သံစူးခြင်းကို ကြုံဖူးပါသလား?
လမ်းသွားရင်း သံတစ်ခုဆူးသွားတာ။
“အား” ကြည့်လိုက်တော့သွေးလေးတွေစို့တို့တို့။
ဒဏ်ရာက သိပ်အနက်ကြီးမဟုတ်တော့ အလေးမထားမိတဲ့လူခပ်များများ။
ဒီ သံဆူးခြင်းနောက်က တစ်ထောင့်တစ်ည ပုံပြင်တွေကိုတော့ သိတဲ့သူ ခပ်ရှားရှား။
သံဆူးခြင်းကိုပေါ့ပေါ့လေး သတိထားမိလို့ခုန်ပေါက်ဆော့ကစားတဲ့အရွယ်လေးတွေ၊ မိသားစုကိုရှာကြွေးနေတဲ့ သန်သန်မာမာ ယောကျာ်းကြီးတွေ၊ အိမ်မှာဟင်းချက်ရတဲ့ အိမ်ရှင်မတွေ ကြွေလွင့်ခဲ့ရဖူးပါတယ်။
ဘာကြောင့်ပါလဲ?
သံစူးခြင်းကြောင့် ပိုးဝင်တတ်ပါတယ်။ ပုံမှန်မသန့်ရှင်းတာကြောင့် ဘက်တီးရီးယားပိုးဝင်တတ်သလို Tetanus လို့ခေါ်တဲ့ မေးခိုင်ပိုးဝင်တတ်ပါတယ်။ မေးခိုင်ပိုးဝင်ပြီဆိုရင် ခံစားရသူဟာ မေး၂ခု လှုပ်မရအောင်ခိုင်လာမယ်။ ရေမြိုချရခက်လာတယ်။တစ်ကိုယ်လုံးကြွက်သားတွေတောင့်တင်းလာတတ်ပြီး အသက်ဆုံးရှုံးတတ်ပါတယ်။
ဘယ်လိုကာကွယ်မလဲ? သံစူးရင်ဘာတွေလုပ်မလဲ?
အရင်ဆုံး သွေးထွက်နေမယ်ဆိုရင် သွေးကိုအရင်တိတ်အောင်လုပ်ပါ။ သွေးထွက်တဲ့နေရာကိုသန့်ရှင်းတဲ့ ဂွမ်း၊ ပတ်တီးနှင့် ဖိအားလေးသုံးပြီး မိနစ်အနည်းငယ်ကြာဖိထားနိုင်ပါတယ်။ တကယ်လို့ ဖိထားသည့်တိုင်သွေးထွက်နေသေးမယ်ဆိုရင်အနာနက်တာ ဖြစ်နိုင်လို့ဆေးခန်းချက်ခြင်းပြဖို့လိုနိုင်ပါတယ်။ သံစကျန်မကျန်ကြည့်ဖို့လိုပါတယ်။ သံစကျန်နေမယ် ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ကျန်နေတဲ့သံစကိုဖယ်ထုတ်ဖို့ လိုပါလိမ့်မယ်။
သံစမကျန်ဘူးဆိုရင်တော့ ဝင်သွားတဲ့ ဖုန်မှုန့်သဲမှုန့်တွေ အနာအတွင်းမဝင်အောင် ရေ၊ ဆပ်ပြာတို့နဲ့ စင်အောင်ဆေးကြောရပါမယ်။ ပြီးရင် အနာအဝကိုပိုးသတ်ဆေးခရမ်( Antibiotic cream) Neomycinကဲ့သို့သော လိမ်းဆေးကို လက်စင်ကြယ်အောင်ဆေးပြီး ခပ်ပါးပါးလိမ်းပေးထားပါ။ လိမ်းဆေး ထူထဲစွာလိမ်းခြင်းကလည်းပိုးတွေပေါက်စေပါတယ်။ဆေးကိုတစ်နေ့ ၃ကြိမ်ခန့် သန့်ရှင်းသောဂွမ်းကိုအသုံးပြု၍လိမ်းပေးပါ။
တကယ်လို့ သင်ဟာ ဆီးချိုရှိသူ၊ အနာကျက်မလွယ်သူ၊ ကိုယ်ခံအားကျစေတဲ့ဆေးတွေသုံးစွဲနေသူဖြစ်ပါက ဆရာဝန်က သင့်ကိုပိုးသတ်ဆေးသောက်ခိုင်းနိုင်ပါတယ်။ သံစူးတာဖြစ်လို့ မေးခိုင်ကာကွယ်ဆေးထိုးရပါမယ်။ ဒါဆို သံဆူးရင်ဘာလုပ်ရမလဲ သိလောက်ပြီထင်ပါတယ်။
မယ်တင်( ဆေး ၁)