? ဝလာလေလေ စွမ်းဆောင်မှုကျလေလေ ?
ကိုဖက်တီး ဆေးခန်းထဲဝင်လာတယ်။ ‘မသွားမီက ရောက်နှင့်သည်’ဆိုတဲ့ သူ့ဗိုက်ပူလေးကို ကော့ကော့ ကော့ကော့နဲ့ ရှေ့ပစ်ပြီးတော့ပေါ့။
ဝဝတုတ်တုတ် ဖတ်တီးပုတ်မို့ အားလုံးက ‘ဖက်တီး’လို့ ခေါ်ရင်းခေါ်ရင်း သူ့နာမည်ရင်း သူတောင် သိပ်မမှတ်မိတော့ရှာတဲ့ ‘ကိုဖက်တီး’။
ဖက်တီးတို့ရဲ့ ရိုးရာလို့ပဲ ဆိုရမလား.. ‘ကိုဖက်တီး’ က ရောဂါတော့စုံတယ်။ ဒီဆေးခန်းရဲ့ ဖောက်သည်ခေါ်ရမလား..အမာခံပရိသတ်ခေါ်ရမလား။
“ဟာ..ဆရာ..လူရှင်းနေတာနဲ့ အတော်ပဲ”
“ပြော..ကိုဖက်တီး ဘာဖြစ်လို့လဲ”
ရန်သူ့နယ်မြေထဲ တိတ်တဆိတ်ရောက်နေတဲ့ စစ်သားလို သူ့အသံ သူပြန်ကြားမှာတောင် ကြောက်တဲ့ လေသံမျိုးနဲ့ တိုးတိုးလေးပြောတယ်။
“ဆရာ..ကျွန်တော့် ညီလေး ခေါင်းမထောင်နိုင် ဖြစ်ဖြစ်နေလို့”
“ဟာ..ဆေးခန်းခေါ်လာခဲ့လေဗျာ”
“ပါလာတယ်ဆရာ”
“ဟာ.. အရမ်းခေါင်းမူးနေလို့လား..အထဲခေါ်လိုက်လေ ”
“အထဲကိုပါလာတယ်ဆရာ” ဆိုနေတဲ့ သူ့မျက်လုံးက အခန်းတံခါးဝမှာမဟုတ်။
ကျီးကြည့် ကြောင်ကြည့်..ဟိုကြည့် ဒီကြည့်..။ ဆရာဝန်ကိုလည်း မျက်လုံးချင်းမဆိုင်။ အခန်းထဲမှာလည်း သူ့အပြင် ဘယ်သူမှမရှိ။ ညကမှောင်မှောင်။ ကျောထဲတစ်ချက်စိမ့်သွားတယ်။
သူ့ညီလေးဆိုတာ လူရော ဟုတ်ရဲ့လား။
သရဲခြောက်ပြီလား။
“ကိုဖက်တီး ခင်ဗျား ဘာဖြစ်လာတာလဲ ရှင်းအောင်ပြော”
ကြောက်ကြောက်နဲ့ ခပ်တင်းတင်းမေးလိုက်တော့မှ “အာ..မဟုတ်ဘူးဆရာ..ဟိုဟာ..” တဲ့။
မျက်နှာကြီးနီရဲ ရှက်ကိုးရှက်ကန်းပုံနဲ့ အောက်ငုံ့ကြည့်လို့။ ပြီးမှ ဆက်ပြောတယ်။
“ဟိုဟာ မဖြစ်တာကို ပြောတာဆရာ…မိန်းမနဲ့.. ဟိုဟာလေ..ဆရာ..ဟိုဟာ..အကြောဘာညာ အားနည်းတာလားမသိဘူးဆရာ..ဟိုတခါရင်ကြပ်လို့ လာပြကတည်းက ပြောရမှာရှက်လို့”
အဲ့ကျမှပဲ သူ့ညီလေးဆိုတာ ဘာမှန်း သဘောပေါက်သွားတော့တယ်။ ရယ်ချင်ပေမဲ့လည်း ဖောင်းဖောင်းပြည့်ပြည့် အမြဲပြုံးနေတတ်တဲ့ သူ့မျက်နှာဖိုးလမင်းကြီးမှာ လမိုက်ညဖြစ်နေတာတွေ့တော့လည်း မရယ်ရက်တော့။
အစ်ကိုကြီး’အာလူး’ပြဿနာရော သူ့ညီလေး’ငှက်ပျောသီး’ပြဿနာရော ဖြေရှင်းပေးဖို့ကလည်း ကိုယ့်တာဝန်မဟုတ်လား။
“အဲ့ဒါ ဘယ်လိုလုပ်ရမလဲ လုပ်ပါဦးဆရာ..ဟိုဟာ..ပန်းများသေတော့မှာလား မသိဘူး”
ကိုဖက်တီးက လူဝသလောက် စိတ်က ပိစိ။ အားငယ်နေတဲ့ မျက်နှာလေးက 3cc ဆေးထိုးပိုက်လောက်ပဲရှိတော့တယ်။
“ကျွန်တော်ခုပြောတာတွေ သေချာမှတ်ထား ကိုဖက်တီး..
