လေဆာဖြင့်အမွှေးချွတ်ခြင်းအကြောင်း
အပြိုင်အဆိုင်တွေ လှပလာကြတဲ့ ခေတ်ကြီးမှာ မိမိခန္တာကိုယ်မှာ မလိုချင်တဲ့အမွှေးအမျှင်တွေကို နည်းမျိုးစုံနဲ့ ဖယ်ရှားလာကြပါတယ်။ အမွှေးရိတ်ခြင်း၊ အမွှေးနှုတ်ခြင်း၊ အမွှေးကျွတ်ဆေးသုံးခြင်း၊ waxing လုပ်ခြင်းတို့အပြင် လေဆာ(laser) နဲ့လည်း မလိုချင်တဲ့ အမွှေးတွေကို ဖယ်ရှားလို့ရပါတယ်။
-လေဆာနဲ့ အမွှေးချွတ်တယ်ဆိုတာဘာလဲ။
လေဆာနဲ့ အမွှေးအမျှင် ဖယ်ရှားတယ်ဆိုတာ အမွှေးထွက်စေတဲ့ မွှေးညှင်းလေးတွေကို လေဆာအလင်းရောင်ခြည်နဲ့ ဖျက်စီးလိုက်တာပဲ ဖြစ်ပါတယ်။
-ဘယ်လိုအမွှေးတွေကို လေဆာနဲ့ပစ်ပြီး ကုမှာလဲ။
အမည်းရောင်၊ အညိုရင့်ရောင်၊ နီညိုရောင် စတဲ့ အရောင်ရင့်တဲ့ အမွှေးတွေကို လေဆာနဲ့ ဖယ်ရှားနိုင်ပါတယ်။ အရောင်ဖျော့ဖျော့ အမွှေးလေးတွေကိုတော့ လေဆာနဲ့ပစ်ပြီး ဖယ်ရှားရင် ရလဒ်မကောင်းတတ်ပါဘူး။
-ဘယ်နှကြိမ်လုပ်ရမှာလဲ။ ဘယ့အချိန်မှာ ရလဒ်သိသာနိုင်မလဲ။
အမွှေးအမျိုးအစားနဲ့ အရောင်ပေါ် မူတည်ပြီးတော့ အကြိမ်အရေအတွက် ကွာခြားနိုင်ပါတယ်။ အနည်းဆုံး ၈ကြိမ်လောက်လုပ်ရတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားချက်နဲ့ အသုံးပြုတဲ့ စက်အမျိုးအစားပေါ် မူတည်ပြီးတော့ တစ်ကြိမ်နဲ့တစ်ကြိမ် ကြားမှာ ၃-၈ ပတ်ခြားပြီး ကုသနိုင်ပါတယ်။
ကုသပြီး အမွှေးလေးတွေ ကျွတ်ဖို့ ကွာဖို့ ၂-၃ပတ်ခန့် အချိန်ယူရပါတယ်။ အမွှေးလေးတွေ သူဘာသာသူ မကျွတ်ခင်မှာဆွဲနုှတ်ခြင်း မပြုလုပ်သင့်ပါဘူး။
-ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်လဲ။
လေဆာပစ်ထားတဲ့နေရာမှာ ယားယံတာ၊ နီတာ၊ ရောင်တာ၊ အရေပြားအရောင်မညီတာ၊ ဝက်ခြံထွက်တာ မျိုးတွေ ၂-၃ရက်လောက် ဖြစ်တတ်ပါတယ်။ လက်ရှိ အရေပြားအရောင်ထက် ပိုဖြူတဲ့ သို့ ပိုမဲတဲ့ အကွက်ကလေးတွေလည်း ဖြစ်တတ်သလို အသားအရေ လောင်တာတွေလည်း အခန့်မသင့်ရင် ဖြစ်နိုင်လို့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန် သို့ ပညာရှင်နဲ့သာ ပြုလုပ်သင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)