ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ မနက်ခင်း ပျို့အန်ခြင်း (Morning sickness) ကို သက်သာစေမည့် နည်းလမ်းများ
Morning sickness ဟာ ကိုယ်ဝန်ဆောင်ချိန် ပထမ သုံးလမှာ ပိုဆိုးတတ်ပါတယ်။ တစ်ချို့သူတွေမှာ ကိုယ်ဝန်ရှိမှန်း စသိစေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ အတွက် တစ်ချို့မှာ Morning sickness ကို ဆိုးဆိုးဝါးဝါးခံစားရပေမယ့် တစ်ချို့ကတော့ သတိတောင် မထားမိလိုက်တာမျိုးဖြစ်တတ်ပါတယ်။ Morning sickness လို့ခေါ်ပေမယ့် မနက်သာ မကဘဲ တစ်နေ့လုံး ဖြစ်တတ်ပါတယ်။ ပုံမှန် ပျို့အန်တာမျိုးကတော့ သဘာ၀ ဖြစ်စဉ်တစ်ရပ် ဖြစ်တာကြောင့် အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူး။
ကိုယ်ဝန်ဆောင် ၃-၄ လ ကျော်သွားရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်စအချိန်မှာ ဟော်မုန်း ကို ခန္တာကိုယ်က တုံ့ပြန်နေတာ ဖြစ်တဲ့ အတွက် လရင့်လာရင် နေသားကျသွားပါတယ်။ Morning sickness ကို လွယ်လွယ်ကူကူ သက်သာစေမယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။ တစ်ချို့က ပျို့အန်မှာ ကြောက်တဲ့ အတွက် အစာလုံး၀ မစား၊ ရေတောင် မသောက်ဘဲ နေတတ်ပါတယ်။ အစာ မစားဘဲ နေရင် သက်သာမယ်လို့ ထင်ကြပါတယ်။ တကယ်တော့ အဲတာက မမှန်ပါဘူး။ အစာမစားရင် သွေးတွင်းမှာ အချိုဓာတ်ပါ ကျသွားတာကြောင့် မူးဝေတာ ပိုတောင် ဆိုးလာနိုင်ပါတယ်။
Morning sickness ကို သက်သာစေမည့် နည်းလမ်းလေးတွေကတော့ အိပ်ယာနိုးနိုးချင်း ချက်ချင်း ဆတ်ခနဲ မထပါနှင့်။ ဘေးစောင်းလှဲလျက် အနေအထားနဲ့ မုန့်ခြောက် အနည်းငယ် စားပါ။ ခရက်ကာ၊ ဘီစကစ် အနည်းငယ် ဝါးစားပါ။ ပြီးမှ ရေနည်းနည်း သောက်ပါ။ အိပ်ယာနိုးနိုးချင်းမှာ သွေးတွင်းအချိုဓာတ် နည်းနေတတ်တာကြောင့် ရုတ်တရက် ထရင် မူးဝေတတ်ပါတယ်။ အိပ်ယာဘေးနားမှာ အလွယ်တကူ စားနိုင်မယ့် မုန့်ခြောက်အချို့၊ သကြားလုံး နဲ့ ရေဘူဆောင်ထားပါ။ အစာနည်းနည်း ဝင်သွားမှ ဖြည်းဖြည်းချင်း ထပါ။ ကုတင်ပေါ် ခြေထောက်ချ အရင်ထိုင်ပြီး ခေါင်းမမူးတာ သေချာမှ မတ်တပ်ရပ်ပါ။
အနံ့အရသာ ပြင်းသော၊ ဆီများသော အစားအစာများ ရှောင်ပါ။ ဒီလို အစားအစာတွေကတော့ ကိုယ်ဝန်ဆောင်ချိန် တစ်လျှောက်လုံး ရှောင်တာ ပိုကောင်းပါတယ်။ ရေ မသောက်ချင်ပါက ဂျင်းပြုတ်ရည် အနည်းငယ် သောက်ပါ။ ရေထဲတွင် သံပုရာရည် အနည်းငယ် ထည့်သောက်ပါ။ သစ်သီးဖျော်ရည် သောက်လိုပါကလည်း သောက်နိုင်ပါသည်။ ပမာဏ နည်းနည်းစီသာ သောက်ပါ။ အလောတကြီး မမော့သောက်ပါနဲ့။ ပြန်ထိုးအန်တတ်ပါတယ်။ အလွန် အန်နေသည့်နေ့များတွင် အရည်လုံး၀ မဝင်ပါက ဓာတ်ဆားရည်၊ အသီးဖျော်ရည် များကို အခဲလေးများ လုပ်ထားပြီး ငုံနိုင်ပါသည်။ ညကတည်းက အဆင်သင့် အခဲလေးများ လုပ်ထားပါ။ ထမင်းဟင်း လုံး၀ မစားနိုင်သေးပါက မုန့်ခြောက်များ၊ အစေ့အဆန်များ နည်းနည်းစီ စားပါ။ တစ်ကြိမ်နည်းနည်းစီနှင့် ၂ နာရီခြားခန့်စားပေးပါ။ အစာလုံး၀ မဝင်လျှင် မိခင်ရော ကလေးပါ ထိခိုင်နိုင်ပါတယ်။
တကယ်လို့ လုံးဝမသက်သာပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွင် ကုသမှုခံယူရပါမယ်။ ဆက်တိုက်အန်လျှင် အရည်လုံး၀ မဝင်လျှင် ရေဓာတ်ခန်းခြောက်ခြင်း၊ သွေးတွင်းအချိူဓာတ်နည်းခြင်း တို့ ဖြစ်တတ်ပြီး မူးဝေခြင်း၊ ချွေးစေးပြန်ခြင်း၊ သတိလစ်ခြင်းတို့ဖြစ်တတ်ပါတယ်။ သဘာ၀ အရ ဖြစ်တာကြောင့် စိတ်ကို အေးအေးထားဖို့လည်းလိုပါမယ်။ အစားစားချင်စိတ် မရှိရင်တောင် မိမိရင်သွေးအတွက် အနည်းငယ် အားတင်းပြီး ဝင်အောင် စားရပါမယ်။
ဒီလို လွယ်ကူတဲ့ နည်းလမ်းလေးတွေ လိုက်နာမယ်ဆိုရင် Morning sickness ကို တော်တော် သက်သာစေမှာ ဖြစ်ပါတယ်။
Dr. Jasmine