တိုက်ပွဲကျစစ်သည်
“ကိုကြီးရေ.. ကိုနှင်း ရှိလား”
စနေနေ့ဖြစ်သောကြောင့် ဒေါက်တာနှင်းငွေတစ်ယောက် မနက်ခင်းပိုင်းအိမ်တွင်ရှိနေသည်။ အိမ်ဦးခန်းဘုရားစင်တွင် ဆွမ်းနှင့်သောက်တော်ရေ ပူဇော်ပြီးဝတ်ပြုနေစဉ် အိမ်နီးနားချင်း ညီလေးကျော်ကျော်၏အသံကိုကြားလိုက်ရသည်။
“အော် အေး ညီလေးကျော်ကျော်လာလေ ငါ့ညီခဏထိုင်ဦး ကိုကြီးဘုရားရှိခိုးနေလို့ကွာ”
“ဟုတ်ကဲ့ ကိုကြီး ကျွန်တော်နေမကောင်းလို့ ကိုကြီးနဲ့တိုင်ပင်စရာရှိလို့။ ကျွန်တော်ဧည့်ခန်းမှာစောင့်နေမယ်နော်။”
ဘုရားဝတ်ပြုမေတ္တာပို့အပြီးတွင် ဒေါက်တာနှင်းငွေ ဧည့်ခန်းတွင်ထိုင်နေသောကျော်ကျော့်ဆီသို့လျှောက်သွားလိုက်သည်။ ကျော်ကျော့်ပုံစံက ဂဏှာမငြိမ်။ ဆိုဖာအိအိပေါ်ထိုင်နေရသည်ကိုပင် ဆူးကိုင်းဖင်ခုထိုင်နေရသလို အောင့်သီးအောင့်သက်နှင့်။
“ကဲပြော ကျော်ကျော်။ စောစောစီးစီး ဘာဖြစ်လာလို့လဲကွ။”
“ဟုတ် ကိုကြီး။ ကိစ္စကတော့ သိပ်ပြောလို့မကောင်းလို့။ အဲဒါ ညနေထိစောင့်ရင် ဆေးခန်းမှာဆို သူများတွေကြားရင်ရှက်လို့ အိမ်လာပြောရတာကိုကြီး ဟီးဟီး။”
“အေးပါကွာ ရပါတယ်။ အကို့ကိုတော့မရှက်နဲ့ ဖြစ်တာကိုပြောညီလေး”
“စဖြစ်တာက ဒီလိုကိုကြီး။ လွန်ခဲ့တဲ့ ငါးရက်လောက်က ကျွန်တော်သူငယ်ချင်းတွေနဲ့တူတူ Night outထွက်မိတယ်။ အဲဒီ့နေ့က ကျွန်တော်သောက်တာလဲများသွားပြီး ဘော်ဒါတွေထဲက အသိကောင်မလေးတစ်ယောက်နဲ့ တူတူအိပ်မိသွားတယ်။ အဲ..အခု နှစ်ရက်ရှိပြီကိုကြီး။ ကျွန်တော်ဆီးသွားရင် ကျင်ပြီးနာနေတယ်။ အဖြူရောင်တွေလဲထွက်တယ်ကိုကြီး။ ရိုင်းရိုင်းပြောရရင် ကန်တော့ပါရဲ့ ကျွန်တော်ဖာကျိုးတယ်ထင်တယ် ကိုကြီး။”
“အာ..မင်းကလဲကွာ ကွန်ဒုံးမသုံးဘူးလား။ ဒီလောက်လွယ်လွယ်ဝယ်လို့ရနေတာကို”
“သုံးတယ်ကိုကြီး။ ကျွန်တော်ဘယ်မေ့လိမ့်မလဲ ဒါပေမယ့် ဘယ်လိုဖြစ်လဲမသိဘူး။ ကျွန်တော် ဆီးခုံတွေလဲ တစ်ချက်တစ်ချက်အောင့်တယ်။ ကျွန်တော့ကို ကုပေးပါဦးနော်။”
