နှုတ်ခမ်းထက်မှာမကြာခဏပြန်ဖြစ်တတ်တဲ့ရေယုံ
သန္တာရောင်နှုတ်ခမ်းပိုင်ရှင်လေးများရေယုံကြောင့်အလှပျက်ပြီးစိတ်ညစ်ကာမကြာခဏဆိုသလိုလာရောက်ပြသတိုင်ပင်တတ်ကြပါတယ်။ပထမဆုံးအကြိမ်နှုတ်ခမ်းရေယုံပေါက်သူတွေမှာစိုးရိမ်မှုသိပ်မတွေ့ရပေမဲ့၊မကြာခဏဆိုသလိုဖြစ်လိုက်ပျောက်လိုက်ခံစားနေရသူတွေမှာတော့စိုးရိမ်မှုအရိပ်အရောင်တွေကိုတွေ့ကြရပါတယ်။အလှပျက်လို့စိတ်ညစ်ရသလို၊မကြာခဏထွက်ထွက်လာလေတော့ပိုပြီးသောကပွေရပါတော့တယ်။ဒီလိုပဲအမြဲထွက်လိုက်ပျောက်လိုက်ဖြစ်နေတော့မှာလားဆိုတဲ့အတွေးနဲ့စိတ်မောကြပြန်ပါတယ်။နှုတ်ခမ်းအလှကိုဖျက်သလို၊လူတွေအမြင်မှာလည်းမတင့်တယ်တာကြောင့်နှုတ်ခမ်းမှာရေယုံပေါက်ချင်ကြပါဘူး။မကြာခဏထွက်ထွက်လာပြန်တော့လည်းစိတ်အနှောင့်အယှက်ဖြစ်ပြီးဘာကြောင့်များဒီလိုမကြာခဏရေယုံပေါက်နေရတာလဲဆိုတဲ့အတွေးလေးတွေလဲဝင်ရောက်လာတတ်ကြပါတယ်။ဒီတော့နှုတ်ခမ်းမှာပေါက်တတ်တဲ့၊မကြခဏဆိုသလိုပြန်ပြန်ပြီးထွက်လာတတ်တဲ့ရေယုံရဲ့အကြောင်းကိုအခုလိုမကြာခဏလာပြကြနေကြတော့ တစ်ခြားခံစားနေရသူများ အ တွက်ပါသိစေချင်တာကြောင့် စေတနာရှေ့ထားပြီးရေးသားလိုက်ရပါတယ်။
ရေယုံဘာကြောင့်ဖြစ်
နှုတ်ခမ်းမှာရေယုံဘာကြောင့်ပေါက်ရတာလဲလို့မကြာခဏဆိုသလိုမေးမြန်းကြပါတယ်။ရေယုံဟာရေယုံဗိုင်းရပ်(စ်)ပိုးကြောင့်ပေါက်တာပါလို့ပြောရင်နောက်ပြောင်နေတယ်လို့များထင်ကြမလား။ ရေယုံဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ကို ရေယုံဗိုင်းရပ်(စ်)လို့ မြန်မာလိုအမည်ပေးထားလေတော့ဒီလိုပဲဖြေရတော့မှာပါ။ အင်္ဂလိပ်လို ဆိုရင်တော့ ဆေးပညာဝေါဟာရနာမည်ရှိပါတယ်။ Herpes Simplex Virus (HSV) ဗိုင်းရပ်(စ်)ပိုးလို့ခေါ်ပါ တယ်။ သူ့ကြောင့် ဖြစ်ရတာပါ။ အဲဒီ နှုတ်ခမ်းရေယုံဗိုင်းရပ်(စ်)(HSV) ဟာနှစ်မျိုးရှိပါတယ်။ HSV 1 နဲ့ 2 တို့ဖြစ် ပါတယ်။နှုတ်ခမ်းမှာ ပေါက်တဲ့ ရေယုံ အများစုဟာHSV 1 ကြေင့်ဖြစ်ရတာဖြစ်ပြီး HSV 2 ကြောင့်ဖြစ်ရတာ နည်းပါတယ်။HSV 2 ဗိုင်းရပ်(စ်)ပိုးကတော့ နှုတ်ခမ်းမှာသိပ်မဖြစ်တတ်ပဲလိင်အင်္ဂါတွေမှာပဲအဓိကဝင်ရောက်ပြီး ရေယုံကိုဖြစ်စေတဲ့ ဗိုင်းရပ်(စ်)ပိုးပါ။