နံပါတ်တစ် ပြောရရင် အရေးအကြီးဆုံးက ခင်ဗျားစိတ်မှာ အဲ့ဒီ ငါပန်းသေတော့မလား မသိဘူးဆိုတဲ့ စိတ်ဖိစီးမှုကို အရင်ဖျောက်ဖို့လိုတယ်ဗျ..အထူးသဖြင့် မိန်းမအနားကပ်တဲ့ အချိန်ပေါ့ဗျာပြီးတော့ တခြား စိတ်ပင်ပန်း လူပင်ပန်းဖြစ်စရာ ဖိစီးမှုတွေ အားလုံးလျှော့ချရမယ်”
“ဟုတ်ကဲ့ ဆရာ”
“နံပါတ်နှစ်အချက်.. အိပ်ရေးဝဝ အိပ်ရမယ်”
“နံပါတ် သုံး.. ဆေးလိပ်ဖြတ်ရမယ်..အရက်ဘီယာရှောင်ရမယ်..ကွမ်းမစားရဘူး”
“ဟုတ်ကဲ့ဆရာ”
” နံပါတ် လေး… နာမည်ပြောင်းရမယ် ဒီအချက်က အသက်ပဲ”
“ဟာ..ဒီအရွယ်ကြီးကျမှ ဆရာရယ်..ဆရာက ဒီလို ဗေဒင်ယတြာတွေလည်း ရတယ်လား”
“မဟုတ်ဘူး.. ယတြာမဟုတ်ဘူး..ကျွန်တော့်စကား မဆုံးသေးဘူး.. ခင်ဗျားနာမည် ‘ကိုဖက်တီး’ကို ‘ကိုပိန်’လို့ပြောင်းရမယ် ပြီးရင်တော့ နာမည်နဲ့လိုက်အောင် ပိန်အောင်လုပ်ရမယ်”
“ဪ ဝိတ်ချခိုင်းတာပေါ့..ဆရာကလည်း ရိုးရိုးမပြောဘူး”
“ဒီအတိုင်းဆို ခင်ဗျားမမှတ်မိမှာစိုးလို့ပါဗျာ.. ဒါပဲ..ဒီလေးချက် သေချာလိုက်နာရင် ခင်ဗျားညီလေး ပြန်အိုကေသွားနိုင်ပါတယ်..
ကျွန်တော်တို့ ယောကျ်ားလေးတွေဟာ အသက်ကြီးလာလေ အဆီပိုများပြီး ပိုဝလာလေ.. ပိုဝလာလေလေ ခင်ဗျားပြောသလိုပဲ ညီလေးတွေ ခြေစွမ်းကျလာလေလေပဲဗျ”
“ဟုတ်ကဲ့ ဆရာ”
“ဝလာရင် ယောကျ်ားဟော်မုန်းလို့ လူသိများတဲ့ testosterone ကျလာတယ်လို့ တချို့ သုတေသနတွေမှာတွေ့ရတယ်..
