လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းအကြောင်း

အခုနောက်ပိုင်း အမျိုးသမီးတွေ တော်တော်စိတ်ဝင်စားလာကြတဲ့ ကိုယ်ဝန်တားနည်းတစ်ခုကတော့ လက်မောင်းထဲမှာထည့်တဲ့ ပစ္စည်းလေးပေါ့။ ပရိုဂျက်စတင် ဟော်မုန်းတစ်မျိုးတည်း ပါဝင်ပြီး မီးခြစ်ဆံ အရွယ်အစားလောက် ရှိတဲ့ ပလစ်စတစ် အပျော့ချောင်းလေး ဖြစ်ပါတယ်။ ဒီပစ္စည်းလေးက တစ်ခါထည့်ထားပြီးရင် ၅ နှစ်အထိ ကိုယ်ဝန်တားပေးနိုင်တယ်။ ၃ နှစ်ခံ၊ ၄ နှစ်ခံပစ္စည်းတွေလည်း ရှိတယ်။ ကလေးလိုချင်ပြီဆိုလည်း ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ချက်ချင်းပြန်ရနိုင်တယ်။ အခုမှ အိမ်ထောင်ကျတယ်၊ အသက်ကလည်း ငယ်သေးတော့ ၄ ၅ နှစ် ကိုယ်ဝန်တားထားဦးမယ်၊ ထိုးဆေးတွေ သောက်ဆေးတွေလည်း မသုံးချင်ဘူးဆိုတဲ့ အမျိုးသမီးတွေအတွက် အရမ်းအဆင်ပြေတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းတစ်ခု ဖြစ်ပြီး၊ အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရနှုန်းက အမျိုးသမီးအယောက်တစ်သောင်းမှာမှ ၅ ယောက်သာ ရှိပါတယ်။

ဒီပစ္စည်းကို အသုံးပြုတော့မယ်ဆိုရင် အသေးစားခွဲစိတ်မှုလေးတော့ လုပ်ရပါတယ်။ ခွဲခန်းတွေဘာတွေတော့ ဝင်စရာမလိုပါဘူး။ မထည့်ခင်မှာ လက်မောင်းကို ထုံဆေးထိုးမယ်။ ထုံသွားပြီဆိုတော့မှ ထည့်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စရာ မလိုပါဘူး။ ဓါးကလည်း လက်သည်းခွံတစ်ဝက်လောက် အရွယ်ပဲ ရှိပါတယ်။ ပြီးသွားရင်လည်း ချုပ်ရိုးတွေနဲ့ ပြန်ချုပ်တာ မဟုတ်ပါဘူး။ ဒီအတိုင်း အနာကပ်ခွာလေးနဲ့ပဲ ကပ်ပေးလိုက်တာပါ။ ထည့်ပြီးသွားရင်တော့ ၅ ရက်တိတိ အဲဒီနေရာကို ရေမစိုအောင် ထားရပါမယ်။ အညှော်ရှောင်ရတာ၊ အနားယူရတာတွေ လုပ်စရာ မလိုပါဘူး။ ထည့်ပြီးစ ရက်ပိုင်းလောက် ပြင်းပြင်းထန်ထန် မလှုပ်ရှားရင် ရပါပြီ။

ပြောရရင် ဒီပစ္စည်းက ၃ လခံထိုးဆေးနဲ့ ပါဝင်တဲ့ ဟော်မုန်းချင်း အတူတူပါပဲ။ ဒါပေမယ့် ၃ လခံဆေးထက်စာရင် ဒီပစ္စည်းမှာ အားသာချက် ၄ ချက် ရှိပါတယ်။

ထိရောက်မှု ပိုကောင်းတယ်။ နှစ်ရှည်ခံတဲ့အတွက် အလုပ်ရှုပ်သက်သာတယ်၊ (၃)လတစ်ခါ ဆေးထိုးနေစရာ မလိုတော့ဘူး။ ၃ လခံထိုးဆေးက သွေးပေါင်ချိန် ၁၆၀ အထက် ထိုးဖို့မသင့်တော်ပေမယ့် ဒီပစ္စည်းကတော့ ထည့်လို့ရတယ်။ ၃ လခံဆေးက ဆေးထိုးရပ်လိုက်ပေမယ့် အရှိန်ကျန်တတ်တယ်၊ လုံးဝကို မရနိုင်တော့တာ မဟုတ်ပေမယ့် ကိုယ်ဝန်ပြန်ရဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ ဒီပစ္စည်းကတော့ စောင့်စရာမလိုဘူး။ ဒါကြောင့် ခုမှအိမ်ထောင်ကျစ၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့သူတွေ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

