All Articlesအခြားရောဂါများအထွေထွေရောဂါများ

Gastroesophageal Reflux Disease

1 Mins read

အစာအိမ်အချဉ်ရည်လျှံခြင်း(သို့မဟုတ်)အစာပြွန်အချဉ်ရည်လောင်ခြင်းရောဂါ

အစာပြွန်အချဉ်ရည်လောင်ခြင်းဆိုသည်မှာ အဘယ်နည်း။
အစာအိမ်အတွင်းရှိအစာများ၊ အချဉ်ရည်များသည် ပုံမှန်အတိုင်းအူသိမ်သို့ထွက် မသွားပဲ အဝင်လမ်းဖြစ်သော အစာပြွန်ထဲသို့ လျှံဝင်သောအခါတွင် အစာပြွန်အချဉ်ရည်လောင်ခြင်း ဖြစ်လေသည်။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။ အစာပြွန်နှင့် အစာအိမ်ဆက်စပ်သောနေရာရှိ အစာပြွန်အောက်ပိုင်းရှိ အထိန်းကြွက်သားကောင်းစွာမပိတ်နိုင်သောကြောင့် ဖြစ်ပါသည်။

အစာပြွန်အချဉ်ရည်လျှံခြင်း/လောင်ခြင်း၏ လက္ခဏာများကား အဘယ်နည်း။

အဖြစ်များဆုံးလက္ခဏာမှာ ရင်ပးခြင်း (Heartburn) နှင့်အချဉ်ရည်တက်ခြင်း (Acid Regurgitation) တို့ဖြစ်သည်။ ရင်ပူခြင်းဆိုသည်မှာ ရင်ညွန့်ရိုးအောက်မှာပူခြင်းဖြစ်ပါသည်။ ဆေးပညာအသုံးအနှုန်းမှာ Heartburn ဟုခေါ်ဝေါ်သော်လည်း နှလုံး (Heart) နှင့်မည်သို့မျှ မပတ်သက်ပေ။ အချဉ်ဓာတ်ပြင်းသော အစာအိမ်အတွင်းမှ အစာများက ပုံမှန်သဘာဝအချဉ် ဓာတ်ကို ခံနိုင်ရည်မရှိသော အစာပြွန်၏အတွင်းသားနုများကို လောင်၍စားသွားသောကြောင့် ဖြစ်ပါသည်။ ဤသို့ အစာအိမ်အတွင်းမှ အချဉ်ဓာတ်ပြင်သော လောင်စာများသည် အစာပြွန်တစ်လျှောက် ရင်ညွန့်မှသည် ပါးစပ်ထဲရောက်အောင်ပင် ဆန်တက်နိုင်လေသည်။

ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နားကိုက်ခြင်းစသည်တို့သည်လည်း အဖြစ်မများသော်လည်း အစာလမ်းကြောင်းအထူးကုဆရာဝန် ကြီးများအတွက်ကား မကြာခဏကြုံတွေ့ရသော လက္ခဏာများဖြစ်ကြလေသည်။

အဘယ့်ကြောင့် အစာပြွန်အချဉ်ရည်လောင်ခြင်းဖြစ်ရသနည်း။

အစာပြွန်၏ အတွင်းမြှေးကျန်းမာနေစေရန်ကာကွယ်ပေးသော ယန္တရားနှင့် အစာအိမ်အတွင်းမှ အချဉ်ဓာတ်ပြင်း အစာချေဖျက်ရည်များ၊ လောင်စာများအကြာင်းညီမျှခြေ ပျက်သွားသောအခါ အစာပြွန်အချဉ်အချဉ်ရည်လောင်ခြင်းဖြစ်သည်။ အစာပြွန်အချဉ်ရည်မလောင် နိုင်အောင် ကာကွယ်သော ခံတပ်(ဝါ) အတားအဆီးမှာ အစာပြွန်အောက်ခြေကြွက်သားအားပျော့ လျော့ရဲသွားသောအခါတွင်လည်းကောင်း၊ ဝမ်းဗိုက်တွင်ရှိရမည့် အစာအိမ်၏ အစိတ်အပိုင်းအချို့ ရင်ခေါင်းပိုင်းအတွင်း ကျွံဝင်သောအခါတွင်လည်းကောင်း အထိုက်အလျောက်အားလျော့သွားသ ဖြင့် တောင့်တင်းခိုင်မာစွာတားဆီးနိုင်စွမ်းမရှိတော့ပေ။ အခြားအဓိကကျသော အချက်တစ်ခုမှာ အဝလွန်ခြင်းဖြစ်ပေသည်။ အဝလွန်သူများမှာ ဝမ်းဗိုက်အတွင်းဖိအားများလာသည်နှင့်အမျှ အစာပြွန်အချဉ်ရည်မလောင်နိုင်အောင် တားဆီးသော အကာအကွယ်မှာ အားလျော့သွားရ၏။ အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်းတို့ ကြောင့် ရောဂါဖြစ်ရ၏။

