လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ
(1) Narcissistic
သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့ အပြုအမူကြောင့် တစ်စုံတစ်ယောက်က အကြီးအကျယ်ထိခိုက်သွားခဲ့ရင်တောင်မှ ကိုယ့်အမှားလို့ ဘယ်တော့မှ မထင်တတ်ပဲ တစ်ဖက်လူက လာရန်စလို့ ဖြစ်တာဆိုတဲ့ ခံယူချက်မျိုး ၊ သတ်မှတ်ချက်မျိုး ဆုံးဖြတ်တတ်ပါတယ်။
လူတိုင်းမှာ မိမိအပြစ်တစ်ခုခုလုပ်မိရင် အပြစ်ရှိသလို ခံစားရတဲ့စိတ် (Guilty Conscious) ဆိုတာရှိပါတယ်။ ဒါပေမယ့် Narcissistic type တွေဟာ Guilty Conscious အလွန်နည်းလေ့ရှိပြီး အပြစ်ရှိသလို ခံစားခဲ့ရရင်တောင် ငါမမှားဘူး၊ သူဘက်ကမှားတာဆိုပြီး မိမိဘာသာ ပြန်လည်ဖြေသိမ့်တတ်ပါတယ်။ တစ်စုံတရာ မိမိအနေနဲ့ သိသိသာသာ မှားသွားခဲ့ရင်တောင် ဘယ်တော့မှ မိမိအပြစ်ကို ဝန်ခံတတ်တဲ့ သူတွေ မဟုတ်ကြပါဘူး…
(2) Vindictive
သူတို့နဲ့ ဆန့်ကျင်ဘက် မလုပ်လိုက်နဲ့၊ သူတို့အကြိုက်လိုက်နေရင်တော့ အရမ်းကောင်းတဲ့သူ ဖြစ်ချင် ဖြစ်နေနိုင် ပါတယ်။ ကိုယ်ရဲ့အတွေးအခေါ်က Vindictive type လူမျိုးတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်စေ၊ သူတို့ခိုင်းတာ လိုက်မလုပ်တာဖြစ်စေ၊ သူတို့ကို မတုန့်ပြန်ပဲ လျစ်လျူရှုထားတာဖြစ်စေ တစ်ခုခုကို သင်ကျူးလွန်ခဲ့မယ်ဆိုရင် သင်ဟာ သူတို့ရဲ့ ရန်သူအဖြစ် လုံးဝ သတ်မှတ်ခြင်းခံရတော့မှာပဲ ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ခံရခြင်းဟာ ကိစ္စ အကြီးအသေးပေါ်မှာ မမူတည်ပါဘူး။ ကိစ္စသေးသေးလေး ဖြစ်နေပါစေ သင်ဟာ သူတို့ရဲ့ ရန်သူသဖွယ် အငြိုးထား တိုက်ခိုက်ခြင်းကို ခံရပါလိမ့်မယ်။
ဥပမာ သင်ဟာ Vindictive type လူမျိုးကို ရည်းစားတော်ထားရမယ်ဆိုပါစို့၊ သင်ဟာသူနဲ့ ဆန့်ကျင်ဘက် တစ်ခုခု လုပ်မိခဲ့မယ်ဆိုရင် သင်ဟာ သူရဲ့ ချစ်သူ၊ ချစ်ရသူဆိုတာကို လုံးဝမေ့လျော့သွားပြီး သင့်ကို သူရဲ့ ရန်သူ သဖွယ် ထိထိမိမိတိုက်ခိုက်တော့မှာပဲ ဖြစ်ပါတယ်။ တိုက်ခိုက်တဲ့နေရာမှာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းတွေကို ခံရနိုင်ပြီး သင်သူ့အပေါ် ယခင်က ဘယ်လောက်ပဲ ကောင်းခဲ့ပါစေ ကောင်းခဲ့တဲ့ အတိတ်တွေအားလုံးကို ယခု အဖြစ်အပျက်တစ်ခုအတွက် ထည့်တွက်ခံရမှာ မဟုတ်ပါဘူး။
Predatory
