။ ကိုယ်ဝန်ရှိမရှိ စစ်ဆေးဖို့ပေါ့။

အမျိုးသမးီ ။ ။ ။ ဆရာ အဲ့ဒါဆို ဆေးကဒ်ကိုပုံမှန်သောက်နေရင်းနဲ့ ကိုယ်ဝန်ရသွားတတ်တာမျိုုး ရှိတာပေါ့။

ကျွန်တော်။ ကိုယ်ဝန်တားတဲ့ ဘယ်နည်းလမ်းမဆို ၁၀၀ % စိတ်မချရပါဘူး။ ဒီဆေးကဒ်ကို တစ်လတစ်ကဒ် အမျိုးသမီးအယောက်တစ်ရာကို တစ်နှစ်သောက်ခိုင်းရင် ၇ ယောက်လောက်တော့ကိုယ်ဝန် ရသွားတတ်ပါတယ်။

အမျိုးသမီး ။ ။ ဆရာ ဒီဆေးကဒ်ကဒါဆို တစ်နေ့တစ်လုံး ပုံမှန်သောက်ရမှာပေါ့နော်။တကယ်လို့မေ့သွားတာမျိုးရှိရင်ရောဆရာ။

ကျွန်တော် ။ ။ ဟုတ်တယ်ဗျ။ တစ်နေ့တစ်လုံး အချိန်မှန်သောက်ဖို့လိုတယ်ဗျ။ မမေ့အောင် မြင်သာတဲ့နေရာမှာထားပေါ့ ဥပမာ အိပ်ယာဘေးထားအိပ်ပြီး အိပ်ခါနီးတိုင်းသောက်တာမျိုးပေါ့။ တကယ်လို့ ဒီနေ့ညသောက်ဖို့မေ့သွားတယ်ဆိုရင် မနက်ဖြန် သတိရရချင်း မနက်ဖြစ်ဖြစ် နေ့လည်ဖြစ်ဖြစ်ပေါ့ မေ့သွားတဲ့အလုံးကိုသောက် ပြီးရင် ပုံမှန်သောက်နေကျအချိန်ဆက်သောက်ရုံဘဲဗျ။

အမျိုးသမီး ။ ။ ကျေးဇူးတင်လိုက်တာဆရာရယ် ဆေးဆိုင်မှာ ကိုယ့်ဘာသာဝယ်သောက်ရင် ဒီလိုတွေဘယ်သိရမလဲဆရာ။

ဒေါက်တာမျိုးကိုကို

နောက်အဆက်တွေမှာတခြားနည်းလမ်းတွေအကြောင်းဆက်လက်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *