ကလေးငယ်တွေ မိမိကိုယ်ကို ယုံကြည်ရှိအောင် ဘယ်လိုပြုစုပျိုးထောင်မလဲ
မိမိရဲ့ ကိုယ်ပိုင်အရည်အချင်း၊ စွမ်းဆောင်နိုင်စွမ်းတွေကို ယုံကြည်ခြင်းကို မိမိကိုယ်ကို ယုံကြည်ခြင်း Self-confidence လို့ခေါ်ပါတယ်။ ဒါကြောင့် Self-Confidence ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ဖို့ မိမိအရည်အချင်းတွေကို ယုံကြည်စိတ်ချခြင်း၊ ရဲရင့်ခြင်း၊ တက်ကြွခြင်း၊ စိတ်ဝင်စားမှုရှိခြင်း စတဲ့ အကောင်းမြင်စိတ်တွေ ရှိနေဖို့လိုပါတယ်။ မိမိကိုယ်ကို ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ ငယ်ရွယ်စဉ်ကတည်းက စိတ်ပိုင်းဆိုင်ရာ အမူအကျင့်ကောင်းတွေ မွေးမြူပေးနိုင်ဖို့ အရေးကြီးပါတယ်။ မိဘများအတွက် မိမိရင်သွေးလေးတွေအပေါ် ငယ်ရွယ်စဉ်ကတည်းက ကောင်းမွန်တဲ့ စိတ်ထားတွေ အုတ်မြစ်ချနိုင်ဖို့ ပျိုးထောင်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
၁။ ချစ်ခင်မှုတွေကို ဖော်ပြပါ။
ကလေးငယ်တစ်ယောက်အတွက် မိဘအုပ်ထိန်းသူတွေရဲ့ ချစ်ခင်ခံရခြင်း၊ အသိမှတ်ပြုခံရခြင်းထက် အရေးကြီးတဲ့အရာ မရှိတော့ပါဘူး။ မိသားစုဝင်များမှ အစပြုပြီး သူငယ်ချင်း၊ အပေါင်းအသင်း၊ ဆရာသမား၊ ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ ချစ်ခင်ခြင်းခံရတဲ့ ကလေးတွေဟာ လျစ်လျူရှုခံရတဲ့ ကလေးတွေထက် ပေါင်းသင်းဆက်ဆံလူမှုရေးမှာ မိမိကိုယ်ကို ယုံကြည်မှုရှိတာကို တွေ့ရပါတယ်။
၂။ ချီးကျူးစကားပြောဆိုပါ။
ကလေးငယ်လေးတွေဟာ သူတို့ရဲ့ တန်ဖိုးနဲ့ အောင်မြင်မှုကို မိဘတွေရဲ့ ချီးကျူးစကားနဲ့ တိုင်းတာလေ့ရှိကြပါတယ်။ ဒါကြောင့် မိမိကလေးငယ်ရဲ့ အောင်မြင်မှုတိုင်းအတွက် ချီးကျူးစကားဆိုဖို့ အရေးကြီးပါတယ်။ ရှုံးနိမ့်မှုများ၊ မအောင်မြင်မှုများအတွက်လည်း အားပေးစကား ပြောသင့်ပါတယ်။ ကလေးတွေရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြပါ။ အချို့သော အောင်မြင်မှုတွေအတွက် လုံ့လဝီရိယ စိုက်ထုတ်မှုနှင့် ထပ်တလဲလဲ လေ့ကျင့်မှု လိုအပ်ကြောင်း အသိပေးပါ။
၃။ ကြိုးစားချင်စိတ်ရှိစေရန် ပျိုးထောင်ပါ။
မိဘများကိုယ်တိုင် မိမိကလေးများအတွက် စံပြဖြစ်နေဖို့ အရေးကြီးပါတယ်။ မိဘများ အောင်မြင်မှု တစ်စုံတစ်ခု ရယူနိုင်တိုင်း မိသားစုနှင့်အတူ အောင်မြင်ခြင်း အထိမ်းအမှတ်အတွက် ပွဲများ ပြုလုပ်သင့်ပါတယ်။ ထိုအောင်မြင်မှုများ ရရှိဖို့ မိမိရဲ့ အားထုတ်မှုများနှင့် လေ့ကျင့်မှုများအကြောင်း ပြောပြပါ။ ထိုကဲ့သို့ အောင်မြင်ခြင်း စကားဝိုင်းများမှလည်း ကလေးငယ်တွေကို မိမိတို့ရဲ့ အရည်အချင်းတွေကို လေ့ကျင့်ရန်၊ ကြိုးစားအားထုတ်နည်းများနှင့် အသုံးချတတ်မှုများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
