🔖အသားအရေထိန်းသိမ်းရာတွင် ပြုလုပ်လေ့ရှိသောအမှားများ🔖
လူတော်တော်များများ အထူးသဖြင့် မိန်းကလေးတိုင်းနီးပါးအတွက်တော့ အသားအရေထိန်းသိမ်းခြင်းဆိုတာ မွေးရာပါတာဝန်တစ်ခုလိုပါပဲ။ မငြိုမငြင် ပျော်ပျော်ရွှင်ရွှင် ထမ်းဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ ထိန်းသိမ်းနေရင်းနဲ့ ဖျက်ဆီးသလိုမဖြစ်စေဖို့တော့ မှားတတ်တဲ့ ဒီလိုအမှားလေးတွေကို သတိထားဖို့လိုပါလိမ့်မယ်။
◾မျက်နှာသစ်ပြီး အချိန်အတော်ကြာအထိ ဘာမှမလိမ်းဘဲမျက်နှာပြောင်ထားခြင်း
မျက်နှာသစ်ပြီးပြီးချင်းမှာ အလ်ကိုဟောလ်မပါတဲ့ Toner နဲ့ moisturizer ကို ချက်ချင်းလိမ်းပေးမှ အသားအရေရဲ့ ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ တစ်မိနစ်ထက် ပိုမကြာသင့်ဘူးလို့ ဆိုပါတယ်။
◾Alcohol အခြေခံထုတ်လုပ်ထားသော တိုနာ(Toner) တွေအသုံးပြုခြင်း သို့မဟုတ် တိုနာလုံးဝမသုံးခြင်း
အလ်ကိုဟောလ် မပါဝင်တဲ့ တိုနာတွေကို မှန်မှန်အသုံးပြုပေးခြင်းက အသားအရေထိန်းသိမ်းခြင်းအတွက် အရေးကြီးလှတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ တိုနာကြောင့် စိုစွတ်ပြီးကျန်ခဲ့တဲ့ အသားအရေက moisturizer တွေ serum တွေကို အသားထဲ စိမ့်ဝင်သွားစေဖို့ ပိုအကူအညီပေးတာကြောင့်ဖြစ်ပါတယ်။
◾Moisturizer ကို ပိုသုံးမိနေခြင်း
အသားအရေမခြောက်သွေ့စေချင်ဇောနဲ့ အစိုဓာတ်ထိန်းဆေး (Moisturizer) ကိုလိုအပ်တာထက် ပိုသုံးမိနေတတ်ပါတယ်။ ဒီလိုပိုထူထူလိမ်းလို့ အသားအရေ ပိုစိုပြေလာမှာမဟုတ်ဘဲ အရေပြားအတွင်းစိမ့်ဝင်မှုပမာဏများလေ ချွေးပေါက်ပိတ်လေမို့ သတိထားဖို့ လိုပါမယ်။
◾နေလောင်ခြင်းကို ဂရုမထားခြင်း
တချို့လူတွေမှာ နေရောင်ကာခရင်မ် လိမ်းရုံနဲ့ တာဝန်ကျေပြီလို့ ထင်တတ်ကြပါတယ်။ ဘယ်လိုပဲ SPF မြင့်တဲ့ နေရောင်ကာခရင်မ်လိမ်းထားထား တတ်နိုင်သမျှနေပူမမိအောင်နေဖို့ လိုပါတယ်။ နေ့စဉ်မှန်မှန်လည်း လိမ်းဖို့လိုသလို အပြင်ထွက်မှမဟုတ်ဘဲ အိမ်ထဲမှာ၊ ကားထဲမှာနေရင်လည်း လိမ်းထားဖို့လိုပါတယ်။ ဒါမှ အသားအရေပျက်စီးခြင်းကို ကာကွယ်ပေးပြီး အရေးအကြောင်းတွေ လွယ်လွယ်မဖြစ်စေမှာ ဖြစ်ပါတယ်။
◾ဝက်ခြံကုသခြင်းနည်းလမ်းမှားများ
ဝက်ခြံတွေကလည်း အသားအရေရဲ့ ရန်သူတွေဖြစ်သလို အမှားအယွင်းတွေလုပ်မိရင် ကိုယ့်ရန်သူကို လက်နက်သွားပေးသလိုဖြစ်တတ်ပါတယ်။ ဒီတော့ ဝက်ခြံတစ်ခုထွက်လာတာနဲ့ သွားကိုင်တာ၊ ညှစ်တာ၊ ဆွတာ၊ တွေ့ကရာဆေးတွေ လျှောက်လိမ်းတာမျိုး မလုပ်ဘဲ သန့်သန့်ရှင်းရှင်းထားပြီး စနစ်တကျ ကုသဖို့လိုပါတယ်။ နည်းနည်းပိုဆိုးလာတာ ကြာလာတာနဲ့ ဆရာဝန်မြန်မြန်ပြဖို့လိုပါတယ်။
◾မကြာခဏ မျက်နှာချေးချွတ်ခြင်း
အစိုဓာတ်ထိန်းပေးထားတဲ့ အလွှာပျက်စီးမှုကြောင့် အရေပြားခြောက်သွေ့လာတာ၊ရေဓာတ်နည်းလာတာ၊ရောင်ရမ်းတာ၊ အမဲရောင်ချယ်ဆဲလ်တွေပိုထကြွလာတဲ့အတွက် အသားအရေ ပိုညိုညစ်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Facial scrub တွေကို တစ်ပါတ်မှာ ၂ကြိမ်ထက် ပိုမလုပ်သင့်ဘဲ acid serum လို chemical exfoliants တွေကိုတော့ သုံးညလုပ်၊ သုံးညနား နည်းလမ်းနဲ့ ပြုလုပ်သင့်ပါတယ်။
အပေါ်မှာပြောခဲ့တဲ့ အချက်တွေအပြင် ကိုယ့်အသားအရေနဲ့ တကယ်ကိုက်ညီတဲ့ အသားအရေအလှအပပစ္စည်းတွေကို ရွေးချယ်သုံးစွဲတတ်ဖို့ကလည်း အရေးကြီးလှပါတယ်။ မျက်နှာသစ်ရာမှာလည်း ဘယ်တော့မှ ဆပ်ပြာခဲတွေမသုံးဘဲ ဆာလ်ဖိတ်မပါ၊ ဆပ်ပြာမပါတဲ့ ဂျလ်မျက်နှာသန့်ဆေး ခပ်ပျော့ပျော့တွေပဲ သုံးရပါလိမ့်မယ်။
ကျန်းမာပျော်ရွှင်ကြပါစေ…
Dr ဖြိုးဝေလင်း
(24.11.19)