အစားအသောက်များသည်လည်း ရောဂါဖြစ်စေရန် ပံ့ပိုးပေးလေသည်။ အစားအသောက် နှင့်ပတ်သက်လျှင် လူအတော်များများသိလိုကြပေသည်။ သို့သော် သိကာမတ္တသိရုံမျှသာ သဘောထားသူက များပေသည်။ တကယ်တိတိကျကျ အလေးတယူလိုက်နာသူကား နည်းပါးလှ ၏။ ထိုအစာများကား ကော်ဖီ၊ အချဉ်စူးသောဖျော်ရည်များ၊ ခရမ်းချဉ်သီးထွက် အစားအသောက်များ၊ ချောကလက်၊ ပရုတ်နှင့် အဆီများသော အစာများပင်တည်း။ ယနေ့ ခေတ်ယဉ်ကျေးမှုသည် ကော်ဖီယဉ်ကျေးမှုဖြစ်နေ၏။ ကိုယ်အလေးချိန်လျော့လိုသူများက လည်း အချဉ်ရည်ကိုသောက်ကြ၏ ချောကလက်ကိုလည်း ချစ်ခင်ရင်းနှီးမှု၏ သင်္ကေတဟု သဘောထား ကြကုန်၏။ အထက်ပါအစားအားလုံးသည် အစာပြွန်အချဉ်ရည်လောင်စေရန် ကူညီပံ့ပိုးဖန်တီးနိုင် စွမ်းပေသည်။

မည်ကဲ့သို့ရောဂါရှာဖွေသတ်မှတ်ပါသနည်း။

လူနာတစ်ယောက်သည် အစာပြွှန်အချဉ်ရည်လောင်ခြင်း၏ ပင်မလက္ခဏာဖြစ်သော ရင်ဘတ်စူးအောင့်ခြင်း၊ အချဉ်ရည်ပြန်ခြင်းဖြစ်ပြီး လာရောက်ဆွေးနွေးတိုင်ပင်ပါက ရောဂါ၏ရာဇ ဝင်ကို သေချာစွာမေးမြန်း၍ အာခးသော ရင်ဘတ်စူးအောင့်ရောဂါများ၏ ဖြစ်နိုင်ချေများကို ဖယ်ရှားလျက် တွဲဖက်အရေးကြီးလက္ခဏာများ (Red Flags) တို့သည်လည်း မရှိဟုသေချာခိုင်လုံ စေပါက အထူးတလည် စမ်းသပ်မှုများကို လုပ်ဆောင်ရန်မလိုအပ်ပါ။ အချဉ်ရည်လောင်ခြင်း ရောဂါကုထုံးကို စနစ်တကျစတင်ပေးနိုင်ပါသည်။ မိမိညွှန်ကြားသော ဆေးဝါးကောင်းကို စနစ်တ ကျမှီဝဲပြီးညွှန်ကြားချက်များအတွင် လိုက်နာသော်လည်း ရောဂါလက္ခဏာ ဝေဒနာများ ထူးခြားတိုး တက်မှုမရှိပါက ရောဂါကို အနည်းဆုံးတစ်ကြိမ်ခန့် ပြန်လည်မေးမြန်းဆန်းစစ်ပါ။ ထိုရောဂါပင် ဖြစ်နိုင်သည်ဟု ယူဆလျှင်လည်းကောင်း၊ အလံနီ (Red Flags) ဟုခေါ်ဆိုရသော အလိုအ လျောက်သိသိသာသာ ပိန်သွားခြင်း၊ သွေးအားနည်းခြင်း၊ အစာမျိုရခက်ခြင်း၊ အစာလမ်းအတွင်း သွေးယိုစိမ့်သည်ဟု ထင်ရခြင်းတို့ရှိလျှင်လည်းကောင်း၊ ရောဂါရှာဖွေစမ်းသပ်မှုများလုပ်ဆောင်ရန် လိုအပ်လာပြီဖြစ်လေသည်။

