လူတွေပြောတဲ့ ဝဋ်နာကံနာ

မွေးရာပါချို့ယွင်းချက်ပါလာတဲ့ကလေးတွေကိုအထက်ပါအတိုင်း ဝဋ်နာကံနာရောဂါရယ်လို့ သုံးနှုန်းလေ့ရှိကြပါတယ်။ အချို့သော ကလေးတွေဟာ မိခင်ရဲ့သားအိမ်ထဲမှာ ကောင်းမွန်စွာ မဖွံဖြိုးနိုင်ကြပါဘူး။ ဗီတာမင် အာဟာရဓာတ်ချို့တဲ့လို့ဖြစ်စေ၊ မျိုးဗီဇပြဿနာကြောင့်ဖြစ်စေ၊ အခြားခေါင်းစဉ်တပ်လို့မရတဲ့ အကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်စေ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ မပြည့်စုံဘဲ မွေးဖွားလာရပါတယ်။

မွေးရာပါချို့ယွင်းချက်တွေဘယ်နှစ်ခုရှိသလဲ?

မိခင်ရဲ့သားအိမ်ထဲမှာ စတင်ချို့ယွင်းပြီး မွေးဖွားလာတဲ့ မွေးရာပါရောဂါတွေ အမျိုးအစား ၄၀၀၀ ကျော်တောင်ရှိပါတယ်။ ကုသမှုမလိုအပ်တဲ့ အသေးစားချို့ယွင်းချက်ကလေးတွေကနေ ခွဲစိတ်ကုသမှုထိလိုအပ်တဲ့ အကြီးစားချို့ယွင်းချက်တွေအထိ အမျိုးမျိုးရှိနိုင်ပါတယ်။

ကလေးတွေမှာ အများအားဖြင့်တွေ့နိုင်တဲ့ မွေးရာပါချို့ယွင်းချက်တွေ

  • Chromosome ချို့ယွင်းချက်ကြောင့်ဖြစ်လာတဲ့ Down Syndrome
  • Spina bifia (ပင်မအာရုံကြောမကြီး နဲ့သူ့တစ်ဝိုက်မှာရှိတဲ့ ကျောရိုးဆစ်တွေဟာ ပုံမှန်ပုံဏ္ဍာန်မရှိဘဲ ချို့ယွင်းနေခြင်း)
  • Cleft Lip/Cleft Palate (နှုတ်ခမ်းကွဲ၊အာခေါင်ကွဲရောဂါ)
  • Clubfoot (ခြေဖမိုးဟာ အတွင်းဘက်ကို လိမ်ပြီး အောက်စိုက်နေခြင်း) စတာတွေပဲဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရသလဲ?

ကလေးသားအိမ်ထဲမှာရှိနေစဉ်မှာ ပြင်ပပတ်ဝန်းကျင်ကလာတဲ့ လွှမ်းမိုးမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ (ဥပမာ ရောဂါပိုးမွှားတွေ၊ ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုရှိသွားတာတွေ) နောက်တစ်ချက်က မျိုးဗီဇပြဿနာကြောင့်ပါ။ တစ်ခါတစ်လေမှာ အဲဒီအချက်နှစ်ခုလုံးပေါင်းသွားလို့လည်း ဒီလိုရောဂါတွေဖြစ်လာနိုင်ပါတယ်။

ပြင်ပပတ်ဝန်းကျင်လွှမ်းမိုးမှု ( Environmental Cause)

ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်ဟာ Toxoplasmosis , Rubella နဲ့ Chicken Pox အစရှိတဲ့ ရောဂါပိုးကူးစက်ခံရရင် သားအိမ်ထဲက ကလေးငယ်ဟာ မွေးရာပါချို့ယွင်းချက်တွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတွေဟာ ကိုယ်ဝန်စရှိစဉ်တည်းက Antenatal Care(အများအခေါ် ဗိုက်အပ်ခြင်း) ယူထားသင့်ပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေထိုးထားရပါမယ်။

သောက်နေကျမဟုတ်တဲ့ ၊ ဆရာဝန်ညွှန်ကြားမှုမရှိတဲ့ ဆေးတွေလည်း မိမိသဘောနဲ့မိမိဝယ်မသောက်သင့်ပါဘူး။

မျိုးဗီဇဆိုင်ရာပြဿနာ ( Genetic Cause )

ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းမှာ chromosomes တွေရှိပါတယ်။ အဲဒီခရိုမိုဆုမ်းတွေကပဲ ကလေးတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာစရိုက်တွေကို ဖန်တီးပေးပါတယ်။ ရင်သွေးငယ်ဟာ မိခင်နဲ့ ဖခင်ဆီက ခရိုမိုဆုမ်းတစ်ခုစီယူပြီး ကြီးထွားပါတယ်။ လိုအပ်တဲ့ ခရိုမိုဆုမ်းအရေအတွက်ထက် ပိုများသွားတာ၊နည်းသွားတာ၊ ဒါမှမဟုတ် ခရိုမိုဆုမ်းက ပျက်စီးနေတဲ့အခါ စတာတွေမှာ သားအိမ်ထဲကရင်သွေးဟာ မွေးရာပါချို့ယွင်းမှုတွေဖြစ်လာပါတော့တယ်။ဥပမာ Down Syndrome ရောဂါ၊ Marfan Syndrome ရောဂါ ၊ Hemophilia ( သွေးခဲစေတဲ့ဓာတ်ချို့တဲ့သွားလို့ သွေးမတိတ်တဲ့ရောဂါ ) စသည်တို့ပဲဖြစ်ပါတယ်။

ကလေးငယ်မှာဒီလိုဖြစ်လာလိမ့်မယ်လို့ ကြိုသိနိုင်သလား?

ကိုယ်ဝန်ဆောင်စဉ်မှာ သန္ဓေသားအတွက် ကြိုတင်စစ်ဆေးမှုတွေလုပ်ရင်း ခန့်မှန်းသိရှိနိုင်ပါတယ်။

ဆရာဝန်ညွှန်ကြားမှုနဲ့ လိုအပ်သောသွေးအမျိုးအစားများစစ်ခြင်း၊ တီဗီဓာတ်မှန် (Ultrasound ရိုက်ခြင်း)၊ သားအိမ်ထဲမှ သန္ဓေသားမှာ ချို့ယွင်းချက်ရှိမရှိသိရအောင် ရေမြွာရည်ထုတ်ယူစစ်ဆေးခြင်း စသည်တို့ပြုလုပ်နိုင်ပါတယ်။

သန္ဓေသားမှာ ဒီလိုရောဂါတွေမရှိအောင် ကြိုတင်ကာကွယ်နိုင်သလား?

များသောအားဖြင့် ဒီရောဂါတွေကို ကာကွယ်ဖို့ဆိုတာပြောရခက်လှပါတယ်။ သို့သော် ကိုယ်ဝန်ဆောင်မိခင်များက မိမိဘက်ကနေ ပြည့်စုံအောင် ကြိုတင်ကာကွယ်ထားရပါမယ်။ ဘယ်လိုပြည့်စုံအောင်နေထိုင်ရမလဲဆိုရင်

  • -ညွှန်ကြားထားတဲ့ ကာကွယ်ဆေးတွေပြည့်စုံအောင်ထိုးထားရပါမယ်။
  • -လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ မရှိရပါဘူး။
  • -ကိုယ်ဝန်ဆောင်စဉ်မှာ folic acid ကို ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်သောက်သုံးရပါမယ်။
  • -သောက်နေကျမဟုတ်တဲ့ ၊ ဆရာဝန်ညွှန်ကြားမှုမရှိတဲ့ ဆေးတွေလည်း မိမိသဘောနဲ့မိမိ (လုံးဝ)ဝယ်မသောက်သင့်ပါဘူး။
  • -ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်ဝန်စောင့်ရှောက်မှု (Antenatal Care) စောစောနဲ့ပုံမှန်ယူထားရပါမယ်။
  • -အာဟာရအုပ်စုသုံးစုလုံး ညီညွတ်အောင်စားရပါမယ်။
  • -ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း ရှောင်ကြဉ်ရပါမယ်။ အနားမှာရှိတဲ့လူဆီက ဆေးလိပ်ငွေ့ရှူရှိုက်မိပြီး Passive Smoker မဖြစ်အောင်လည်း ဂရုစိုက်ရပါမယ်။

အထက်ပါအချက်လေးတွေကို ဂရုစိုက်လိုက်နာခြင်းဖြင့် မိမိရဲ့ကလေးငယ်ဟာ မွေးရာပါချို့ယွင်းမှု၊ပုံမမှန်မှုတွေဖြစ်မယ့်နှုန်းကို လျှော့ချနိုင်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်နိုင်ပါစေ။

မောင် (ဆေး-၁)

MyDoctor Telemedicine Application
Related posts
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Schizophrenia

1 Mins read
စိတ်ကစဉ့်ကလျားရောဂါ ( schizophrenia) သင်ဟာ ဆေးပညာအသိုုင်းအဝိုင်းနဲ့ နီးတဲ့သူတစ်ယောက်ဆို ကြားဖူးပါလိမ့်မယ်၊ အတိုကောက်အနေနဲ့ စကစ် (schip) လို့ခေါ်ကြတယ်၊ မသိတော့ (skip) လိုလို အထင်မှားကြတယ်။ မှားလဲ မှားစရာပါ၊ ခံစားနေရတဲ့သူတွေ ကလဲ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်ပဲ ပယ်ထားခံရသူတွေများပါတယ်။…
All Articlesအခြားရောဂါများ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…

Leave a Reply

Your email address will not be published. Required fields are marked *