အမျိုးသားများနှင့် ဆီးကျိတ်ကြီးခြင်း
အမျိုးသားထုကြီးမှာ အဖြစ်များဆုံး အမျိုးသားရောဂါတစ်ခုကိုပြောပါဆိုရင်ဆီးကျိတ်ကြီးခြင်းလို့တောင်ပြောလို့ရပါတယ်။အသက်၆၀ကျော် အမျိုးသားများရဲ့ ၃ပုံ ၁ပုံ၊ အသက်၈၀ကျော်အမျိုးသားများရဲ့ တစ်ဝက်လောက်ဟာ ဆီးကျိတ်ကြီးနေတတ်ပါတယ်။ဆီးကျိတ်ကြီးတဲ့ လူတိုင်းဟာ ရောဂါလက္ခဏာခံစားရမှာမဟုတ်ဘဲ ဆီးကျိတ်ကြီးတဲ့နေရာပေါ်မူတည်ပြီး တစ်ချို့ဆိုရင် လက္ခဏာလုံးဝမပြဘဲ Medical check up လုပ်ကြည့်မှအမှတ်မထင်တွေ့တာမျိုးလည်းရှိပါတယ်။
ဘယ်လိုလက္ခဏာရပ်တွေခံစားရရင် ဆီးကျိတ်ကြီးနေတယ်လို့ ယူဆနိုင်မလဲ?
- ဆီးမကြာခဏသွားလိုခြင်း
- ဆီးသွားပြီးလည်း ဆီးကျန်သလိုခံစားရခြင်း
- ဆီးသွားလို့ပြီးခါနီးမှ တစ်စက်တစ်စက်ကျခြင်း
- ညဘက်ဆီးခဏခဏထသွားခြင်း
- ဆီးသွားရန် ခက်ခဲခြင်း
- အရမ်းဆိုးရင်တော့ ဆီးလုံးဝမသွားနိုင်တော့တာမျိုးထိ ဖြစ်တတ်ပါတယ်။
ဘယ်လိုစမ်းသပ်မှုတွေ လုပ်နိုင်မလဲ?
- ဆရာဝန်က သေချာအောင် ဆီးကျိတ်စမ်းသပ်ခြင်းမျိုးလုပ်ပေးနိုင်ပါတယ်။
- ကွန်ပြူတာဓာတ်မှန် ( Ultrasound) ကတော့ ဆီးကျိတ် အရွယ်အစား သေချာအောင်
ရိုက်ခိုင်းလေ့ရှိပါတယ်။
ဆီးကျိတ်ကြီးခြင်းကြောင့် ဘာတွေဖြစ်နိုင်ပါသလဲ?
ဆီးကျိတ်ကြီးခြင်းရဲ့ နောက်ဆက်တွဲကတော့
- ဆီးလုံးဝ မသွားနိုင်တာ့တာ
- ဆီးလမ်းကြောင်းပိုးဝင်တာ
- ဆီးအိမ်ပျက်စီးတာ
- ကျောက်ကပ်ပျက်စီးတာတွေ အထိ ဖြစ်တတ်ပါတယ်။
ဆီးကျိတ်ကြီးခြင်းကို စိုးရိမ်ဖို့လိုပါသလား?
- ဆီးကျိတ်ကြီးခြင်းဟာ အရွယ်အစား သိပ်မကြီးဘူး။ ဆီးလမ်းကြောင်းပိတ်တတ်တဲ့နေရာမှာ ရှိမနေဘူးဆိုရင် သိပ်စိုးရိမ်ဖို့မလိုပါဘူး။
ကုသလို့ရနိုင်ပါသလား?
ဆီးကျိတ်ကြီးခြင်းကို အရွယ်အစားပေါ်၊ ဖြစ်တဲ့အသက်အရွယ်ပေါ်မူတည်ပြီး
- ဆေး နှင့်ကုသခြင်း(ဆရာဝန်ညွှန်ကြားတဲ့ဆေးကို စနစ်တကျသောက်မယ်ဆိုရင် ဆီးကျိတ်သေးသွားနိုင်ပါတယ်။)
- ခွဲစိတ်ကုသခြင်း(ဆီးလမ်းကြောင်းမှတစ်ဆင့် ဆီးကျိတ်ကို သေးသွားစေရန် ဆီးကျိတ်ခြစ်ခြင်းဖြစ်သည်။)တို့နှင့်ကုသနိုင်ပါတယ်။
မယ်တင်( ဆေး ၁)