အရေပြားကင်ဆာ ကာကွယ်ဖို့ရာ
ကျန်းမာစိုပြေပြီး ရောဂါကင်းဝေးတဲ့ အသားအရည်လေးကို မိန်းကလေးတို့ပိုင်ဆိုင်လိုကြမှာပါ
အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ အသားအရေလေးတွေလှပပြီး အရေပြားကင်ဆာမဖြစ်အောင် ဘယ်လိုတွေကာကွယ်ရမလဲဆိုတာလေးပြောပြချင်ပါတယ်
အရင်ဦးဆုံးအရေပြားကင်ဆာဆိုတာ ဘာလဲဆိုတာပြောပြပါမယ်
အရေပြားကင်ဆာမှာ ဖြစ်တဲ့ဆဲလ်တွေအပေါ်မူတည်ပြီး အဓိက(၃)မျိုးရှိပါတယ်
1)Squamous cell carcinoma(SCC)
2)Basal cell carcinoma (BCC)
3)Melanoma တို့ဖြစ်ပါတယ်။
1)SCC က နေရောင်ခြည်ထိတွေ့မှုများတာကြောက့်အဓိကဖြစ်ပွားပြီး မျက်နှာ၊လည်ပင်း၊နဲ့နားရွက်တွေမှာဖြစ်တတ်တယ်
2)BCC ကလဲအထက်ပါ SCC ကဲ့သို့ UV ray တွေအထိများတာကြောင့်ပါပဲ။ သူကတော့မျက်နှာနဲ့လည်ပင်းတွေအဖြစ်များပါတယ်။
3)Melanoma ကိုတော့မှဲ့ကင်ဆာလို့ လူသိများကြပေမယ့် ရိုးရိုးပုံမှန်အသားအရည်ကလဲဖြစ်တတ်ပါတယ်။နေရောင်ခြည်မထိလဲဖြစ်တတ်ပြီး အမျိုးသားတွေမှာ မျက်နှာနဲ့ကိုယ်လုံးတွေပေါ်အဖြစ်များပြီး အမျိုးသမီးတွေမှာတော့ခြေထောက်တွေမှာအဖြစ်များပါတယ်။
အခြားအဖြစ်နည်းတဲ့ အရေပြားကင်ဆာတွေလဲရှိပါသေးတယ်-Kaposi sarcoma,Merkel cell carcinoma,Sebaceous gland carcinoma တို့ဖြစ်ပါတယ်။ အဖြစ်မများတာမို့ မပြောတော့ပါဘူး။
အရေပြားကင်ဆာဘယ်လိုကာကွယ်မလဲ?
ဘယ်လိုကာကွယ်မလဲဆိုတော့ အဓိကက နေရောင်ခြည်မှာပါတဲ့ UVA,UVB တို့ကြောင့်အဖြစ်များတာမို့ နေရောင်ခြည်မသင့်အောင်၊နေလောင်မခံရအောင် ကာကွယ်ရမှာပါ။ အခြား မျိုးရိုးလိုက်တာတို့၊ဓါတ်ရောင်ခြည်သင့်တာတို့၊ခုခံအားကျဆင်းတဲ့ရောဂါများ(ဥပမာ AIDS)မှာလဲဖြစ်တတ်ပါတယ်။ ကာကွယ်ရမယ့်နည်းလမ်းလေးတွေပြောပြပါမယ်
၁)နေလောင်ဒဏ်ကိုရှောင်ပါ။
ပုံမှန်အားဖြင့် မနက်၁၀နာရီမှ ညနေ၄နာရီအတွင်းမှာ UVပါဝင်မှုအများဆုံးဖြစ်တာကြောင့် မနက်၁၀နာရီ မှ ညနေ၄နာရီ အတွင်းနေရောင်ခြည်ရှောင့်သင့်ပေမယ့် ကျွန်တော်တို့လိုပူပြင်းတဲ့ဒေသတွေမှာတော့ မနက်၉နာရီလောက်ကစ ရှောင်သင့်ပါပြီ။
၂)အရိပ်ကိုရှာပါ
မနက်၉နာရီမှ ညနေ၄နာရီအတွင်း နေရိပ်ထဲတွင်သာနေထိုင်သင့်ပါတယ်၊၊
၃)Sunscreen လိမ်းပါ
လိမ်းရာမှာအနည်းဆုံး SPF30ပါတာကစလိမ်းသင့်ပါတယ်။ဘယ်လိုလိမ်းရမလဲဆို အဝတ်အထည်မဖုံးတဲ့နေရောင်ခြည်နဲ့ထိသမျှနေရာအကုန်လိမ်းရပါမယ်။၂ နာရီခြားတစ်ခါလိမ်းသင့်ပါတယ်။
၄)အဝတ်အထည်ဖြင့်ကာကွယ်ပါ
တတ်နိုင်သမျှနေရောင်ခြည်ထိတဲ့ နေရာနည်းအောင်ဝတ်ပါ(အင်္ကျီလက်ရှည်၊ဘောင်းဘီရှည် စသည်)၊ဦးထုပ်ကိုလဲလျှာထိုးကြီးကြီးပါတာဆောင်းပါ၊နောက် နေကာမျက်မှန်တပ်ဖို့မမေ့ပါနဲ့ ဖက်ရှင်လဲကျ နေရောင်ခြည်လဲကာကွယ်ပြီးသားဖြစ်ပါတယ်။
၅)Tanning beds တွေကိုရှောင်ပါ
အနောက်နိုင်ငံတွေမှာတော့ အသားအရေညိုအောင်ဆိုပြီး UV ray ထုတ်ပေးတဲ့ Tanning bedsတွေနဲ့လှုံကြတာရှိပါတယ်။
၆) မိမိအရေပြားကိုတစ်လတစ်ကြိမ်ကြည့်ရှုစစ်ဆေးပါ
ဟုတ်ပါတယ် အရေပြားပေါ်မှာအဖုအပိန့်၊အကွက်တွေထွက်လာသလား၊ဘာတွေပြောင်းလဲမှုရှိသလဲဆိုတာ တစ်လတစ်ခါစစ်ဆေးပါ။
၇)တစ်နှစ်တစ်ကြိမ် အရေပြားအထူးကုဆရာဝန်နဲ့ပြသပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ်။
အထက်ပါအချက်ကလေးတွေလိုက်နာပြီး ကျန်းမာလှပ၍ စွန်းလှပတဲ့အသားအရည်လေးကိုပိုင်ဆိုင်ကြပါစို့။
Dr ZY