မင်းဂွတ်သီးကပေးတဲ့ကျန်းမာရေး
မင်းဂွတ်သီးမှာကယ်လိုရီအနည်းငယ်သာပါပေမယ့် မရှိမဖြစ်အာဟာရတွေ အများကြီးပါ၀င်တာတွေ့ရပါတယ်။ မင်းဂွတ်သီးမှာပါ၀င်တဲ့ ဓာတ်သတ္တုများဟာ DNA ထုတ်လုပ်ခြင်း၊ ကြွက်သားကျုံ့ခြင်း၊ အနာရောဂါ ပျောက်ကင်း စေခြင်း၊ ကိုယ်ခံစွမ်းအားနဲ့ အာရုံကြော အချက်ပြစေခြင်းစတဲ့ ကိုယ်ခန္ဓာ လုပ်ဆောင်မှုများကို ထိန်းသိမ်းပေး နိုင်ပါတယ်။ မင်းဂွတ်သီးဟာနေ့စဉ်လိုအပ်တဲ့ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ အမျှင်ဓာတ် အမျိုးမျိုးကို ထောက်ပံ့ပေးပါတယ်။
မင်းဂွတ်သီးမှာအစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း Antioxidants ကြွယ်ဝစွာ ပါ၀င်ပါတယ်။ Antioxidants ကတော့နာတာရှည်ရောဂါများနဲ့ ဆက်နွှယ်နေပြီး အန္တရာယ်ရှိလှတဲ့ မော်လီကျူးများရဲ့ ဆိုးကျိုးတွေကို ပျက်ဆီးစေနိုင်တဲ့ ဒြပ်ပေါင်းများဖြစ်ပါတယ်။ Antioxidant ဟာရောင်ရမ်းခြင်း၊ ကင်ဆာရောဂါနဲ့ အိုမင်း ရင့်ရော်ခြင်း တွေကိုသက်သာစေပါတယ်။ မင်းဂွတ်သီးမှာ ရောင်ရမ်းခြင်းဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိများ ရှိလို့နေပါတယ်။ မင်းဂွတ်သီးအပင်ကရတဲ့ဒြပ်ပေါင်းတွေဟာ ကင်ဆာဆဲလ်များ ဖွံ့ဖြိုးတိုးတက်မှုနဲ ့ပြန့်ပွားမှုကို တိုက်ဖျက်နိုင်ပြီးစမ်းသပ်မှုတွေအရ ရင်သားကင်ဆာ၊ အစာအိမ်နှင့်အဆုတ်တစ်ရှူးများ အပါအ၀င် ကင်ဆာဆဲလ်များ ကြီးထွားမှုကိုတားဆီးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
မင်းဂွတ်သီးဟာ ကိုယ်အလေးချိန်နဲ့ပတ်သက်လို့ ထိန်းညှိပေးနိုင်သလို အ၀လွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အ၀လွန်နေတဲ့အမျိုးသမီးများကို (၂၆) ပတ်ကြာလေ့လာမှုတစ်ခုအရ နေ့စဉ် မင်းဂွတ်သီးဖျော်ရည် (၄၀၀) မီလီဂရမ်ကို နေ့စဉ်သောက်သူများဟာ အင်ဆူလင်ထွက်ရှိမှုကိုကောင်းမွန်စေပြီးသွေးတွင်းသကြားဓာတ်ကို ကျစေကာ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာ လျှော့ချနိုင်ကြောင်းတွေ့ရှိရပါတယ်။
မင်းဂွတ်သီးဟာ ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး အသီးမှာပါ၀င်တဲ့ အမျှင်ဓာတ် နဲ ်ဗီတာမင်စီဟာ ကျန်းမာပြီးကိုယ်ခံအားစနစ်အတွက် အရေးကြီးလှပါတယ်။ နောက်ပြီး အရေပြားထိန်းသိမ်းမှု ကိုကူညီပေးနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားပျက်စီးခြင်း တွေကို သက်သာစေပြီး အရေပြားကင်ဆာနှင့်အိုမင်းခြင်းလက္ခဏာများ တွေကို ပျောက်ကင်းစေပါတယ်။ ဒါတွေအပြင် နှလုံး၊ဦးနှောက်နဲ့ အစာခြေစနစ်တွေကို ကောင်းမွန်စေပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ မင်းဂွတ်သီးဟာအလွယ်တကူ လည်း၀ယ်ယူနိုင်သလို နှစ်သက်စွာ စားသုံးသူတွေ လည်းများပြားလှတာမို့ မင်းဂွတ်သီးကို ကျန်းမာရေးအထောက်အကူပြု သီးနှံအဖြစ် စားသုံးပေးကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
ဒေါက်တာနိုင်း (ဆေး-၁)