လူဘယ်လောက်များများမှာနှုတ်ခမ်းရေယုံပေါက်ကြတတ်သလဲ။
ကိုယ့်နှုတ်ခမ်းမှာရေယုံပေါက်ပြီးစိတ်ညစ်တဲ့အခါမျိုးတွေမှာသူများတွေရောပေါက်ကြပါသလား၊လူဦးရေဘယ်လောက်များများမှာပေါက်လို့လဲ စသဖြင့်တွေးတတ်မေးတတ်ကြပါတယ်။နှုတ်ခမ်းမှာပေါက်တဲ့ ရေယုံဟာ လူတစ်ရာမှာနှစ်ဆယ်ကျော်ကျာ်(နှစ်ဆယ်ရာခိုင်နှုန်းကျော်ကျော်ပေါ့) ပေါက်တတ်ကြတယ်လို့စစ်တမ်းတွေစာ တမ်း တွေကရေးသားဖေါ်ပြထားကြပါတယ်။
ဒီလိုဖြေလိုက်တော့တစ်ချို့ကထပ်မေးကြပြန်ပါသေးတယ်။ကျွန်တော်ကျွန်မတို့လိုရောမကြာခဏပြန်ဖြစ်တတ်ကြပါသလားတဲ့။တစ်လကိုဘယ်နှစ်ခါလောက်ဖြစ်တတ်ကြပါသလဲတဲ့။ဖြေရမှာတော့တော်တော်ခက်ပါတယ်။စာတမ်းတစ်ချို့မှာတစ်နှစ်တစ်ကြိမ်လောက်တော့ပြန်ဖြစ်တတ်ကြတာကိုတွေ့ရတယ်လို့ဆိုထားပါတယ်။ဒါဟာလည်းခန္ဓာကိုယ်ရဲ့ခုခံအားစနစ်အခြေအနေနဲ့ရေယုံဗိုင်းရပ်(စ်)ပိုးကိုပြန်လည်နိုးကြွစေသောအကြောင်းအရာများအပေါ်မှာအများကြီးသက်ဆိုင်ပါတယ်။ဒါကြောင့်ပြန်တော့ဖြစ်တတ်ကြသော်လည်းတစ်လကိုဘယ်နှစ်ကြိမ်လောက်ဖြစ်တယ်ဆိုတာဟာလည်းတစ်ယောက်နဲ့တစ်ယောက်တူညီကြမှာမဟုတ်လေတော့အတိအကျမသိရနိုင်ပါဘူး။
ဘယ်အသက်အရွယ်တွေမှာဖြစ်တတ်လဲ။
တစ်ကယ်တော့နှုတ်ခမ်းရေယုံဟာအရွယ်မရွေးလူမျိုးမရွေးဖြစ်နိုင်ပါတယ်။ပိုပြီးအဖြစ်များတဲ့အရွယ်အပိုင်းအခြားအနေနဲ့ဆိုရင်တော့ကလေးအရွယ်တွေမှာအဖြစ်များပါတယ်။တစ်ချို့စာတမ်းတွေမှာတော့ကလေးတွေရဲ့ ၅၀%လောက်ဟာနှုတ်ခမ်းရေယုံပေါက်တာကိုတွေ့ရှိရတယ်လို့ဆိုကြပြန်ပါတယ်။
ဘယ်လိုပုံစံတွေ့ရမယ်
နှုတ်ခမ်းရေယုံပေါက်တာကိုဘယ်လိုပုံစံနဲ့တွေ့ရတယ်ဆိုတာလူတော်တော်များများဖြစ်ဖူး၊မြင်ဖူးလို့သိကြမှာပါ။ အရည်ကြည်အဖုအစုအစုလေးတွေအနေနဲ့ပေါ့။ သို့သော်လည်းရေယုံမပေါက်ခင်မှာဖြစ်ပေါ်တတ်တဲ့ လက္ခဏာ (ရှေ့ပြေးလက္ခဏာ)တွေရှိပါသေးတယ်။ အဲဒီလက္ခဏာကိုသိရှိပြီးသတိထားမိလိုက်ရင်ကိုယ့်အတွက် အကျိုးရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလိုကနဦးအစမှာလက်ဦးမှုရယူပြီးဆေးသောက်လိုက်မယ်ဆိုရင်အရည်ကြည်ဖုတွေပေါက်တဲ့အဆင့်ကိုမရောက်တော့ပဲပြန်လည်ငုပ်လျှိုးပျောက်ကွယ်သွားနိုင်ပါတယ်။ရှေ့ပြေးလက္ခဏာတွေကတော့ရေယုံပေါက်မဲ့နေရာကအနည်းငယ်နာကျင်သလိုခံစားရတာမျိုး၊ပူသလိုလို၊ယားသလိုလိုခံစားရတာမျိုးတွေပေါ့။ဒီလိုရှေ့ပြေးလက္ခဏာတွေကိုခံစားပြီးရင်အဲဒီနေရာဟာနီရဲလာပါလိမ့်မယ်။အဲဒီနီရဲလာတဲ့နေရာလေးမှာပဲတစ်ဖြည်းဖြည်းအဖုသေးသေးလေးတွေပေါ်လာပါမယ်။ဒီလိုရှေးဦးလက္ခဏာစပြီးပေါ်တာကနေပြီးအဖုလေးတွေထွက်လာသည်အထိ ၂ ရက်ကနေ ၄ ရက်လောက်အထိ ကြာတတ်ပါတယ်။ အဲဒီအဖုသေးသေးလေး တွေဟာများမကြာခင်မှာပဲအရည်ကြည်ဖုအဖြစ်ကိုပြောင်းလဲရောက်ရှိသွားပါတယ်။ အရည်ကြည်ဖုလေးတွေဟာ စုပေါင်း မိသွားတဲ့အခါမှာတော့အရေပြားအပေါ်မှာမီးလောင်ဖုလိုပုံစံအဖြစ်တွေ့ရပြီးပေါက်ပြဲ သွားတတ်ပါတယ်။ ပေါက်ပြဲသွားလို့အရေပြားဟာအနာဖြစ်သလိုတွေ့ရတတ်ပြီးအရည်ကြည်များနဲ့အရေပြားရဲ့အပေါ်ယံအလွှာဆဲလ်များပေါင်းပြီးခြောက်နေတဲ့အနာမြှေးဖတ်အုပ်ထားတဲ့အနာလေးတွေအဖြစ်လည်းတွေ့မြင်ရပါလိမ့်မယ်။အဲဒီနောက်မှာတော့အနာလေးတွေဟာသူ့အလိုလိုပြန်လည်သက်သာပျောက်ကင်းသွားပါလိမ့်မယ်။(ဘက်တီးရီးယားပိုးထပ်ပြီးမဝင်ရောက်ခဲ့ဘူးဆိုရင်ပေါ့)ဒါကြောင့်နှုတ်ခမ်းမှာရေယုံတစ်ခါပေါက်ရင်ပျှမ်းမျှတစ်ပတ်ကနေဆယ်ရက်လောက်တော့ကြာတတ်ပါတယ်။ဘက်တီးရီးယားပိုးထပ်ပြီးဝင်မယ်ဆိုရင်တော့အရေပြားရောင်ရမ်းနာတွေ၊ပြည်တည်နာတွေထပ်ဖြစ်ပြီးပိုဆိုးစေပါလိမ့်မယ်။အနာကိုရက်ပိုပြီးရှည်ကြာစေသလိုအနာရွတ်ထင်ကျန်စေတတ်ပါသေးတယ်။
နှုတ်ခမ်းရေယုံမကြာခဏဘာကြောင့်ပေါက်