ပြီးတော့ ဝလာရင် ဆီးချိုဖြစ်နိုင်ချေလည်း များလာတယ်.. ဆီးချိုဖြစ်လာရင် အာရုံကြောတွေ ပျက်စီးတော့ ပန်းသေပန်းညှိုးလည်း ပိုဖြစ်နိုင်တာပေါ့..
ဆီးချိုရှိရင်တော့ ဆီးချိုသေချာထိန်းဖို့ရယ် အာရုံကြောပျက်စီးတဲ့ပြဿနာကို သေချာကုဖို့ရယ်ပါ လိုတာပေါ့ ..
ဝလာတဲ့ လူတိုင်း စွမ်းဆောင်ရည်ကျလာတာ မဟုတ်ပေမဲ့ သုတေသနတွေအရတော့ ဝိတ်ချလိုက်တဲ့ လူတိုင်းနီးပါးမှာ ညီလေးတွေ ခေါင်းပြန်ထောင်နိုင်သွားကြတယ်တဲ့”
ကိုဖက်တီး မျက်လုံးတွေ အရောင်လက်သွားတယ်။ “ဝိတ်က ဘယ်လိုချရမှာလဲ ဆရာ ကျွန်တော် ဝိတ်ချချင်တယ်”
“ဝိတ်ချဖို့ ဆိုတာ ထင်သလောက် မလွယ်ဘူးဗျ ဒါပေမဲ့ ထင်သလောက်လည်း မခက်ဘူး..
နံပါတ်စဉ်တွေနဲ့ပဲ ထပ်ပြောရရင်
နံပါတ် တစ်
– ဇွဲရှိရမယ်..
-ကိုယ့်ကိုယ်ကို ယုံကြည်ချက်အပြည့်ရှိရမယ်
– အလွယ်တကူစိတ်ဓာတ်မကျနဲ့..Depression ဝင်လေ ညီလေးခေါင်းမထောင်နိုင်လေပဲ
– ဝိတ်ဆိုတာ အမြန်တရှိန်ထိုးမကျတတ်ဘူး ကျရင်လည်း မကောင်းဘူး
– Target တစ်ခုထားပြီး မှန်မှန်လေးချသွား
– တစ်သက်လုံး နေထိုင်စားသောက်ပုံမှန်ကန်သွားဖို့ ပိုအရေးကြီးတယ်….ဝိတ်ဆိုတာကျပြီးရင်လည်းပြန်တက်တတ်တာမမေ့နဲ့ ..
နံပါတ် နှစ်..
အစားအသောက်..အရေးကြီးတယ်
– ပန်းကန် သေးသေး ပြောင်းစား
– လိုက်ပွဲဘယ်တော့မှ မယူနဲ့
– အသီးအရွက် ပန်းကန်တစ်ဝက်စား..အသား/ငါး ပန်းကန်လေးပုံတစ်ပုံစား..ကျန်တဲ့ လေးပုံတစ်ပုံစာပဲ ထမင်းထည့်စား..
– လျှာပေါ်မှာ ချိုတဲ့အရာမှန်သမျှ မိန်းမကိုပြောမဲ့ စကားချိုချိုလေးတွေကလွဲရင် အကုန်ရှောင်
– အချိုရည်ဘူးတွေ ဘယ်တော့မှ မသောက်နဲ့
အရက်၊ ဘီယာ ရှောင်
– အဆီ၊ အစိမ့် ရှောင်
– အဆာခံနေပြီးမှ အဝကြိတ်တာမျိုးမလုပ်နဲ့
– ညဘက် ဗိုက်ဆာတိုင်း ထစားတာမျိုးမလုပ်နဲ့
– အဆာပြေ snackကို တွေ့ကရာမစားနဲ့
အသီးအနှံတွေ အစေ့ အဆံတွေစား..ကျည်ဆံတော့ ရှောင်..အဲ့ဒါ စားလို့မရဘူး”
“ဟားဟား..ဆရာကတော့ နောက်ပြီ.. အဲ့ဒါဆို ဝိတ်ကျပြီလား ဆရာ”
“ဘယ်ကျဦးမလဲ..ခုမှ စားတာပဲ ရှိသေးတယ်..