” အေး ညီလေး။ ကွန်ဒုံးသုံးတာတော့မှန်တယ်။ ဒါပေမယ့် မင်းကမူးနေတော့ ကွန်ဒုံးအသုံးပြုပုံမမှန်တာ၊ အိတ်ခွံကိုဖောက်ရင်းနဲ့ ကွန်ဒုံးမှာပေါက်ပြဲသွားတာတွေ ဖြစ်သွားနိုင်တယ်လေ။ အခုညီလေးဖြစ်နေတာက လိင်မှုဆိုင်ရာကူးစက်ရောဂါတွေထဲကတစ်ခုပေါ့ကွာ။ အရင်ကတော့ ကာလသားရောဂါလို့ တို့တွေခေါ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီနာမည်ကိုကြည့်ပြီး ဒီရောဂါက ကာလသားတွေမှာပဲဖြစ်တယ်၊ ကာလသမီးတွေမှာမဖြစ်နိုင်ဘူးလို့ အထင်လွဲခဲ့ကြတာတွေရှိခဲ့တဲ့အတွက် အခုခေတ်မှာ လိင်မှုဆိုင်ရာကူးစက်ရောဂါများလို့ ပြောင်းခေါ်ခဲ့ကြတာပေါ့။ ဒီရောဂါတွေထဲမှာ အဓိက နာမည်ကြီးတာက ဆစ်ဖလစ်၊ ဂနို၊ ရှန်းခရွိုက်၊ လိင်အင်္ဂါရေယုန် ဆိုတဲ့ရောဂါတွေပေါ့။အခုညီလေးပြောတဲ့အတိုင်းဆိုရင်တော့ ရောဂါလက္ခဏာပြတာလဲ မြန်တဲ့အတွက် ဂနိုညောင်းကျရောဂါ (Gonorrhoea) လို့ပဲကိုကြီးထင်တယ်။”
“ဟုတ်ကဲ့ကိုကြီး။ ဂနိုကဘာလို့ဖြစ်တာလဲ။ ပိုးကြောင့်ပဲလား”
“ဟုတ်တယ်ညီလေး ဂနိုဆိုတာ Neisseria Gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာပေါ့။ ဒီရောဂါဖြစ်ရတဲ့အကြောင်းကတော့ ရောဂါပိုးရှိတဲ့သူနဲ့အတူနေမိလို့ပဲ။ ယောကျ်ားလေးကနေ မိန်းကလေးကို ကူးနိုင်သလို မိန်းကလေးကနေလဲ ယောကျ်ားလေးကိုကူးနိုင်တယ်။ အဲ.. ညီလေးလို အငိုက်မိပြီး ခံရတဲ့သူတွေ ဘာကြောင့်ရှိနေသလဲဆိုတော့ ယောကျာ်းလေးအများစုမှာ အတူနေပြီး ရက်ပိုင်းအတွင်းမှာ ရောဂါလက္ခဏာတွေ စပြပေမယ့် ရောဂါရှိတဲ့မိန်းကလေးတွေရဲ့ တစ်ဝက်လောက်က ဘာရောဂါလက္ခဏာမှ မပြကြတာပဲ။ နောက်ပြီး ရောဂါရှိတဲ့သူနဲ့ တစ်ခါပဲအတူနေမိရင်တောင်ကူးနိုင်တယ်ကွ။ မကူးစက်ချင်ရင်တော့ Condom ကိုစနစ်တကျသုံးပြီး သဘာဝမကျတဲ့လိင်ဆက်ဆံမှုတွေကိုရှောင်မယ်ဆိုရင်တော့ စိတ်ချရပါတယ်ညီလေး။”
“ဟုတ် အဲဒါဆို ကျွန်တော်ခံလိုက်ရတာပေါ့နော်။ မိန်းကလေးတွေကျတော့ရော ဖြစ်ရင် ကျွန်တော်တို့လို ဆီးသွားရင်အောင့်တာပဲလားကိုကြီး။”