ရောဂါရှာဖွေစမ်းသပ်မှုပေါင်း မြောက်မြားစွာထဲမှ အသုံးဝင်ဆုံး၊ အသင့်လျော်ဆုံး၊ မလုပ်မဖြစ် လုပ်သင့်သည်မှာ အစာလမ်းကြောင်းအပေါ်ပိုင်း မှန်ပြောင်းကြည့်ခြင်းဖြစ်ပေသည်။ အစာလမ်းကြောင်းအပေါ်ပိုင်း မှန်ပြောင်းကြည့်ခြင်း Oesophagogastroduodenoscopy (OGD) ဆိုသည်မှာ အစာပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့ကို ထိပ်တွင်မီးလုံးတပ်ထားသော ပျော့ပျောင်း သောပြွှွန်ငယ်ဖြင့် ကြည့်ရှုခြင်းဖြစ်ရကား ကြည့်ရှုချိန်မှာလည်း ပြင်ဆင်မှုအပါအဝင် ငါးမိနစ်ခန့်မျှ သာကြာလေသည်။ စမ်းသပ်ချိန် မကြာသလို စမ်းသပ်ခံရသောလူနာမှာလည်း ပြောပလောက် သောနာကျင်မှုဝေဒနာမဖြစ်ပေါ်ပေ။ မစမ်းသပ်မီ အာရုံသိမှုလျော့နည်းစေရန် ဆေးထိုးသဖြင့် ရီတီတီဖြစ်နိုင်၏။ တစ်ဖန် အူခွေလှုပ်ရှားမှု လျော့နည်းစေသော ဆေးထိုးရသဖြင့် မျက်စိအမြင် ဝါးနိုင်ပါသည်။ ဤစမ်းသပ်မှုအတွက် ထိုးဆေးများ၊ သုံး၊ မသုံး၊ အမျိုးအစား၊ သုံးစွဲရမည့် ပမာဏတို့ ကိုကြီးကြပ်ဆရာဝန်ကြီး၊ စမ်းသပ်ဆရာဝန်ကြီးမှ ဆုံးဖြတ်ပါသည်။ အစာလမ်းကြောင်းအပေါ်ပိုင်း မှန်ပြောင်းကြည့်ရာ၌ မီးသီးလုံးမှာ မှန်ပြောင်း၏ ထိပ်တည့်တည့်တွင် တပ်ဆင်ထားသည့် ရှေ့မီးထိုးမှန်ပြောင်းဖြင့် ကြည့်ရ၏။ အစာပြွန်အတွင်းသို့ ဝင်ရ၏။ အစာလမ်းကြောင်းအပေါ်၊ အလယ်၊ အောက် အမှတ်အသား၊ အနေအထား၊ နံရံအမြှေးပါး၏ အနုစိတ်ပြောင်းလဲမှု၊ အမြှေးပါးအောက်လွှာ ပြောင်းလဲမှု၊ ဘေးပတ်ဝန်းကျင်မှ ဖိအား၊ အစာမျိုပြွန်၏ သဘာဝကြွက်သား လှုပ်ရှားမှု စသည်ဖြင့် ကြွင်းကျန်မှုမရှိစေဘဲ မှတ်တမ်းတင်ကြည့်ရှုရ၏။ ဤသို့ကြည့်ရှုလျှင် အစာပြွန်မြှေးအချဉ်ရည်လောင်မှုမှာ မလွဲမသွေတွေ့နိုင်ပေသည်။ ထိုအခါအချဉ်ရည်လောင်မှုပမာ ဏ၊ အကျယ်အဝန်း၊ အလျားအရှည်ကိုသေချာစေ့ငုရ၏။ တစ်ဖန်အချဉ်ရည် အချိန်ကြာစွာ(သို့) မကြာခဏလောင်ကျွမ်းမှုကြောင့် ချောမွေ့သော အစာပြွန်မြှေးသည် ဖုထစ်ဖြစ်နေမှုကို ကြည့်ရ ပြန်ပါသည်။ လိုအပ်ပါက Lugol’s Iodine ဟုခေါ်သော အညိုရောင်ဓာတုဆေးရည်ဖြင့် အရောင် ဆိုးပြီးလေ့လာရသည်။ ထိုသို့ အညိုရောင်ဆိုးလိုက်သောအခါ အမြှေးကောင်းနှင့် လောင်ကျွမ်းအမြှေးမှာ သိသိသာသာကွဲပြားခြားနားသွားသည်သာမက အသားစယူရန်အသင့် လျော်ဆုံးနေရာကိုလည်း ရွေးချယ်မှုလွယ်ကူမှန်ကန်စေလေသည်။ အသားစယူသောအခါတွင် လည်း အစာပြွန်၏အောက်ခြေကို စက်ဝိုင်းပုံမှ လေးစိတ်စိတ်ပြီး အမှတ်အသားဖြင့်ယူရ၏။ အဆင့် ဆင့်ပြုလုပ်သွားသော်လည်း ကျွမ်းကျင်လှစွာသော စန္ဒရားဆရာ၏ လက်ကဲ့သို့ပင် အချိန်မှာလည်း ပို၍ကြာမြင့်လှသည်မဟုတ်သကဲ့သို့ လူနာအားလည်း မည်သည့်နာကျင်မှု၊ ကသိကအောက်ဖြစ်မှု ကိုမျှမဖြစ်စေပါ။