နှုတ်ခမ်းရေယုံတစ်ခါပေါက်ဖူးခဲ့ရင်နောက်နောင်တစ်ချိန်ချိန်မှာအဲဒီနှုတ်ခမ်းမှာပဲရေယုံဟာမကြာခဏထွက်ထွက်လာတတ်ပါတယ်။ဘာကြောင့်ဒီလိုပေါက်ရသလဲဆိုတဲ့အကြောင်းကိုရှင်းပြဖို့ဆိုရင်နှုတ်ခမ်းရေယုံဗိုင်းရပ်(စ်)ပိုးဟာအရေပြားနဲ့အာရုံကြောထဲမှာဘယ်လိုပြုမူနေထိုင်သလဲဆိုတာကိုဦးစွာရှင်းပြဖို့တော့လိုပါလိမ့်မယ်။ပထမဦးဆုံးဝင်ရောက်လာတဲ့ကနဦးနှုတ်ခမ်းရေယုံဗိုင်းရပ်(စ်)ပိုးဟာနှုတ်ခမ်းအရေပြားရဲ့ဆဲလ်တွေတွေအထဲမှာဝင်ရောက်ပြီးကွဲပွါးကြပါတယ်။ အဲဒီနောက်မှာတော့အရေပြားဆဲလ်တွေပျက်ဆီးကြပြီးအရေပြားပေါ်မှာ အရည်ကြည် ဖု ပေါက်တဲ့ ပြဿနာကိုဖြစ်စေပါတယ်။အဲဒီနောက်မှာတော့ဗိုင်းရပ်(စ်)ပိုးတွေကို ခုခံအားစနစ်ကတုန့်ပြန် တိုက်ခိုက်လိုက်တာကြောင့် အရေပြားရဲ့အာရုံကြော အမျှင်တွေတစ်လျောက်အတွင်းဘက်ကိုလိုက်သွားပြီး Trigeminal ganglion ဆိုတဲ့အာရုံကြောခွဲ များဆုံရာ အဖုထုံး မှာသွားပြီးခိုလှုံပုန်းအောင်းနေကြပါတော့ တယ်။နှုတ်ခမ်းမှာဖြစ်တော့ နှုတ်ခမ်းနဲ့ဆိုင်တဲ့ အာရုံကြောတစ် လျောက်လိုက်သွားကြရင်းအဲဒီTrigeminal ganglion ဆိုတဲ့အာရုံကြောအဖုထုံးဆီကို ရောက်ရှိကြတာဖြစ်ပါ တယ်။
ဒီလိုခိုလှုံနေတဲ့ရေယုံဗိုင်းရပ်(စ်)တွေဟာခုခံအားကိုအနှောင့်အယှက်ပြုစေတဲ့အကြောင်းတစ်ခုခုကြောင့် ပြန်လည်နိုးကြွလာတတ်ကြပါတယ်။အဲဒီနောက်မှာတော့ပြန်လည်နိုးကြားလာတဲ့ဗိုင်းရပ်(စ်)ပိုးများဟာနှုတ်ခမ်းအရေပြားဆီကိုအာရုံကြောတစ်လျောက်ချီတက်လာကာအာရုံကြောရဲ့အဖျားအဆုံးမှာဗိုင်းရပ်(စ်)ပိုးတွေဟာ အရေပြားဆဲလ်တွေဆီကိုရောက်ရှိပြီးှဆဲလ်များအတွင်းသို့ဝင်ရောက်ကာနောက်ထပ်တစ်ခါကွဲပွါးကြပါတော့တယ်။ဒီလိုနဲ့နှုတ်ခမ်း မှာ ရေယုံဖုလေးများတစ်ကြော့ပြန်ဖြစ်ပွါးရပြန်ပါတယ်။
တစ်ကယ်တော့ကိုယ်ခန္ဓာရဲ့ခုခံအားစနစ်ကောင်းမွန်နေတဲ့အချိန်တွေမှာရေယုံဗိုင်းရပ်(စ်)ပိုးဟာသူတို့ခို အောင်းရာနေရာကနေထွက်မလာနိုင်ပါဘူး။ကိုယ်ခန္ဓာရဲ့ခုခံအားစနစ်ကိုအနှောင့်အယှက်ပြုစေတဲ့အကြောင်းအချင်းအရာတစ်ခုခုကြောင့်သာထွက်လာနိုင်တာဖြစ်ပါတယ်။ကိုယ်ခန္ဓာရဲ့ခုခံအားစနစ်ကိုအနှောင့်အယှက်ပြုတဲ့အကြောင်းတွေကလည်းများလှပါတယ်။ဒါကြောင့်လည်းမကြာခဏဆိုသလိုပြန်ထွက်လာကြတာဖြစ်ပါတယ်။
ဘယ်လိုအကြောင်းတွေကနှုတ်ခမ်းရေယုံကိုမကြာခဏပြန်ထွက်စေတတ်တာလဲ။
