သင့်အသည်းကအဆင်ပြေရဲ့လား?
နှစ်စဉ်ဇူလိုင် ၂၈ ရက်မှာတော့ကမ္ဘာ့အသည်းရောဂါနေ့ကို နိုင်ငံတော်တော်များများမှာ ကျင်းပလေ့ရှိကြပါတယ်။ အသည်းရောင်ရောဂါ အေ၊ဘီ၊စီ၊ဒီ၊အီးနဲ့ပတ်သက်လို့ ကွဲပြားစွာသိရှိစေဖို့၊ အသည်းကင်ဆာထိဖြစ်စေတတ်တဲ့ဆိုးကျိုးတွေကိုသတိပြုမိစေဖို့နဲ့ကြိုတင်ကာကွယ်ကုသနိုင်ဖို့ရာအတွက်ကိုလည်းရည်ရွယ်ထားပါတယ်
အသည်းဟာခန္ဓာကိုယ်တွင်းကအာဟာရများကိုစုတ်ယူခြင်းဖြိုခွဲပေးခြင်း၊ ဟော်မုန်းထုတ်ပေးခြင်း၊အစာခြေဖို့သည်းခြေရည်ထုတ်ပေးခြင်း၊သွေးစစ်ထုတ်ခြင်းနဲ့ကူးစက်ရောဂါတွေကိုတိုက်ထုတ်ခြင်းတွေကိုလုပ်ဆောင်ပေးနိုင်ပါတယ်။ အသည်းရောဂါဝင်လာမယ်ဆိုရင်တော့ အဲ့ဒီလုပ်ဆောင်ချက်တွေပျက်စီးသွားနိုင်ပါတယ်။ အရက်အလွန်အကျွံသောက်ခြင်း၊မူးယစ် ဆေးဝါးသုံးစွဲခြင်း၊ဆေးအမျိုးအစားအချို့နဲ့ အချို့သောကျန်းမာရေးအခြေအနေများကအသည်းရောင်ရောဂါဖြစ်ပွားစေနိုင်ပါတယ်။
အသည်းရောင်အသားဝါရောဂါကိုဖြစ်စေနိုင်တဲ့ အေ၊ဘီ၊စီ၊ဒီနဲ့အီးဆိုပြီးပိုးတွေရှိပါတယ်။ အဲ့ဒီထဲကလူသိများတာကတော့ အေ၊ဘီနဲ့စီပါ။ ရောဂါကူးစက်ခံရပြီးပထမအပတ်များမှာတော့ အသည်းရောင်အသားဝါလက္ခဏာမပြတတ်ပါဘူး။
ဒါပေမယ့် အေ၊ဘီ၊စီအမျိုးအစားများမှာတော့ပင်ပန်းနွမ်းနယ်ခြင်း၊ ပျို့ချင်ခြင်း၊ အစာစားချင်စိတ်နည်းခြင်း၊ ဗိုက်နာခြင်း၊ မျက်စိနဲ့အသားဝါခြင်း၊ဖျားနာခြင်းတွေဖြစ်လာပါတယ်
အသည်းရောင်ရောဂါပိုးဘီနဲ့စီဟာနာတာရှည်ဖြစ်လာပါကနှစ်ပေါင်းများစွာရောဂါလက္ခဏာမပြဘဲရှိတတ်ပြီး လက္ခဏာပြလာချိန်မှာတော့အသည်းပျက်စီးနေတတ်ပါတယ်။
အသည်းရောင်ရောဂါ အေ ပိုးကတော့ အလွန်ကူးစက်တတ်ပြီးအမျိုးမျိုးသောအခြေအနေများနဲ့လူတစ်ဦး မှတစ် ဦး ကိုပျံ့နှံ့နိုင်ပါတယ်။ ရောဂါကူးစက်သူအနေနဲ့အကူးခံနေရမှန်းမသိဘဲရှိတတ်ပါတယ်။
အေဗိုင်းရပ်စ်က ပြန်ပျောက်ကွယ်သွားပြီးအသည်းပျက်စီးမှုထိမဖြစ်စေနိုင်ပါဘူး။
အများအားဖြင့်အစားအစာ(သို့မဟုတ်)ရေမှတဆင့်ပြန့်နှံ့နိုင်ပါတယ်။ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များမှာ အသည်းရောင်အသားဝါ အေပိုးရှိနေတတ်ပါတယ်။
အသည်းရောင်အသားဝါ ဘီပိုး ကတော့အလွယ်တကူကူးစက်တတ်ပြီး လူတချို့မှာတော့ နာတာရှည်လိုမျိုး ရောဂါကူးစက်ခံရတတ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှအသည်းရောင်ရောဂါဘီပိုးကအသည်းပျက်စီးခြင်းကိုဖြစ်စေနိုင်ပါတယ်။ကူးစက်ပုံအနေနဲ့တော့ကူးစက်ခံထားရသူတစ်ဦးရဲ့သွေး(သို့မဟုတ်)ခန္ဓာကိုယ်အရည်များနဲ့ဆက်သွယ်ရာမှတဆင့်ဖြစ်နိုင်ပါတယ်။ယူအက်စ်မှာတော့အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းမှတဆင့်ကူးစက်လေ့ရှိပါတယ်။ ရောဂါကူးစက်ခံထားရသူရဲ့ဆေးထိုးအပ်များ၊ သင်တုန်းဓားများ၊သွားတိုက်တံများကို မျှဝေခြင်းဖြင့်လည်းအသည်းရောင်ရောဂါဘီပိုးရရှိနိုင်ပါတယ်။
