ကလေးကိုအခြားသူနို့စို့ခိုင်းခြင်း
ကလေးကိုအခြားသူနို့စို့ခိုင်းခြင်းဟာ အရင်ခေတ်မှာ မကြာခဏကြားရတဲ့ကိစ္စတစ်ခုပါ။ ကလေးကိုနို့တိုက်ပေးမယ့်အမျိုးသမီးဟာ သာမန်အားဖြင့် ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် ပေးပြီးနို့တိုက်ခိုင်းကြပါတယ်။ ဒါပေမယ့် ခေတ်ကာလတွေပြောင်းလဲလာပြီး အသိပညာတိုးတက်လာတဲ့အချိန်မှာ နို့တိုက်ပေးတဲ့အမျိုးသမီးရဲ့သွေးထဲမှာ HIVပိုးရှိမရှိတွေ၊ ကလေးမှာလည်း ပိုးရှိမရှိတွေကိုပါ ထည့်သွင်းစဉ်းစားရပါမယ်။
ကလေးကိုအခြားသူနို့စို့ခိုင်းလိုက်တာဟာ ရောဂါပိုးတစ်ခုခုကူးစက်ဖို့ အခွင့်အရေးတိုးပေးလိုက်တာနဲ့တူတူပါပဲ။ အဲဒီလိုစို့ခိုင်းမယ့်အစား မိမိရဲ့နို့ ( သို့မဟုတ်) Formula Milk ကို နို့ဘူးထဲထည့်ပြီး ကလေးကိုတိုက်ခိုင်းတာက ပိုကောင်းပါတယ်။
လက်ရှိခေတ်မှာ ကလေးကိုအခြားသူနို့စို့ခိုင်းတာဟာ ရှေးတုန်းကလုပ်ကြတဲ့ နည်းလမ်းဟောင်းကြီးဆိုပြီး သဘောမကျသူတွေရှိလာကြပါတယ်။ ခုခေတ်မှာ ကူးစက်ရောဂါအတော်များများရှိကြောင်းသိလာကြလို့လည်းဖြစ်ပါတယ်။ HIV ပိုးဟာ မိခင်နို့ကနေတစ်ဆင့်ကူးစက်နိုင်ချေဟာ အင်မတန်မှနည်းပါးပေမယ့် ကူးစက်နိုင်ချေရှိတော့ရှိပါတယ်။ အဲဒီလိုပဲ အသည်းရောင်ရောဂါပိုးဟာလည်း နို့တိုက်တဲ့သူမှာ နို့သီးခေါင်းကွဲတဲ့အနာရှိမယ်ဆိုရင် ကူးစက်နိုင်ချေနည်းပါးပေမယ့် ရှိတော့ရှိပါတယ်။ နို့နဲ့ အခြားထိတွေ့မှုတွေကနေ ရေယုန်လို၊ မှိုကြောင့်ကူးစက်တဲ့ရောဂါတွေလို ကူးစက်မှုတွေလည်းဖြစ်စေနိုင်ပါသေးတယ်။
ဒါပေမယ့် မိခင်ဟာ ကလေးအနားမှာမရှိနိုင်ဘူးဆိုရင် ကိုယ့်ရဲ့သူငယ်ချင်း သို့မဟုတ် ညီအစ်မတစ်ဦးဦးကနို့တိုက်ပေးတတ်ပါတယ်။ အဲဒီကလေးကိုနို့တိုက်ပေးမယ့်အမျိုးသမီးရဲ့ ကျန်းမာရေးနဲ့ရောဂါရာဇဝင်ကို အစုံအလင်မသိထားရင်တော့ ကလေးကိုရောဂါပိုးတစ်ခုခုကူးစက်ဖို့အခွင့်အရေးပေးလိုက်တာနဲ့တူတူပါပဲ။ဒါကြောင့်အဲလိုလုပ်မယ်ဆိုရင် ကလေးအထူးကုဆရာဝန်ဆီကနေ ဆုံးဖြတ်ချက်နဲ့ အကြံဉာဏ်တောင်းကိုတောင်းရပါမယ်လို့ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)