နှုတ်ခမ်းရေယုံကိုမကြာခဏပြန်ထွက်စေတတ်တဲ့အကြောင်းတွေကတော့ကိုယ်ခန္ဓာရဲ့ခုခံအားစနစ်ကိုအနှောင့်အယှက်ပြုတဲ့အကြောင်းတွေပဲဖြစ်ပါတယ်လို့အတိုချုပ်ပြောရမှာပါ။ဥပမာအနေနဲ့အဖြစ်များရတဲ့အကြောင်းတွေကိုပြောပြပါ့မယ်။
စိတ်ပင်ပန်းတဲ့အခါတွေမှာ
စာမေးပွဲနီးတဲ့အချိန်တွေ၊စိတ်ဖိစီးမှုဒဏ်ခံနေရတဲ့အချိန်တွေ၊မိန်းကလေးတွေမှာရာသီသွေးလာနေတဲ့အချိန်တွေ၊ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်တွေစတဲ့အချိန်တွေဟာစိတ်ပင်ပန်းရတဲ့အချိန်တွေပါ။ဒီလိုစိတ်ပင်ပန်းနွမ်းနယ်နေရတဲ့အခါမျိုးတွေမှာခုခံအားဟာအနည်းငယ်ကျဆင်းသွားတာကြောင့်ရေယုံဗိုင်းရပ်ပိုးဟာပြန်လည်ထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။
ကိုယ်ပင်ပန်းတဲ့အခါ
အလုပ်တွေအရမ်းလုပ်ရပြီးအင်အားတွေအရမ်းသုံးရလို့ကိုယ်ခန္ဓာအရမ်းနွမ်းနယ်ပင်ပန်းသွားတဲ့အခါမျိုးတွေ၊ အိပ်စက်အနားယူမှုမှာမလုံလောက်လို့အိပ်ရေးပျက်တဲ့အခါတွေမှာ၊အစားအသောက်ပျက်တဲ့အခါမျိုးတွေ၊ ဖျားနာပြီးနေမကောင်းဖြစ်တဲ့အခါတွေမှာ၊ရောဂါအတွက်ပိုးသတ်ဆေးတွေအရမ်းသောက်ရတဲ့အခါတွေမှာလည်းကိုယ်တွင်းခုခံအားအနည်းငယ်ကျဆင်းသွားပါတယ်။ဒီလိုအခါမျိုးတွေမှာခိုအောင်းနေတဲ့HSV ဗိုင်းရပ်(စ်)ပိုးတွေဟာပြန်လည်းနိုးထ ထွက်ပေါ်လာပြီးနှုတ်ခမ်းရေယုံကိုတစ်ကြော့ပြန်ဖြစ်စေပါတယ်။
ပူပြင်းတဲ့နေရောင်ကြောင့်
ရေယုံပေါက်ဖူးသူတွေကြုံနေကြပြဿနာတစ်ခုပါ။နေရောင်ထဲမှာကြာကြာသွားလိုက်မိလို့၊နေပူထဲမှာနေတာကြာသွားလို့စတဲ့အကြောင်းအရာတွေနဲ့အတူနှုတ်ခမ်းရေယုံတွေပြန်ထွက်ပြီးရောက်လာတတ်ကြပါတယ်။အမှန်တစ်ကယ်ပဲနေရောင်ဟာအရေပြားမှာခုခံအားစနစ်တစ်ချို့ကိုဟန့်တားနှောင့်ယှက်မှုပြုတာကြောင့်အရင်ရေယုံဖြစ်ပေါ်ခဲ့တဲ့နှုတ်ခမ်းအရေပြားနေရာဟာခုခံအားအပြောင်းအလဲဖြစ်ပေါ်ကာရေယုံဗိုင်းရပ်(စ်)ပိုးကိုပြန်လည်ထွက်ပေါ်လာစေတာပဲဖြစ်ပါတယ်။
ထိမိ၊ခိုက်မိရာက
