ဘိုးဘိုး၊ဘွားဘွားတို့နှင့် အရိုးပွခြင်းအန္တရာယ်
” ဒေါ်ပုတစ်ယောက် ချော်လဲပြီး ပေါင်ရိုးကျိုးသွားလို့တဲ့…. ဆေးရုံတက်နေရတယ်….သတင်းသွားမေးပြီး ကြည့်ပေးလိုက်ပါဦး သမီးရယ်…”
ဒေါ်ပုဆိုတာ အိမ်နားက အသက် 70 ကျော်အဘွားပါ…
အိမ်နီးနားချင်းဆိုတော့ အမေတို့နဲ့လည်းခင်နေ…ကိုယ်တိုင်လည်း အဘွားဒေါ်ပုနေမကောင်းရင် တစ်ခါတစ်ခါသွားကြည့်ပေးဖူးပါတယ်…
လူနာမေးတော့ သွားရဦးမယ်….အင်း…တလောကလည်း…
အမေ့အသိအန်တီတစ်ယောက် …အဘွားဒေါ်ပုလိုမျိုးပဲ…
ချော်လဲပြီး ပေါင်ရိုးကျိုးတာ စတီးရိုးထည့်လိုက်ရတယ်လေ….
အဲ့အန်တီကတော့ အသက် 50 ကျော် 60 နီးနီးအရွယ်…
ဘာလို့ ဒီလိုအသက်အရွယ်ရလာတဲ့ အမျိုးသမီးတွေမှာ ပေါင်ရိုးကျိုး၊အရိုးကျိုးတာတွေ အဖြစ်များရတာပါလဲ?
ချော်လဲလို့လား? ချော်လဲလို့ဆိုတာက အကြောင်းရင်းတစ်ခုလို့တော့ ပြောလို့ရပေမယ့်… အဓိကအကြောင်းရင်းကတော့ အရိုးပွခြင်းပါ။
လူငယ်တစ်ယောက်နဲ့ လူကြီးတစ်ယောက် ချော်လဲတဲ့နေရာ၊ချော်လဲပုံ၊ ချော်လဲတဲ့အရှိန်ချင်းတူရင်တောင် လူငယ်ဖြစ်သူဆိုအရိုးကျိုးတဲ့အထိ မဖြစ်ဘဲ…ဘာကြောင့် လူကြီးက အရိုးကျိုးရတာလဲဆိုတဲ့ မေးခွန်း အတွက်အဖြေက အရိုးပွခြင်းပဲဖြစ်ပါတယ်။
အရိုးပွတယ်ဆိုတာ…….
‘အရိုးပွတယ်’ဆိုတာ သွေးဆုံးပြီး အသက်အရွယ်ရလာတဲ့ အမျိုးသမီး တွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြသနာတစ်မျိုးဖြစ်ပြီး၊အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။
နားလည်လွယ်အောင်ပြောရမယ်ဆိုရင်ပုံမှန်ဖွဲ့စည်းပုံအရ အရိုးမှာ ထူပြီးမာကျောတဲ့အပြင်နံရံနဲ့ရေမြှုပ်လိုမျိုးအပေါက်ငယ်လေး တွေပါတဲ့ အတွင်းပိုင်းရှိပါတယ်။
အရိုးပွတယ်ဆိုတာက အရိုးရဲ့အပြင်နံရံဟာ ပါးလာပြီး အတွင်းဘက် ရေမြှုပ်သားလိုအပေါက်ငယ်လေးတွေ ကြီးကြီးလာတာပါ။ထိုအခါမှာ အရိုးရဲ့ သိပ်သည်းဆနည်းလာပြီး အရိုးကျိုးလွယ်လာပါတယ်။ (အရိုးပွတဲ့လူကြီးများမှာ အထူးသဖြင့် ပေါင်ရိုးဟာအကျိုးလွယ်ဆုံးဖြစ်ပြီး လက်ကောက်ဝတ်နဲ့ကျောရိုးဆစ်များဟာလည်း
ကျိုးလွယ်တဲ့ထဲပါပါတယ်။)
ဘယ်လိုလူတွေမှာ ဖြစ်နိုင်ချေပိုများလဲဆိုတော့
- -သွေးဆုံးပြီးအမျိုးသမီးများ
- -ဆေးလိပ်သောက်သူများ
- -အရက်အလွန်အကျွံသောက်သုံးသူများ
- -လေ့ကျင့်ခန်း၊ကိုယ်လက်လှုပ်ရှားနည်းပါးသူများ
- -ကယ်လ်စီယမ်ဓာတ်ပါဝင်သောအစားအစာစားသုံးမှုနည်းသူများ
- -အာဟာရချို့တဲ့သူများ …..ဖြစ်ပါတယ်။
အရိုးပွခြင်းကိုဘယ်လိုကာကွယ်မလဲ?
- – ကယ်လ်စီယမ်ပါတဲ့ အစားအစာတွေစားမယ်၊
- – ဗီတာမင်ဒီပါတဲ့အစားအစာတွေစားမယ်၊
- – လေ့ကျင့်ခန်းလေးတွေပုံမှန်လုပ်မယ်၊
- – ဆေးလိပ်၊အရက်ရှောင်ကြဉ်မယ်။
ကယ်လ်စီယမ်ပါတဲ့အစားအစာဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းများ၊ စိမ်းရင့်ရောင်အရွက်များ စတာတွေပါ။နောက်ပြီး ကယ်လ်စီယမ် အားဖြည့်ဆေးတွေလည်း သောက်နိုင်ပါတယ်။
ဗီတာမင်ဒီကတော့ နေရောင်ခြည်မှတစ်ဆင့်ရရှိတဲ့ဗီတာမင်ပါ။ ကြက်ဥ၊နှံစားပြောင်း၊နို့၊ငါး စတာတွေမှလည်းရရှိနိုင်ပါတယ်။
လေ့ကျင့်ခန်းအနေနဲ့ကတော့ ခပ်သွက်သွက်လမ်းလျှောက်ခြင်း၊ ပြေးခြင်း စတာလေးတွေ ပုံမှန်လုပ်သင့်ပါတယ်။
အရိုးပွနေပြီဆိုရင်ရော?
ကံကောင်းတဲ့အချက်က အရိုးပွနေပြီဆိုရင်တောင် ကုသဖို့ အရမ်းနောက်မကျသေးပါဘူး။
အထက်မှာပြောထားတဲ့အတိုင်း
- -ကယ်လ်စီယမ်ပါဝင်တဲ့အစားအစာတွေ
- -ဗီတာမင်ဒီပါဝင်တဲ့အစားအစာတွေ
- -လေ့ကျင့်ခန်းတွေ
- -အရက်၊ဆေးလိပ်ရှောင်တာတွေအပြင်
- -ဆရာဝန်ညွှန်ကြားတဲ့ အရိုးအားဖြည့်ဆေးလေးတွေ
စနစ်တကျသောက်မယ်ဆိုရင် အရိုးတွေပြန်လည်သန်စွမ်းလာနိုင်မှာ ဖြစ်ပါတယ်။
မေ (ဆေး ၂)