” ဒါပေါ့ ညီလေးရ။ ဆီးသွားရင် ပူမယ်၊ကျင်မယ်၊အောင့်မယ်။ အဖြူတွေဆင်းမယ်။ ယောကျ်ားလေးတွေမှာ လိင်တံဆီးလမ်းကြောင်းယောင်မယ်။ မိန်းကလေးဆို သားအိမ်အဝမှာယောင်မယ်။ အေး.. မကုဘဲထားမယ်ဆိုရင်တော့ အရမ်းဆိုးလာရင် အရိုးအဆစ်နဲ့ နှလုံးအဆို့ရှင်တွေပါပျက်စီးပြီး သေစေတတ်တဲ့ရောဂါတစ်မျိုးပဲ။”
“အမလေး အဲလောက်ကြောက်ဖို့ကောင်းတယ်ပေါ့။ ကျွန်တော်ဘာလုပ်ရမလဲကိုကြီး။ ဆေးထိုးရမှာလား။”
“အေးညီလေး။ ညနေကျ ကိုကြီးဆေးခန်းမှာဆေးလာထိုးလှည့်။ အဲ့ဒီကျမှသောက်ဆေးလဲပေးလိုက်မယ် ဟုတ်ပြီလား။ ကဲ အရမ်းကြီးလဲကြောက်မနေနဲ့။ ဆေးထိုးဆေးသောက်ပုံမှန်ရင် အဲဒီလောက်မဆိုးလာနိုင်ပါဘူး။ အခုတော့ အေးအေးဆေးဆေးအိမ်ပြန်နားလိုက်ဦး။”
ကျော်ကျော်တစ်ယောက်လေးတွဲသောအသံဖြင့်နုတ်ဆက်ပြီးပြန်သွားသည်ကိုကြည့်ရင်း ဒေါက်တာနှင်းငွေငယ်ငယ်က စာသင်ခဲ့ဖူးသောကာလသားရောဂါအကြောင်းကိုပြန်လည်စဉ်းစားနေမိသည်။ တပည့်များကိုအလွန်ချစ်သော သင်ဆရာ မမငြိမ်း ပြောဖူးသည်ကိုပြန်တွေးမိသည်။
” ဆရာမဆေးခန်းကို အဲဒီလူတစ်ယောက်က ခဏခဏလာတာ။ ဆေးခန်းထဲဝင်လာတာနဲ့ ဆရာမရေ..ဟဲဟဲ ဆိုပြီးရယ်ပြနေပြီဆိုရင်သိပြီ။ ကဲ… တိုက်ပွဲကျလာပြန်ပြီမဟုတ်လား ဆိုပြီးမေးလိုက်ရင် ဟုတ်ကဲ့ဆရာမ ဆေးထိုးပေးပါဦး ဆိုပြီး ထိုးပေးလိုက်၊ ပြန်ကောင်းသွားလိုက်၊ ပြန်လာလိုက်နဲ့။ အဲဒီ့ခေတ်က ကွန်ဒုံးဝယ်သုံးဖို့ကိုလူတွေကရှက်နေတဲ့အချိန်ဆိုတော့ ဒီရောဂါခဏခဏကိုဖြစ်ကြတာ။”
အိမ်ရှေ့ခန်းမှ ခေါင်းငိုက်စိုက်နှင့်ထွက်သွားသော တိုက်ပွဲကျစစ်သည်လေး၏ ကျောပြင်ကိုကြည့်ရင်း ဒေါက်တာနှင်းငွေသက်ပြင်းချမိသည်။ ထို့အတူ ဖြတ်ခနဲဝင်လာသော အတွေးတစ်ချက်က ဒေါက်တာနှင်းငွေကို စိတ်ခြောက်ခြားသွားစေတော့သည်။
“ညီလေးရေ ကျော်ကျော်။ အရေးကြီးတာတစ်ခုမှာဖို့ကျန်သွားတယ်ကွာ။ ဒီတစ်ခါရောဂါပျောက်သွားရင် လိမ်လိမ်မာမာနေတော့နော်။ ဒီရောဂါနဲ့ငါ့ဆီထပ်မလာရပါစေနဲ့ကွာ။ ဒါပေမယ့် နောက်သုံးလကြာသွားရင်တော့ ကိုကြီးဆီပြန်လာဦးညီလေး။ မင်းအတွက် ငါတို့ HIV စစ်ကြည့်ကြရအောင်နော်….”
မေတ္တာဖြင့်
စိုင်းမြတ်သူ