ထိခိုက်ဒဏ်ရာရခြင်းဟာရေယုံကိုပြန်လည်ထွက်ပေါ်စေတတ်ပါတယ်။ဥပမာ-နှုတ်ခမ်းမှာဖြစ်တဲ့ရေယုံအတွက် ရေယုံဖြစ်ခဲ့တဲ့နှုတ်ခမ်းကိုတိုက်ရိုက်ထိခိုက်မိတဲ့အခါမျိုးမှာအရေပြားရဲ့အောက်ကခံစားနိုင်မှုအာရုံကြောအမျှင်လေးတွေကိုနှိုးဆွမိသလိုဖြစ်ရာကအာရုံကြောအဖုထုံးမှာခိုအောင်းနေတဲ့ရေယုံပိုးတွေဟာပြန်ထွက်လာပြီးရေယုံကိုပြန်လည်ဖြစ်စေတာပါ။ဒါကြောင့်အရေပြားအာရုံကြောကိုနှိုးဆွသလိုဖြစ်တဲ့ကုသမှုတွေကိုပြုလုပ်ကြတဲ့အခါ ဆိုပါစို့ Chemical facial peeling ဆိုတဲ့ဓါတုဆေးရည်နဲ့မျက်နှာကိုပီးလင်းလုပ်တဲ့အခါမျိုး၊ Laser နဲ့ မျက်နှာကိုပြုပြင်ကုသမှုပြုတဲ့အခါမျိုးတွေမှာနှုတ်ခမ်းရေယုံပေါက်ခဲ့ဖူးတဲ့ရာဇဝင်ရှိရင် ရေယုံ တွေ တစ်ဖန် ပြန်ထွက်လာတတ်တာကြောင့်ရေယုံပေါက်ဖူးသူတွေအတွက်ဒါတွေကိုလုပ်မယ်ဆိုရင်သတိပြုစရာပါ။
HSV ဗိုင်းရပ်(စ်)ကိုအသေသတ်ချင်တယ်
ဒီလိုမကြာမကြာပြန်ပြန်ဖြစ်တတ်တော့ HSV ဗိုင်းရပ်(စ်)ကိုအသေသတ်ချင်တယ်ဆိုတဲ့စိတ် ဖြစ် ပေါ်ပြီးဒီပိုးကိုသတ်တဲ့ဆေးတွေသောက်ပြီးHSVကိုအသေသတ်ချင်တယ်ဆိုပြီးလာပြတတ်ကြပြန်ပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ဗိုင်းရပ်(စ်)ပိုးကိုအသေသတ်နိုင်တဲ့ဆေးကယခုအချိန်အထိမပေါ်သေးပါဘူး။ဒီပိုးကိုနိုင်တာကခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ပါပဲ။ခုခံအားစနစ်ကောင်းရင်ပြန်မဖြစ်နိုင်ပါဘူး။ရေယုံဗိုင်းရပ်(စ်)ပိုးကိုသတ်တဲ့ဆေးကိုသောက်တယ်ဆိုတာဟာလဲဗိုင်းရပ်(စ်)ပိုးရဲ့ဆက်လက်တိုးပွါးမှုကိုရပ်တန့်စေတာပဲဖြစ်ပြီးသေသွားစေတာတော့မဟုတ်ပါဘူး။ရှိပြီးသားဗိုင်းရပ်(စ်)ပိုးတွေကိုတော့ခုခံအားစနစ်ကပဲတာဝန်ယူတိုက်ခိုက်တာပါ။သို့သော်ဒီဗိုင်းရပ်(စ်)ပိုးတွေဟာအာရုံကြောတစ်လျှောက်ပြန်ပြီးဝင်သွားကာအတွင်းပိုင်းကအာရုံကြောဖုထုံးဆီကိုသွားရောက်ခိုအောင်းနေကြပါတော့တယ်။ခုခံအားစနစ်လိုက်မတိုက်ခိုက်နိုင်တဲ့နေရာကိုသွားပြီးပုန်းခိုကြတာပါ။ဒီတော့ဗိုင်းရပ်(စ်)ကိုအပြတ်မရှင်းနိုင်ပဲသူတို့ဟာအခွင့်ကောင်းအခါကောင်းမှာပြန်ပြီးထွက်လာကြတာပါ။မုန်းမာန်ဖွဲ့လို့အသေသတ်ချင်သော်လည်းယခုအချိန်အထိတော့နှမလက်လျော့နေလေဦးပေါ့။