အားနည်းချက်အနေနဲ့ အမျိုးသမီးတွေ သိပ်သဘောမကျတာကတော့ ဒီပစ္စည်းထည့်ပြီးရင် ရာသီသွေး မပေါ်တတ်ဘူး။ အဲဒီလို မပေါ်တာကလည်း တကယ်တော့ ပြဿနာမရှိဘူး။ ဘာရောဂါမှလည် မဖြစ်စေဘူး။ သူ့အာနိသင်က မမျိုးဥကို မကြွေအောင် တားပေးမယ်။ သားအိမ်နံရံ ထူထဲမှုကိုလည်း တားဆီးပေးတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်လတစ်ခါ မမျိုးဥကြွေတယ်။ အဲဒီလိုကြွေပြီဆိုတာနဲ့ သားအိမ်နံရံက ထူထဲလာတယ်။ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ တကယ်လို့ သန္ဓေအောင်မသွားဘူးဆိုရင် ခုနက ထူထဲထားတဲ့ သားအိမ်နံရံက ကွာကျလာမယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်တယ်။

အခု သူက မမျိုးဥမကြွေအောင် တားပေးတဲ့အပြင် အဲဒီသားအိမ်နံရံကို ထူမလာအောင် လုပ်ပေးလိုက်တော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်ပြီး ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရပါတယ်။ ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီပစ္စည်းကို မထည့်ခင် သေချာစဉ်းစားကြစေလိုပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ သူက ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) နဲ့ ပုံမမှန်သွေးဆင်းနေတဲ့သူ (Irregular bleeding) ဆိုရင်တော့ အသုံးပြုလို့ မသင့်တော်ပါဘူး။

ဝနေတဲ့သူတွေကတော့ အသုံးပြုလို့ရပါတယ်။ တစ်ခုပါပဲ၊ ကိုယ်အလေးချိန် ၁၇၆ ပေါင်အထက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ သက်တမ်းတစ်နှစ်လျော့ပါမယ်။ ၅ နှစ်ခံ ထည့်ပေမယ့် ၄ နှစ်ပဲ ခံမယ်။ ၄ နှစ်ခံ ထည့်ပေမယ့် ၃ နှစ်ပဲ ခံမယ်။ ခြွင်းချက်အနေနဲ့ ၃ နှစ်ခံပစ္စည်းကတော့ တစ်နှစ်မလျော့ပါဘူး။ ဘယ်လောက်ဝတဲ့သူ ထည့်ပါစေ၊ ၃ နှစ်အပြည့် ခံပါတယ်။

တီဘီဆေး၊ အတက်ကျဆေးတွေက ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆိုလည်း မထည့်ထားသင့်သေးပါဘူး။ ထည့်ပြီးမှ ရောဂါဖြစ်လို့ ဒီဆေးတွေ သောက်ရတော့မယ်ဆိုရင်တော့ ဒီပစ္စည်းအပြင် ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို တွဲအသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း)။ ဒီပစ္စည်းက ရောဂါကို ပိုဆိုးစေတာ မဟုတ်ပါဘူး၊ ပစ္စည်းရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်ဝန်ရသွားနိုင်လို့ ဖြစ်ပါတယ်။

ကုန်ကျစရိတ်အားဖြင့်တော့ ကိုယ်ထည့်တဲ့ ဆေးရုံဆေးခန်းနဲ့ ဆရာဝန်ပေါ် မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ကုန်ကျနိုင်ပါတယ်။ တချို့သော အစိုးရဆေးရုံတွေမှာလည်း အခမဲ့ ထည့်ပေးနေတယ်လို့ သိရတယ်။

သားဆက်ခြားနည်းလမ်းတွေအားလုံးမှာတော့ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြတာချည်းပါပဲ။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ပဲ လိုအပ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…

Leave a Reply

Your email address will not be published. Required fields are marked *