ပို၍တိကျသေချာစွာ အစာပြွန်အချဉ်ရည်လျှံမှုကို သိနိုင်သော အခြားနည်းလမ်းကား အချဉ်ရည်တိုင်းတာခြင်း (pH Testing) ဖြစ်ပါသည်။ အစာထည့်ပြွှန် (Ryles Tube) ကဲ့သို့ပင် အစာပြွှန်အတွင်းသို့ သေးငယ်ပျော့ပျောင်းသော အချဉ်ရည်တိုင်းကိရိယာကို ၂၄ နာရီထည့်၍ ၎င်းကိရိယာ၏မှတ်တမ်းကိုခန္ဓာကိုယ်ပေါ်တွင် လက်ကိုင်ဖုန်းငယ်ကဲ့သို့သော မှတ်တမ်းတင်ကိရိ ယာကိုချိတ်၍မှတ်တမ်းယူရ၏။ ထို့နောက် မှတ်တမ်းတင်ကိရိယာကို ကွန်ပျူတာနှင့် ဆက်သွယ်၍ မှတ်တမ်းကို ကောက်ချက်ချရ၏။ ဓာတ်မှန်(ဝါ) ပုံရိပ်ဖော်ပညာရပ်၏ အသုံးဝင်မှုကား ဤရောဂါအ တွက်မရှိသလောက်နည်းပါးလှ၏။

အစာပြွန်အချဉ်ရည်လောင်ခြင်းကို မည်သို့ကုသရမည်နည်း
အစာပြွန်အချဉ်ရည်လောင်ခြင်းရောဂါလက္ခဏာများမှ အစားအသောက်ပုံစံ၊ အနေအထိုင် ပုံစံအများစုကိုပြောင်းလဲပြုပြင်ပါက သိသိသာသာ လျော့နည်းပျောက်ကင်းနိုင်ပေသည်။ ကျွနိုပ်တို့ မြန်မာလူမျိုးများက အစားအသောက်နှင့်ပတ်သက်၍ အလွန်သိလိုကြ၏ သို့ရာတွင် လိုက်နာမှုကား နည်းပါး၏။ လစ်လျှင် လစ်သလို သက်သာလျှင် သက်သာသလို၊ ကောင်းလာလျှင် လာသလို ပြန်စား၏။ တိုးစား၏။ ပြန်ဖြစ်၍ ဆရာဝန်များနှင့်ပြလျှင် တစ်ခါထပ်မေးပြန်၏။ မဆိုင်သည့် အချက်များကို တရားခံဟုစွဲကြ၏။ သေသေချာချာစေ့စေ့စပ်စပ်မေးပြီး ဖြစ်စေသည့်အချက်ကို ထောက်ပြပြန်လျှင်လည်း မှတ်သားခြင်း၊ ရှောင်ရှားခြင်း မလုပ်ကြသည်က များ၏။