ဆင်ရေယုံကိုပြောင်းမှာလား
နှုတ်ခမ်းရေယုံနဲ့ဆင်ရေယုံဟာရေယုံခြင်းဆင်သလိုဖြစ်စေတဲ့ဗိုင်းရပ်(စ်)ပိုးခြင်းလဲဆင်ပါတယ်။သို့သော်လည်းမတူပါဘူး။နှုတ်ခမ်းရေယုံဟာHSV ဗိုင်းရပ်(စ်)ပိုးကြောင့်ဖြစ်ရတာဖြစ်ပြီး ဆင်ရေယုံကတော့ Varicella Zoster Virus ကြောင့်ဖြစ်ပါွးရတာဖြစ်ပါတယ်။ဒီလိုဖြစ်စေတဲ့ဗိုင်းရပ်(စ်)ပိုးခြင်းကွာတာကြောင့် ရောဂါကလည်း ကွာပါတယ်။ဒါကြောင့်ဒီရောဂါနှစ်ခုဟာရောဂါတစ်မျိုးကနေတစ်မျိုးကိုပြောင်းလဲပြီးမသွားနိုင်ပါဘူး။
ဆေးမသောက်လည်းပျောက်တဲ့နှုတ်ခမ်းရေယုံ
တစ်ချို့ကပြောကြပါတယ်၊ဆေးမလိမ်း၊ဆေးမသောက်လည်းနှုတ်ခမ်းရေယုံကပျောက်သွားတာပါပဲတဲ့။ဘာလို့ဆေးသောက်ဆေးလိမ်းလုပ်မလဲလို့စောဒကတက်တတ်ကြပါသေးတယ်။မှန်နေတော့လည်းမှန်ပါတယ်လို့ပြောရမှာပါပဲ။သို့သော်ဆေးမသောက်ပဲပျောက်သွားတာနဲ့ဆေးသောက်ပြီးမှပျောက်သွားတာရဲ့အကြားမှာကွာခြားချက်တွေတော့ရှိတာပေါ့။
ပထမအချက်အနေနဲ့တော့နှုတ်ခမ်းရေယုံဗိုင်းရပ်ပိုးကိုသတ်တဲ့ဆေးကိုသောက်တဲ့အတွက်ကြောင့်ရေယုံဖြစ်ပေါ်မှုကြာချိန်ဟာတိုတောင်းသွားပါတယ်။မြန်မြန်သက်သာပျောက်ကင်းသွားပါလိမ့်မယ်။နောက်တစ်ခုကရေယုံဗိုင်းရပ်(စ်)ပိုးပွါးနှုန်းကိုတားဆီးနိုင်လိုက်တာကြောင့်မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်ဖို့ရာနှုန်းနည်းသွားပါတယ်။ဥပမာ-အာရုံကြောဆိုင်ရာပြဿနာများ၊အခြားနေရာများသို့ဗိုင်းရပ်(စ်)ပိုးပျံ့ပွါးရောက်ရှိသွားမှု များ၊မကြာခဏပြန်ပြီးဖြစ်တတ်တဲ့ကြိမ်နှုန်းတွေစတာတွေနည်းသွားမယ်။ပြန်လည်ဖြစ်ပွါးတဲ့ကြားကာလနားနေချိန်(ရောဂါပျောက်ကင်းသက်သာနေချိန်)ကြာနေပါ့မယ်။ဒါကြောင့်ဆေးသောက်တာဟာအကျိုးမယုတ်စေပါဘူး။
ရေယုံလိမ်းဆေးလိမ်းပဲလိမ်းမယ်ဆို
