လူမှုပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေသော လူစားများ
Greedy
ဒီလိုလူမျိုးတွေကတော့ ခေါင်းစဉ် အဓိပ္ပာယ်အတိုင်း လောဘများတဲ့ သူတွေဖြစ်တယ်။ လော ဘကြီးတယ်ဆိုတဲ့ နေရာမှာ ပိုက်ဆံတစ်ခုထဲမဟုတ်ပဲ အရာအားလုံးလောဘကြီးတတ်တဲ့ ပုံစံမျိုးနဲ့ တွေ့ရတတ်ပါတယ်။ ဥပမာ ထမင်းအတူတူစားရင်တောင် သူများဟင်းခွက်အခြေအနေ၊ သူများစားဖို့ ကျန်မကျန်မကြည့်ပဲ အများကြီးထည့်စားတတ်တာမျိုး၊ သူများဝယ်ကျွေးတယ်ဆိုရင် တန်အောင် တနှင့်တပိုး စားလိုက်တာမျိုးကနေ စပြီး အတိုင်းအဆမရှိ သူများဆီက ရနိုင်သမျှကို လောဘကြီးတတ်တာဖြစ်ပါတယ်။ ဒီလိုလူမျိုးနဲ့ သင်ရည်းစားဖြစ်တယ်ဆိုရင်တော့ အတော်လေး အန္တရာယ်ရှိပါတယ်။ အကြောင်းကတော့ ဒီလို လူတွေဟာ သင့်ဘက်က ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ် သူတို့ဘက်က ကျေနပ်တယ်ဆိုတာ မရှိပါဘူး။ ဒါ့အပြင် သင်ဟာ အကြောင်းအမျိုးမျိုးကြောင့် အရင်ကလို မပေးနိုင်တော့တဲ့အခါမှာ သူတို့ဆီက မထင်မှတ်ထားတဲ့၊ ဆိုးဝါးတဲ့ တုံပြန်မှုတွေ ရရှိလာနိုင်ပါတယ်။ ဒီလိုလူမျိုးတွေမှာ ထူးခြားချက်က သူတို့ရဲ့ ကိုယ်ပိုင်ဘဝမှာလည်း ရောင်ရဲ့ တင်းတိမ်မှုမရှိနိုင်သလို လောဘတကြီးရှာဖွေနေပေမယ့် စုဆောင်းမိဖို့ ခက်ခဲနေတာကို တွေ့ရပါတယ်။
Dishonest
မြန်မာလို ဒဲ့ပြန်ရင်တော့ မရိုးသားတာပေါ့နော်။ တိတိကျကျပြောရရင် မျှော်လင့်ချက်၊ ရယူလိုမှုတစ်ခုခုမရှိပဲနဲ့ ဘယ်လိုလူမျိုးကိုမှ ဘယ်လောက်ရင်းနှီးပါစေ မကူညီတဲ့ သူမျိုးပါ။ ဒီနေရာမှာ စီးပွားရေးဆန်တာနဲ့ လုံးဝကွဲတယ်ဆိုတာ သိဖို့လိုပါတယ်။ စီးပွားရေးဆန်တယ်ဆိုတာက တိတိကျကျ အကျိုးအမြတ်ကို တွက်ချင့်ပြီးမှ အလုပ်လုပ်တာကို ဆိုလိုတာပါ။ Dishonest ဆိုတဲ့ ပုံစံကတော့ ဘယ်အရာပဲ လုပ်လုပ်မရိုးသားတာမျိုး၊ အမှန်အတိုင်းပြောလို့ ရပေမယ့် အကြောင်းအရာ အသေးလေးကစ လိမ်မိနေတာမျိုး၊ ကိုယ်မိသားစုအချင်းချင်း ချစ်သူအပေါ်တောင် အမြတ်ထုတ်တာမျိုး စတဲ့ အရာတွေနဲ့ တွဲနေတတ်ပါတယ်။ ဒီလိုလူမျိုးတွေကိုတွေခဲ့ရင်တော့ မိသားစုဝင်အချင်းချင်း၊ ချစ်သူအချင်းချင်းဖြစ်ရင်တောင် မိမိရဲ့ လျှို့ဝှက်အပ်တဲ့ ကိစ္စမျိုးတွေ မပြောတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Judgemental
အပြစ်တင်စောတဲ့ အကျင့်လို အလွယ်ပြောလို့ရပါတယ်။ လူတစ်ယောက်ရဲ့ အကြောင်း၊ အဖြစ်အပျက် တစ်ခုရဲ့ အကြောင်းကို တစ်စွန်းတစ်စလောက်သိရုံနဲ့ ဒီလူပုဂိုလ်ကို တံဆိပ်ကပ် အပြစ်တင်တတ်တဲ့ သူမျိုးဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ လုပ်ငန်းခွင်မှာ အတော်လေး အန္တရာယ်ရှိတဲ့သူတွေဖြစ်ပြီး သူတို့ စကားကို နားယောင်က လူတစ်ဦးတစ်ယောက်အပေါ်မှာ အထင်အမြင်လွဲသွားနိုင်ပါတယ်။
Manipulative
မိမိရဲ့ ရယူလိုမှုတစ်ခုခုအတွက် အခြားတစ်ယောက်ကို အသုံးချတာ၊ Abuse လုပ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေဟာ သူတို့ကိုယ်ကိုယ်သူတို့ ပါးနပ်တယ်လို့ ခံယူလေ့ရှိပြီး စာတွေရေးပြီး ထုတ်ဝေကြတာ မျိုးတောင် ရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီအရာဟာ လူလူချင်း ကျင့်ဝတ်ချိုးဖောက်တဲ့ ပုံစံတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို Manipulative ပုံစံရှိတဲ့ သူတွေရဲ့ အဓိကလက်နက်ဟာ အပြစ်ရှိတယ်လို့ ထင်မြင်စေတဲ့စိတ် ( Guilty Conscious) ပဲ ဖြစ်ပါတယ်။ သူတစ်ပါးကို အပြစ်ရှိတယ်လို့ ခံစားရစေပြီး “နင်က ငါ့ကို ဒီလို အပြစ်ကျူးလွန်ထားတဲ့အတွက် နင်ဒါနဲ့ ပြန်ပေးဆပ်ရမယ်” ဆိုတဲ့ ပုံစံမျိုး Abuse လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ သူတို့ ရယူလိုက်တာတွေက တစ်ဖက်လူရဲ့ အရမ်းတန်ဖိုးထားတဲ့ အရာတွေ ဖြစ်နေတတ်ပါတယ်။