အစာပြွန်အချဉ်ရည်လောင်ခြင်းရောဂါလက္ခဏာများ သက်သာပျောက်ကင်းစေရန် ရှောင် ရှားသင့်သည်များကား အစားအသောက်နှင့်ပတ်သက်လျှင် ကော်ဖီ၊ အချဉ်ရည် (Citrus Drinks)၊ ခရမ်းချဉ်သီးထွက်အစားအစာများ (Romato-based Prducts)၊ Gas ပါသော အအေးများ (Carbonated Beverages)၊ ချောကလက် (Chocolate)၊ ပရုတ်ပါသောအစားအစာများ (Peppermints)၊ အဆီများသော အစာများ၊ အစပ်လွန်ကဲသော အစာများတို့ဖြစ်လေသည်။ အလေ့အကျင့်၊ အနေအထိုင်နှင့်ပတ်သက်၍ ဆွေးနွေးရမည်ဆိုပါက ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လှဲအိပ်ချိန်မတိုင်မီ သုံးနာရီအတွင်း အစာစားခြင်း၊ အလွန်ဝခြင်း၊ အလွန်တင်း ကျပ်သောအဝတ်အစားများကို ဝတ်ဆင်ခြင်းတို့သည် အစာပြွန်အချဉ်ရည်လောင်စေသည့်အချက် များဖြစ်လေသည်။ သို့ရာတွင် အိပ်ရာ၏ ခေါင်းပိုင်းတွင်တစ်ထွာခန့်မျှ မြှင့်အိပ်လျှင် ရောဂါသက်သာလေသည်။

အထက်ပါအတိုင်း အစားအသောက်၊ အနေအထိုင်ဆင်ခြင်သော်လည်း ရောဂါလက္ခဏာ ကျန်နေသေးလျှင် အလွယ်တကူ ဝယ်ယူခွင့်ပြုထားသော (တစ်နည်း) ဆရာဝန်များ၏ ဆေးညွှန်း မလိုဘဲ သောက်သုံးနိုင်သော အချဉ်ရည်ဖြေဆေးများကို သောက်သုံးနိုင်၏။ သို့ရာတွင် ထိုအချဉ် ဖြေဆေးျများ၏ အစွမ်းသည်အချိန်တိုမျှသာဖြစ်သောကြောင့် သူ့ချည်းသက်သက်နှင့်ရောဂါ မ ပျောက်ကင်းပေး။ ထိုဆေးများထက် ဆေးအာနိသင်နှင့်ရေရှည်အစွမ်းရှိသော ဆေးအုပ်စုမှာ Histamine H2 Receptor Antagonist များဖြစ်၏။ ထိုအုပ်စုဝင်များဖြစ်သော Climetidine, Ranitidine နှင့် Famotidine တို့သည် အစာအိမ်တွင်းမှ အချဉ်ရည်ကို အချိန်ရှည်ကြာစွာ လျော့ နည်းစေပြီး ဘေးထွက်ဆိုးကျိုးနည်းပါးသဖြင့် စိတ်ချစွာသုံးစွဲနိုင်၏။ တစ်ခေတ်တစ်ချိန်က ဤဆေးမှာ စူပါစတားဖြစ်ခဲ့၏။ ဤနေရာတွင် ရောဂါအကြောင်းမဟုတ်သော်လည်း ဆေး၏ပေါ်ပြူ လာဖြစ်ပုံကို ပြောပါရစေ။ ၁၉၇၄-၁၉၇၅ အလုပ်သင်ဆရာဝန်အဖြစ် ထမ်းဆောင်စဉ်က အညာမိတ္ထီလာနယ်မှ ဘကြီးတစ်ယောက် ဆေးရုံလာပြစဉ် သူ၏ရောဂါမှာ ဆီမီးပဒိုင်ဆေးနှင့် ပျောက်သည်ဟုပြောပြရာ ဆရာဝန်ငယ်အများစုမှာ မြန်မာတိုင်းရင်းဆေးတစ်မျိုး၏အမည်ဟုထင် ပြီး ဝိုင်းမေးကြရာမှ ဆီမီးဒဒိုင်ဆိုသည်မှာ Clmetidine ဖြစ်နေပါသည်။ သို့ရာတွင် ဆေးကိုရေရှည် သောက်နေရသည်၊ ဆေးပမာဏကို မြှင့်ရသည်ဆိုပါက တတ်ကျွမ်းသည့်ဆရာဝန်နှင့် ဆွေးနွေး သင့်လှ၏။