သူတို့ဟာ လူတွေကို အရုပ်တွေလိုပဲ သဘောထားတဲ့ သူပဲ ဖြစ်ပါတယ်။ လူတွေကို မြင်တဲ့အခါမှာ ဒီလူကို ငါဘယ်လို အသုံးချရင်ကောင်းမလဲ ဆိုပြီး အမြဲစဉ်းစားတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဟာ ဘယ်တော့မှ Friendship ဆိုတဲ့ အရာကို တန်ဖိုးမထားသလို အရေးမကြီးဘူးလို့ ထင်တတ်တဲ့ သူတွေဖြစ်ပြီး လူတွေကို မကောင်းတဲ့ နေရာမှာ ၊ အန္တရာယ်များတဲ့ နေရာမှာ Assign ချထားရတာကို ကျေနပ်နေသူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ချစ်သူရည်းစားကိုတောင်မှ သူတို့အကျိုးအမြတ်ရဖို့ဆိုရင် အန္တရာယ်ရှိမှန်း သိတဲ့ဇုန်ထဲကို တောင် လွှတ်ဖို့ အားမနာတဲ့သူတွေဖြစ်ပါတယ်။
Unforgiving
သေရင်တောင် ခွင့်မလွှတ်ဘူးဆိုတဲ့ လူစားမျိုးတွေဖြစ်ပါတယ်။ သူတို့ စိတ်ဆိုးသွားပြီဆိုရင် လူတစ်ယောက်ကို ဘယ်လောက်ပြန်တောင်းပန်ပါစေ ဘယ်တော့မှ ခွင့်မလွှတ်တဲ့လူမျိုးတွေဖြစ်ပါတယ်။ သူတို့ရဲ့ မုန်းတီးရတဲ့ အကြောင်းပြချက်ဟာ ကိစ္စသေးသေးလေးဖြစ်ချင်ရင် ဖြစ်နေနိုင်ပေမယ့် သူတို့ဟာ လူတစ်ယောက်ကို ခွင့်လွှတ်လိုက်ရတာက သူတို့ရဲ့ အားနည်းချက်လို့ ထင်မြင်ယူဆတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ဟာ လူတစ်ယောက်ကို တစ်သက်လုံးချည်နှောင်ထားတတ်ပြီး ဒီလူအကြောင်းကို နေ့စဉ်တွေးရင်းနဲ့ မုန်းတီးနေတဲ့ ပုံစံဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကို အပိုင်းဆက် ၄ ပိုင်းအနေနဲ့ ရေးပေးခဲ့တာကို ဖတ်ရမယ်ဆိုရင်တော့ ဒီခေါင်းစဉ်အတိုင်းပဲ လူမှုဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေသော လူစားများဆိုတဲ့ ခေါင်းစဉ်အတိုင်း စိတ်ပျက်စရာကောင်းတဲ့ ပုံစံအမျိုးမျိုးကို တွေ့ရမှာဖြစ်သလို ဖတ်နေရင်းနဲ့ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီပုံစံတွေနဲ့ ကိုက်ညီတဲ့ လူမျိုးတွေကို မျက်လုံးထဲမြင်လာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီစာလေးရဲ့ ရည်ရွယ်ချက်ကတော့ သူများကို Blame တာထက် မိမိကိုယ်ကိုယ် ပြန်ပြီး သုံးသပ်ဖို့ ဖြစ်ပါတယ်။
အခုပြောပြသွားတဲ့ ပုံစံ (၁၁) မျိုးထဲမှာ အချို့သောအချက်လေးတွေဟာ ကျွန်တော်တို့ဆီမှာ ရှိနေနိုင်တယ်ဆိုတာ စာဖတ်သူတွေလဲ သတိပြုမိမယ်လို့ ထင်ပါတယ်။ သေချာသိဖို့ကတော့ ဒီအချက်တွေဟာ ကျွန်တော်တို့ဆီမှာ လုံးဝရှိမနေသင့်တဲ့ အရာတွေဖြစ်ပြီး မိမိမှာ ဒီလိုအချက်တွေများလေလေ မိမိဟာ ပတ်ဝန်းကျင်ကို အဆိပ်အတောက် ဖြစ်စေတဲ့ သူတွေဖြစ်လာနိုင်ပြီး လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်မှုကိုခံရနိုင်တယ်ဆိုတာလေး အသိပေးရင်း နိဂုံးချုပ်လိုက်ရပါတယ်။