🔖ဦးရေပြားတွင် ဖြစ်ပွားလေ့ရှိသော ပြဿနာများ🔖
ဦးရေပြားဆိုတာလည်း ခန္ဓာကိုယ်ပေါ်ကတခြားအရေပြားတွေလို အရေပြားတစ်ခုပဲလို့ ဆိုရင်သိပ်ငြင်းစရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားအရေပြားတွေထက်စာရင် ပိုထူထဲတာ၊ ပိုခံနိုင်ရည်ရှိတာ၊ အပူချိန်အပြောင်းအလဲကို အနည်းငယ်ပိုခံနိုင်တာ၊ အမွှေးအမျှင်ပိုထူထဲသိပ်သည်းစွာပေါက်တာ စတဲ့ ထူးခြားမှုတွေရှိသလို ပြဿနာတွေလည်း စုံလှပါတယ်။
🎯ဦးရေပြားမှာဖြစ်တဲ့ ပြဿနာတွေကို လေ့လာကြည့်တဲ့အခါ ပုံမှန်အရေပြားတစ်ခုမှာ ဖြစ်နိုင်တဲ့ ပြဿနာတွေအပြင် ဆံပင်ကြောင့် ဖြစ်တဲ့ ပြဿနာတွေ နဲ့ ဦးရေပြားရဲ့ ပင်ကိုယ်သဘာဝ အနေအထားကြောင့် ဖြစ်ရတဲ့ ပြဿနာတွေရယ်လို့ ခွဲခြားမြင်နိုင်ပါတယ်။
📌ထိခိုက်ရှနာများ
ဘယ်လောက်ပဲ ဆံပင်ထူထူနဲ့ ဖုံးထားထား ခေါင်းဆိုတာထိလွယ်ခိုက်လွယ် ဒဏ်ရာဖြစ်လွယ်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ထိပ်ပေါက် ခေါင်းကွဲ ထိခိုက်ရှနာတစ်ခုခုဖြစ်လာခဲ့ရင်လည်း ဆံပင်တွေကနေတစ်ဆင့် ရောဂါပိုးမွှားဝင်နိုင်ချေရှိတဲ့အတွက် အနာမရင်းဖို့ ပိုသတိထားရပါတယ်။
📌ဦးရေပြားတွင်ဖြစ်တတ်သော ရောဂါပိုးမွှားများ
ဦးရေပြားနဲ့ ဆံပင်တွေဟာ ခေါင်းလျှော်များခြင်းကြောင့် ဆံသားခြောက်သွေ့ပျက်စီးခြင်းနဲ့ ခေါင်းမလျှော်လို့ မသန့်ရှင်းရာက ယားနာပိုးတွေဝင်ခြင်းဆိုတဲ့ အစွန်းနှစ်ခုကြားမှာ အဆင်ပြေအောင်နေနေရပါတယ်။ ခေါင်းလျှော်ရည်တွေကြောင့် ဦးရေပြားခြောက်သွေ့လာတဲ့အခါ မှိုစွဲတာ၊ ဗောက်ထတာ၊ ပွေးပေါက်တာ၊ ဦးရေပြားမှာ အဖတ်အဖတ်တွေ အရေခွံလန်လာတာမျိုးဖြစ်တတ်ပါတယ်။ ယားလေ ကုတ်လေ ပိုဆိုးလာလေဖြစ်တတ်ပါတယ်။ ဘက်တီးရီးယားပိုးတွေကြောင့် အနာစိမ်းပေါက်တာ၊ပြည်တည်နာ တွေလည်းဖြစ်နိုင်သလို သန်းတွယ်တာလည်းဖြစ်နိုင်ပါတယ်။
📌အခြားပြဿနာများ
တခြားဖြစ်နိုင်တဲ့ ပြဿနာတွေကတော့
-မျိုးရိုးကြောင့်၊ ဟော်မုန်းအပြောင်းအလဲတွေကြောင့် သို့မဟုတ် အာဟာရချို့တဲ့မှုကြောင့် ဖြစ်နိုင်တဲ့ ဆံပင်ကျွတ်လွယ်ခြင်း၊ ထိပ်ပြောင်လာခြင်းစတဲ့ ပြဿနာတွေ
– Psoriasis(ဆိုရီရေးစစ် အရေပြားရောင်ရောဂါ)၊ Seborrheic dermatitis ရောဂါ၊ Alopecia areata (ဆံပင်ကျွတ်ခြင်း) ၊ Scleroderma စတဲ့အရေပြားရောဂါတွေ လည်းဖြစ်နိုင်ပါတယ်။
🎯ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ??
– တစ်ပါတ်တစ်ကြိမ်လောက်ခေါင်းလျှော်ပါ
– ခေါင်းလျှော်ရည်ပြင်းပြင်းတွေမသုံးပါနဲ့
– ခေါင်းလျှော်ပြီးတိုင်း ဆီတစ်ခုခုလိမ်းပေးပါ
– ဦးရေပြားမှာ သွေးလှည့်ပတ်မှုကောင်းအောင် ခေါင်းလျှော်တိုင်း သို့မဟုတ် အခါအားလျော်စွာ ခပ်ဖွဖွ နှိပ်နယ်ပေးပါ
– ယားနာတစ်ခုခုဖြစ်လာရင် ထိခိုက်ရှနာဖြစ်ရင် ဆရာဝန်ပြပါ ညွှန်ကြားချက်ကို သေချာလိုက်နာပါ
– အရေပြားရောဂါများအတွက် အရေပြားဆရာဝန်နှင့် စနစ်တကျကုသပါ။
ကျန်းမာပျော်ရွှင်ကြပါစေ…