ပို၍အစွမ်းမြင့်သော အချဉ်ဖျက်ဆေးအုပ်စုကား အစာအိမ်နံရံ၏ အချဉ်ရည်လွှတ်ပေါက်ကို ပိတ်သော ဆေးများဖြစ်၏။ Proton Pump Inhibitors ဟုခေါ်ကြ၏။ ထိုအုပ်စုဝင် ဆေးအားလုံး Omerprazole, Lansoprazole, Rabiprazole, Pantoprazole, Esomeprazole ပင်အစာပြွန်အ ချဉ်ရည်လောင်ခြင်းကို သိသိသာသာ ပျောက်ကင်းစေလေသည်။ အဘယ့်ကြောင့်နည်း။ ထိုဆေး အုပ်စုဝင်တို့သည် အစာအိမ်နံရံ အချဉ်ရည်ထုတ်လုပ်သည့် ကလာပ်စည်းတို့၏အချဉ်ရည် လွှတ် ပေါက်ကို အံကျကွက်တိ ပိတ်ပေးလေသည်။ ပုံမှန်အားဖြင့် ဆေးကိုတစ်ကြိမ်(သို့မဟုတ်) နှစ်ကြိမ်မျှသာ သောက်ရ၏။ ဆေးအားလုံးနီးပါးကို အစာမစားမီ ပျမ်းမျှနာရီဝက်ခန့်စော၍ သောက်ရ၏။ အစာပြွန်အချဉ်ရည်ပြန်ခြင်းရောဂါအတွက်ကား အစွမ်းထက်ဆုံး ဆေးတစ်လက်ဖြစ် ချေ၏။

အချို့သော အစာပြွန်အချဉ်ရည်လောင်ရောဂါရှင်များအတွက် အစွမ်းထက်ဆုံးဆေးကိုပင် ဘေးမှ ပံ့ပိုးကူမသည့်ဆေးများ ဝန်းရံရသေး၏။ ပံ့ပိုးကူမရသေး၏။ ၎င်းတို့မှာ အစာပြွန်၊ အစာအိမ်နံရံ၏ ကြွက်သားအလုပ်လုပ်မှုကိုလှုံ့ဆော်ပေးသောဆေးများဖြစ်၏။ Prokinetics ဟုခေါ်ဝေါ်ကြ၏။

ထိုဆေးအုပ်စုမှာ သူ့ချည်းသက်သက်သုံးပါက အစာပြွန်အချဉ်ရည်လောင်ခြင်းရောဂါအ တွက် အကျိုးအာနိသင်မှာ ပြောပလောက်အောင်မရှိပေ။ ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးကား လူနာကိုလိုက်၍များပြားသကဲ့သို့ ရံဖန်ရံခါတို့တွင် ပြင်းထန်လှပေသည်။

