ကိုယ်ပူကျအောင် ဘာတွေလုပ်ကြမလဲ
ကိုယ်ပူတက်စေနိုင်တဲ့ ရောဂါတွေအပြင် တခြားအကြောင်းတွေလည်း အများကြီး ရှိပေမဲ့ လူတွေစိတ်ပူတာကတော့ နေမကောင်းဖျားနာရင် တက်တဲ့ ကိုယ်ပူချိန်ကိုပါပဲ။ ကိုယ်ပူလာရင် မြန်မြန်ကိုယ်ပူကျစေချင်တာက လူ့သဘာဝပါ။
✔ဒီတော့ ကိုယ်ပူချိန်ကျအောင် ဘာတွေလုပ်ရမလဲ ??
▪ သာမိုမီတာနဲ့ ကိုယ်ပူချိန်တိုင်းပါ ဖျားရင် ဖြစ်တတ်တဲ့ တခြားလက္ခဏာတွေ ရှိမရှိကြည့်ပါ။
▪ ကိုယ်ပူချိန် 100.4°F (38°C) ထက်ကျော်နေပြီဆိုရင်တော့ သေချာပါတယ် ဖျားနေပါပြီ။
▪ လဲလျောင်း အနားယူပါ..များများအိပ်ပါ။
▪ တွေ့ကရာဆေး သူများပြောတိုင်း မသောက်ပါနဲ့။ ဆေးစပ်မသောက်ပါနဲ့။ အန္တရာယ် သိပ်များပါတယ်။
▪ ရေဓာတ်ပြည့်ဝနေပါစေ။ ဆေးသောက်ပြီးရင် ချွေးထွက်ပြီး ကိုယ်ပူကျလာပါလိမ့်မယ်။ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။ ရေ၊ ရေနွေး၊ နို့၊ စွပ်ပြုပ်၊ ဓာတ်ဆားရည်၊ အုန်းရည်၊ သစ်သီးဖျော်ရည်..စတာတွေ အကုန်သောက်လို့ရပါတယ်။ များများသောက်ပါ။
▪ ချမ်းတုန်နေတာမျိုး မဟုတ်ရင် မလိုအပ်ဘဲ အဝတ်ထူထူစောင်ထူထူနဲ့ နေတာမျိုး မလုပ်ပါနဲ့။ အခန်းအပူချိန်ကိုလည်း သင့်တင့်မျှတစွာ အေးနေအောင် ထားပါ။ 26-27 °C လောက်ဆိုရင် အတော်ပါပဲ။
▪ ရေပတ်တိုက်လို့ရပါတယ်။ ရေခဲသုံးလို့ ရပေမဲ့ ပြန်အအေးမိမသွားစေဖို့တော့ သတိထားရပါမယ်။ နှဖူးပေါ် ရေခဲကပ်တာမျိုးထက် ချိုင်းကြား ပေါင်ကြားမှာ အဝတ်အေးတစ်ခု ခဏထည့်ထားတာမျိုးက ကိုယ်ပူပိုကျစေပါတယ်။
✔ သာမိုမီတာက ကိုယ်ပူချိန်ကို ဘယ်လောက်ပဲ ပြနေပါစေ ကိုယ်ပူအရမ်းကြီးလို့ အရမ်းစိတ်ပူရမှာ မဟုတ်ပါဘူး။
ကိုယ်ပူချိန်မတက်ပေမဲ့လည်း ကိုယ့်ကိုယ်ကို နေမကောင်း ဖျားနာနေပြီလို့ ထင်ရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးပြသ အဖြေရှာဖို့ လိုပါလိမ့်မယ်။ ကိုယ်ပူချိန် အမြန်ကျဖို့ထက် ကိုယ်ခံအားပြန်တက်လာဖို့ နဲ့ ရောဂါအရင်းအမြစ်ကိုသိဖို့က ပိုအရေးကြီးပါတယ်။
အားလုံး အဖျားအနာဝေးကြပါစေ..
Dr ဖြိုးဝေလင်း
(6.8.19)