နေ့စဉ်စားတာတွေကို ပြန်သုံးဖို့ရယ်..
တစ်သက်လုံးစားသောက်ပြီး စုဆောင်းမိခဲ့သမျှ အဆီတွေရယ်ကို ပြန်မီးရှို့ဖို့ ဒီမှာ နံပါတ်သုံး ကျန်သေးတယ်..ဒါအရေးအကြီးတယ်နော်
– Gym တစ်ခုခုမှာ အလေးတွေနဲ့ သွားကစားနိုင်ရင်တော့ အကောင်းဆုံးနဲ့ အသေချာဆုံးပဲ..
ဝိတ်ကို ဝိတ်နဲ့ တိုက်တာပေါ့ဗျာ
– မသွားနိုင်ရင်တော့ နေ့တိုင်း နာရီဝက်ကနေ တစ်နာရီခွဲလောက်အထိ လမ်းသွက်သွက် ချွေးထွက်အောင်လျှောက် ..
တစ်ပါတ်မှာ အနည်းဆုံး မိနစ် ၁၅၀ အောက်မလျော့စေနဲ့..
တခြား အားကစားတွေလည်း လုပ်လို့ရပေမဲ့ ဒါကတော့ အရိုးဆုံး အလွယ်ဆုံးပေါ့ဗျာ..
ကဲ..ဒါပါပဲဗျာ..ဘာမေးချင်သေးလဲ”
” ဟိုဟာ..တစ်နေ့တစ်နာရီလောက်တော့ လျှောက်နိုင်မယ်ထင်တာပဲဆရာ..ဒါပေမဲ့ လျှောက်ရင်းနဲ့ အဝေးကြီးရောက်သွားရင် ဘယ်လိုလုပ်မလဲ”
“ဆိုက်ကားစီးပြန်ဗျာ ခင်ဗျားကလည်းနောက်တယ်”
“ဟားဟား..ဒါနဲ့ ပိန်ဆေးတွေရော သောက်ရမလားဆရာ”
“ခုနကပြောတာတွေ တကယ်သေချာလိုက်လုပ်ရင် မလိုပါဘူးဗျာ
ဒီ့ထက်ပိုပြင်းထန် အသေးစိတ် တိကျတဲ့ weight loss plan တွေလည်း ရှိပါသေးတယ်..
စိတ်မပူပါနဲ့ဗျာ..တကယ်ချရင် တကယ်ကျပါတယ်…
ပြီးတော့ အိမ်မှာပေါင်ချိန်စက်လေးလည်း ဆောင်ထား..
ပေါင်ချိန်စက်က အဖြေကို ငုံ့ဖတ်တိုင်း ခင်ဗျားညီလေးကိုပါ လှမ်းပြုံးပြ..
‘ညီလေး စိတ်မပူနဲ့ အစ်ကိုကြီး လာကယ်နေပြီ..အားတင်းထား’ ဘာညာ စိတ်ထဲကပြောပေါ့ဗျာ”
” ဟားဟား..ကျေးဇူးပါ ဆရာရယ်..ဒီနေ့ကစ လျှော့ပြီဗျာ”
ပြောပြီး ဗိုက်ကလေးကော့ကော့ ကော့ကော့နဲ့ ကိုဖက်တီး ပြန်သွားတယ်။
ဘယ်နေ့တော့ ‘ကိုပိန်’အဖြစ်နဲ့ ဆေးခန်းထဲဝင်လာပြီး ရုပ်ရှင်ထဲက ဆယ်တန်းအောင်တဲ့ ဇာတ်ဝင်ခန်းလို
“ဆရာရေ..ကျွန်တော့်ညီလေး ခေါင်းထောင်နိုင်ပြီဗျ” လို့ ဝမ်းသာအားရ ပြေးလာပြောမလဲဆိုတာတော့ စောင့်နေရုံသာ..။
Dr ဖြိုးဝေလင်း
(20.4.19)