လူ၏ရောဂါလက္ခဏာများသည် မလွဲမသွေဧကန်မုချ မှန်ကန်သည်ဟု ဘာသာရပ် ကျွမ်းကျင်ဆရာဝန်များ၏ တိကျသော သာဓက အထောက်အထားနှင့် အဆုံးအဖြတ်ကို ရရှိပြီး ရောဂါသက်သာစေရန် ညွှန်ကြားထားသော ဆေးများကိုခံနိုင်ရည်မရှိသူများဖြစ်ပြီး အစာနှင့်အချဉ် ရည်လျှံခြင်းသာမက ပြန်ထွက်ခြင်းသည် ပင်မလက္ခဏာအဖြစ် အစဉ်အမြဲနီးပါးခံစားနေရပါက ခွဲစိတ်ကုသမှုကုထုံးကို အလေးပေးစဉ်းစားရပေမည်။ ဆေးဝါးဖြင့်သာ ကုသခြင်းဖြင့် မအောင်မြင် နိုင်ဟုဆုံးဖြတ်သည့်တိုင် ခွဲစိတ်ကုသမှုကုထုံးအတွက် မဆုံးဖြတ်မီ အနည်းဆုံးတစ်ကြိမ်ခန့်လူနာ၏ ရောဂါကို အစအဆုံးအကျဉ်းချုံး၍ ဆန်းစစ်ရန်လိုပါသည်။ အစာပြွန်အချဉ်ရည်လျှံခြင်း၊ လောင်ခြင်း အတွက် ခွဲစိတ်ကုသမှုကုထုံးမှာ အစာအိမ်ဝင်ပေါက် ဘေးနားရှိ အစာအိမ်အမိုးကို အစာအိမ်ဝင် ပေါက်ပတ်လည်အားဖြည့်ချုပ်ပေးခြင်း (Fundoplication)ဖြင့် အစာပြွန်နှင့် အစာအိမ်ဝင်ပေါက် ထိန်းကြွက်သား၏ အားကိုတောင့်တင်းခိုင်မာစေသဖြင့် အစာအိမ်အတွင်းမှ အစာနှင့်ချဉ်ရည်များ အစာပြွှန်အတွင်းသို့လျှံခြင်း၊ လောင်ခြင်း မဖြစ်နိုင်တော့ဘဲ ရောဂါပျောက်ကင်းသက်သာမှု ရရှိလေ သည်။ ခွဲစိတ်ကုသမှုပြုလုပ်သည့်အခါတွင် အစာအိမ်ချဉ်ရည်လျှံခြင်း၊ လောင်ခြင်းကိုဖြစ်စေသော အစာအိမ်၏ ထိပ်ပိုင်းသည် ဝမ်းဗိုက်ပိုင်းအတွင်းမှ ရင်ခေါင်းပိုင်းအတွင်း ကျွံဝင်သော အစာအိမ်ကျွံ ရောဂါ (Hiatus Hernia) ကိုလည်း တစ်လက်စတည်း ပြုပြင်ကုသပေးနိုင်လေသည်။ ထိုသို့ခွဲစိတ် ကုသမှုကို ယခင်ကဝမ်းဗိုက်မှလည်းကောင်း (Abdominal Approach)၊ ရင်ခေါင်းနှင့် ဝမ်းဗိုက်မှ လည်းကောင်း (|Thoraco-abdominal၊ Approach) ခွဲစိတ်ကုသကြ၏။ ယနေ့ခေတ်အခါတွင်ကား ဝမ်းဗိုက်တွင် အပေါက်ဖောက်၍ ခွဲစိတ်ကုသခြင်း (Laparoscopic Surgery) ဖြင့် အောင်မြင်စွာ ခွဲစိတ်နိုင်ပြီဖြစ်သည်။ သို့ရာတွင် သာမန်ခွဲစိတ်မှုမျိုးမဟုတ်သည့်အတွက် ကျွမ်းကျင်ဆရာဝန်နှင့် ခွဲစိတ်ရန်ကားလိုအပ်ပါသည်။ ခွဲစိတ်တတ်သည့် အဆင့်ကားလွယ်၏။ ကျွမ်းကျင်သည့်အဆင့်ကား အချိန်၊ လုံ့လ စသည်တို့ကို ရင်းနှီးရပေသည်။ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်လာပြီဟု ဆုံးဖြတ် သော ဘာသာရပ်ကျွမ်းကျင်ဆရာဝန်ကြီးများ၏ ရောဂါနှင့် ကုသမှု၏ ကောင်းကျိုးဆိုးပြစ် ဝေဖန်မှု၊ ရှေ့အလားအလာ၊ အခြားနည်းလမ်းကုထုံးများနှင့် နှိုင်းယှဉ်မှုတို့ကို အသေးစိတ်နားထောင်ပါ။ တစ်ဖန် လွှဲအပ်ခြင်းခံရသော ကျွမ်းကျင်ဆရာဝန်ကြီးများနှင့်လည်း အလားတူပင် ထပ်မံဆွေးနွေး သင့်လှပေသည်။