တစ်ကယ်တော့ရေယုံလိမ်းဆေးတွေဟာကနဦးလက္ခဏာပေါ်စအချိန်မှာပဲထိရောက်မှုရှိတာကိုတွေ့ရပြီးအရည်ကြည်ဖုဖြစ်နေတဲ့အဆင့်မှာတော့သိပ်ပြီးမထိရောက်တေ့ာပါဘူး။သို့သော်လည်းမလိမ်းပဲနေတာထက်လိမ်းလို့ရနိုင်တဲ့အနည်းငယ်သောအကျိုးအတွက်လိမ်းကြရတာကြောင့်အပြစ်မဆိုသာသလိုကန့်ကွက်စရာလည်းအကြောင်းမရှိပါဘူး။သို့သော်သတိထားရမှာကရေယုံလိမ်းဆေးတစ်မျိုးတည်းကိုအရည်ကြည်ဖုပေါက်တဲ့အဆင့်မှာတော့အသုံးမပြုမသင့်ပဲသောက်ဆေးကိုပါတွဲပြီးသောက်သုံးကုသသင့်တယ်ဆိုတဲ့အချက်ပါ။
ဘယ်လိုကာကွယ်ကုသမယ်
ရေယုံမဖြစ်သေးဘူးဆိုရင်တော့ကိုယ်ခံအားကောင်းအောင်ပြုမူနေထိုင်ရပါ့မယ်။ရေယုံဟာကူးစက်တတ်တာမို့ရေယုံပေါက်နေသူတို့နဲ့ဆက်ဆံရာမှာမကူးမထိမိအောင်သတိထားဖို့လိုပါတယ်။တစ်ကယ်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ခုခံအားကောင်းနေဖို့ကသာအဓိကကျတဲ့အချက်ဖြစ်ပါတယ်။ခုခံအားကောင်းနေမယ်ဆိုရင်ရောဂါပိုးမဝင်ရောက်နိုင်ဘူးပေါ့။
ရေယုံပေါက်ခဲ့ဖူးတယ်ဆိုရင်တော့နောက်တစ်ခါပြန်မဖြစ်ရလေအောင်အထက်မှာရေးသားခဲ့တဲ့ပြန်ဖြစ်စေတဲ့အကြောင်းတွေကိုရှောင်ရပါမယ်၊နောက်ပြီးခုခံအားကောင်းအောင်လို့အစားအသောက်၊အနေအထိုင်အစစအရာရာပြုပြင်ဆင်ခြင်နေထိုင်ဖို့လိုပါတယ်။နောက်ပြီးရှေ့ပြေးလက္ခဏာများစပြလာပြီဆိုတာနဲ့ဆေးလိမ်းဆေးသောက်လုပ်ပြီးလက်ဦးမှုရယူနိုင်မယ်ဆိုရင်တော့နှုတ်ခမ်းမှာရေယုံနောက်တစ်ကြိမ်ပြန်ပေါက်တာကိုကာကွယ်တားဆီးနိုင်ပါလိမ့်မယ်။ရေယုံဗိုင်းရပ်(စ်)ပိုးကိုတိုက်ခိုက်ချေမှုန်းဖို့အတွက် Acyclovir ဆိုတဲ့ဆေးတွေဈေးကွက် ထဲ မှာရှိနေပါတယ်။ဒီတော့ကြောက်စရာမလိုပါဘူး။နောက်နောင်ပြန်ဖြစ်တတ်တဲ့အကြိမ်နည်းအောင်ထိထိရောက်ရောက်ကုသဖို့တော့လိုပါလိမ့်မယ်။
နှုတ်ခမ်းထက်ကရေယုံအကြောင်းကိုအားလုံးလည်းအတန်အသင့်သိရှိသဘောပေါက်လောက်ပြီလို့ထင်ပါတယ်။ဒီတော့အကြိမ်ကြိမ်ပြန်ဖြစ်တတ်တဲ့နှုတ်ခမ်းရေယုံကိုပြန်ဖြစ်ဖို့အထက်မှာဖေါ်ပြပြီးခဲ့တဲ့အခွင့်အလမ်းတွေမပေးပဲကိုယ်ခန္ဓာရဲ့ခုခံအားကိုလည်းအမြဲကောင်းနေအောင်နေထိုင်မယ်ဆိုခဲ့ရင်ရေယုံနဲ့ဝေးတဲ့နှုတ်ခမ်းလေးတွေဖြစ်နေမှာပါ။
စေတနာများစွာဖြင့်
ဒေါက်တာလင်းထက်(အရေပြားအထူးကု)