၄။ ခံနိုင်ရည်ရှိဖို့ သင်ကြားပေးပါ။
ပြုလုပ်သမျှ အရာတိုင်း အောင်မြင်နေတဲ့သူ မရှိဘူးဆိုတာ သိပါစေ။ ရှုံးနိမ့်မှု၊ ငြင်းဆိုခံရမှု၊ ဝေဖန်တိုက်ခိုက်မှုတွေ ကြုံတွေ့ရနိုင်တယ်ဆိုတာ ပြောပြပါ။ ရှုံးနိမ့်မှုတိုင်းအတွက် လဲပြိုမသွားစေဘဲ ပြန်လည်ကြိုးစားနိုင်ရန် ကူညီပါ။
၅။ ကိုယ်လက်လှုပ်ရှားမှု (သို့) အားကစားပြုလုပ်ရန် အားပေးပါ။
အားကစားနည်းများက လေ့ကျင့်မှု၊ တိုးတက်နှုန်းနှင့် စွမ်းဆောင်နိုင်ရည်တွေကို မြင့်တင်ပေးနိုင်ပါတယ်။ Teamwork အသင်းအဖွဲ့နှင့် အားကစားနည်းများကလည်း လူမှုဆက်ဆံရေးဝင်ဆံ့ရန်နှင့် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်စေဖို့ ကူညီပါတယ်။ ကိုယ်ခန္ဓာကိုလည်း ကျန်းမာဖျတ်လတ်စေပြီး မိမိကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။
၆။ ကလေးငယ်ကို မိမိဘာသာ ဆုံးဖြတ်ချက်ချပါစေ။
အရာရာတိုင်းမှာ မိဘလွှမ်းမိုးမှုခံရတဲ့ ကလေးတွေဟာ ရေရှည်မှာ မိမိကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ ဝန်လေးတတ်ပါတယ်။ ဘဝခရိးလမ်းမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေများစွာ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ မိဘကို မှီခိုလွန်းသော ကလေးများ မဖြစ်စေရန် လေ့ကျင့်ပေးပါ။ အချို့ပြဿနာများကို မိဘများက ဖြေရှင်းပေးသည့်အစား ကလေးကိုယ်တိုင် မည်သို့ဖြေရှင်းသင့်သလဲဆိုတာ စဉ်းစားခိုင်းပါ။
၇။ အရွယ်နဲ့ လိုက်ဖက်တဲ့ လုပ်ငန်းတာဝန်များကို ခွဲဝေတာဝန်ပေးပါ။
အိမ်အလုပ်များကို ကူညီစေခြင်း၊ ဟင်းချက်ရာတွင် ကူညီစေခြင်း၊ မိမိအောက် အငယ်မောင်နှမများကို ထိန်းကျောင်းစေခြင်း၊ ကျောင်းတွင်းတာဝန်များတွင် ပါဝင်ထမ်းဆောင်စေခြင်းက ကလေးများကို တက်ကြွစေရုံသာမက တာဝန်သိစိတ်ကိုပါ ဖြစ်စေပါတယ်။
၈။ ကလေးငယ်ထံမှ အကြံဉာဏ်၊ ထင်မြင်ချက်များတောင်းပါ။
‘မေမေနဲ့ ဒီအင်္ကျီလိုက်ဖက်ရဲ့လား’ ၊ ‘ဖေဖေ့ကို ဘောင်ချာလေးတွေ ကူပေါင်းပေးပါ။’ ၊ ‘ညီလေးကို ဘာကစားစရာ ဝယ်ပေးရင်ကောင်းမလဲ’ စသည်ဖြင့် ကလေးရဲ့ ထင်မြင်ချက်၊ အကြံဉာဏ်လေးတွေ တောင်းပါ။ ထိုကဲ့သို့ စကားတွေက ကလေးငယ်ကို အသုံးဝင်တဲ့ မိသားစုဝင်တစ်ယောက်ကဲ့သို့ ခံစားရစေပြီး မိမိကိုယ်ကို ယုံကြည်မှုကိုလည်း တိုးပွားစေပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)