ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ
မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။
ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ်
၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ
ရာသီဥတုအေးနေချိန်ဖြစ်တဲ့အတွက် ဘိုးဘွားမိဘတွေအတွက် အနွေးဓာတ်လိုအပ်သလို အစားအသောက်တွေကိုကျွေးမွေးတဲ့အခါ ပူနွေးတဲ့အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို အဓိကထားကျွေးမွေးသင့်ပါတယ်။ ရေနွေးကြမ်းတစ်ခွက်ကိုမနက်တိုင်းတိုက်ပေးသင့်ပါတယ်။
၂။လမ်းဘေးအစားအစာများကိုရှောင်ကြဉ်ပါ
မိုးတွင်းကာလမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေဟာ မသန့်ရှင်းတဲ့ ယင်နားစာတွေကိုစားသုံးမိတာကြောင့် ဖြစ်ပေါ်နိုင်ပါတယ် အိမ်မှာ သက်ကြီးရွယ်အိုတွေရှိမယ်ဆိုရင်တော့ ဝမ်းပျက်လွယ်မယ့် ယင်နားစာတွေကို ရှောင်ကြဉ်ရပါမယ်။
၃။တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်ပါ
လူကြီးမိဘတွေရဲ့တကိုယ်ရည်သန့်ရှင်းရေးက မိုးရာသီကာလမှာ အရေးကြီးလှပါတယ်။ စိုစွတ်တဲ့ရာသီဥတုဖြစ်တာကြောင့် မှိုနဲ့ ယားယံခြင်းတွေဖြစ်တတ်ပြီး အရေပြားပြသနာတွေဖြစ်တတ်ပါတယ်။
၄။ အိမ်နှင့်ပတ်ဝန်းကျင်ကိုသန့်ရှင်းပေးပါ
တကိုယ်ရည်သန့်ရှင်းရေးလိုပဲ အိမ်ပတ်ဝန်းကျင်နဲ့ အခန်းဝန်းကျင်ကို လေဝင်လေထွက်ကောင်းဖို့ ခြင်၊ယင်၊ပိုးမွှားများ မပေါက်ပွားဖို့ကို အလေးထားလုပ်ဆောင်ပေးသင့်ပါတယ်။ အိပ်ယာခင်း၊ ခြင်ထောင်၊ စောင် များကို လျှော်ဖွတ်ပေးပြီး နေရောင်ပြပေးဖို့လည်းလိုပါတယ်။
၅။ဟင်းသီးဟင်းရွက်နှင့် သီးနှံများကိုစားသုံးပါ
အဘိုးဘွားတွေရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်မယ့် အသီးအနှံဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးသင့်ပြီးအိမ်လုပ်သစ်သီးဖျော်ရည်လေးတွေကို တိုက်ပေးသင့်ပါတယ်။
၆။ ညအိပ်ချိန်ကိုဂရုစိုက်ပေးပါ
ညဘက်အိပ်ချိန်မှာ ရာသီဥတုအေးတဲ့အတွက် နွေးနွေးထွေးထွေးအနားယူဖို့ကို ဖန်တီးပေးသင့်ပါတယ်။ ရာသီဥတုအကူးအပြောင်းကာလမျိုးမှာ အိပ်ချိန်မမှန်ဖြစ်တတ်တဲ့အတွက် ဂရုစိုက်ပြီး အိပ်ချိန်ကို
မှန် စေဖို့ရာစောင့်ရှောက်သင့်ပါတယ်။
၇။ရေဓာတ်မခမ်းခြောက်အောင်ဂရုစိုက်ပေးပါ
မိုးတွင်းကာလအေးတဲ့အခါမျိုးမှာ ရေကိုပုံမှန်သောက်သုံးဖို့ရာ မေ့လျော့နေတတ်ကြပါတယ်။ ရေဓာတ်ခမ်းခြောက်ရင်တော့ မလိုလားအပ်တဲ့ရောဂါဝေဒနာတွေဝင်ရောက်လာတတ်ပါတယ်။ ဒါကြောင့်ရေကို ပုံမှန်သောက်သုံးဖြစ်အောင်တဂရုစိုက်ပေးသင့်ပါတယ်
ဒေါက်တာနိုင်း (ဆေး-၁)