ဘီပိုးကတော့ကာကွယ်ဆေးရှိတဲ့အတွက် ကြိုတင်ထိုးနှံကာကွယ်ပေးခြင်းဖြင့်ကာကွယ်နိုင်မှာဖြစ်ပါတယ်။
အသည်းရောင်အသားဝါစီပိုးကတော့ကိုယ်ခန္ဓာအတွင်းရေရှည်တွင်သယ်ဆောင်သွားတတ်ပြီး နာတာရှည်အသည်းရောင်ရောဂါနဲ့အသည်းပျက်ဆီးခြင်း၊အသည်းကင်ဆာထိကိုဖြစ်စေနိုင်ပါတယ်။
ရောဂါကူးစက်ခံထားရသောသွေးမှတစ်ဆင့်ပျံ့နှံ့နိုင်ပြီး၊ဆေးထိုးအပ်များသို့မဟုတ်မူးယစ်ဆေးဝါးထိုးသွင်းတဲ့ပစ္စည်းများကို ဝေမျှခြင်းမှရောဂါကူးစက်မှုဖြစ်စေပါတယ်။ ရောဂါပိုးရှိတဲ့အပ်နဲ့တက်တူးထိုးခြင်းသို့မဟုတ် နားဖောက်ခြင်းလိုမျိုး ခန္ဓာကိုယ်မှာ အပေါက်ဖောက်ခြင်းတွေကနေလည်း နောက်တစ်နည်းကူးစက်နိုင်ပါတယ်။ မိခင်က နေကလေးကိုလည်း ကူစက်နိုင်ပါတယ်။ လိင်ဆက်ဆံခြင်းကနေလည်း အသည်းရောင်ရောဂါစီပိုးပြန့်ပွားမှုအန္တရာယ်ကိုမြှင့်တင်ပေးနိုင်ပါတယ်။သွေးမလှူခင်မှာလည်း စီပိုးရှိမရှိစစ်ထား သင့်ပါတယ်။ နာတာရှည်အသည်းရောင်အသား ရောဂါဟာဘာလက္ခဏာမှမပြဘဲနှစ်ပေါင်းများစွာတိတ်တဆိတ်တိုက်ခိုက်နေတတ်ပါတယ်။ ရောဂါကူးစက်မှုကိုရောဂါရှာဖွေစစ်ဆေးခြင်း၊စောင့်ကြည့်ခြင်းနှင့်ကုသခြင်းမပြုလုပ်ပါကအသည်းကိုပျက်စီးစေနိုင်ပါတယ်။ စီပိုးကိုကုသနိုင်ဖို့FDA ကအတည်ပြုပေးမည့်နောက်ဆုံးဆေးကတော့ glecaprevir နဲ့ pibrentasvir (Mavyret) တို့ပဲဖြစ်ပါတယ်။ ဒီဆေးဟာအသည်းခြောက်ခြင်းနဲ့ယခင်ကကုသမှုမခံရသေးသော HCVရှိတဲ့အရွယ်ရောက်ပြီးသောလူနာများအတွက် ၈ ပတ်ကြာကုသပေးနိုင်ပါတယ်။
ရောဂါအဆင့်ကွဲပြားမှုပေါ်မူတည်ပြီးကုထုံးကကွဲပြားသွားတတ်ပါတယ်။
နာတာရှည်အသည်းရောင်အသားဝါဘီပိုးနဲ့စီပိုး ရှိမရှိကို သွေးစစ်ဆေးခြင်းဖြင့်သိရှိနိုင်ပါတယ်။Ultrasounds နဲ့ CT Scan များကအသည်းပျက်စီးခြင်းလက္ခဏာများကိုသိရှိနိုင်ပါတယ်။
အသည်းရောင်အသားဝါဒီပိုးကတော့ သွေးကနေတဆင့်ကူးစက်တတ်သလို့ ဘီပိုးရှိပြီးသူတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။အသည်းရောင်အသားဝါ အီးပိုးကတော့
မသန့်ရှင်းတဲ့ရေဆိုးတွေကနေတဆင့် ဖြစ်ပေါ်တတ်ပြီး အရှေ့အလယ်ပိုင်းဒေသ၊ တောင်အာဖရိကနဲ့အာရှဒေသ တွေမှာ အဖြစ်များပါတယ်။
အဓိကကတော့ရောဂါပိုးများကိုစောစီးစွာတွေ့ရှိပြီးကြိုတင်ကုသနိုင်ဖို့ကအရေးကြီးဆုံးပဲဖြစ်ပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)