ဆရာဝန်ကြီးများနှင့် ဘယ်အခါ ဆွေးနွေးသင့်ပါသနည်း။

အစာပြွန်အချဉ်ရည်လောင်ခြင်း၏ လက္ခဏာများ၏ ပင်မအဖြစ်များသော ရင်ပူခြင်း (Heartburn) ဖြစ်ကာမျှနှင့် ချက်ချင်းပြရန်မလိုပါ။ သို့သော် (ဤသို့သော်ကား မည်ကာမတ္တအ ဓိပ္ပာယ်မဟုတ်၊ အထင်ကရ သို့သော်ဖြစ်၏။)

(၁)အကြောင်းမဲ့ပိန်သွားခြင်း

(၂)အစာမျိုရာတွင် ခက်ခဲခြင်း၊ တစ်ဆို့ခြင်း၊ နာကျင်ခြင်း

(၃)အစာလမ်းကြောင်းအတွင်း သွေးယိုစိမ့်ထွက်ခြင်းတို့ဖြစ်ပေါ်ပါက မနှေးမမြန်ပင် ဘာသာရပ်ကျွမ်းကျင်ဆရာဝန်များနှင့်တိုင်ပင်သင့်၏။ တစ်ဖန် အစာပြွန်အချဉ်ရည်လောင်ခြင်း လက္ခဏာများမှာ မိမိ၏ စားသောက်နေထိုင်မှုကို ပြုပြင်လင့်ကစား ဆက်လက်ဖြစ်ပေါ်နေလျှင် လည်း ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်၏။ အလွယ်တကူ အချဉ်ဖြေဆေးများကို အမြဲတစေ မှီဝဲ နေရပြီဆိုလျှင်လည်း ဘာသာရပ်ကျွမ်းကျင်ပါရဂူများနှင့်ပြသပြီး ပျောက်ကင်းအောင်ကုသသင့် သည်။

အစာပြွန်အချဉ်ရည်လျှံခြင်း၊ လောင်ခြင်းရောဂါအတွက် အနှစ်ချုပ်ရသော် ဤသို့ဖြစ်ရခြင်း သည် အစာအိမ်ကျွံခြင်း၊ အဝလွန်ခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အ လွန်အကျွံသောက်ခြင်း၊ အစာကိုမြန်မြန် များများစားခြင်းနှင့် အချို့သော အစားအစာများ (ကော်ဖီ၊ အချဉ်၊ အပူ၊ အဆီ၊ ချောကလက်နှင့် ခရမ်းချဉ်သီးမှ ပြုလုပ်သော အစာများ) နှင့်ပတ်သက်သည် ဟုအခြေခံကိုကောင်းစွာ နားလည်ပြီး ရောဂါမဖြစ်အောင် ရှောင်ရှားနေထိုင်နည်း၊ ရောဂါဖြစ်ပြီးသော် အမြန်ဆုံးသက်သာပျောက်ကင်းနည်း၊ ထိုမှတစ်ဖန် နောက်တစ်ကြိမ် မဖြစ် အောင် ကာကွယ်နေထိုင်နည်းတို့ကို လိုက်နာနိုင်ကြပါစေသတည်း။

ပါမောက္ခ ဒေါက်တာသန်းသန်းဆွေ

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
အခြားရောဂါများအထွေထွေဆေးဝါးများ

နားကိုက်ခြင်း

1 Mins read
နားကိုက်ခြင်း ဟာ ရောဂါပိုးဝင်ခြင်း၊ နားဖာချေးပိတ်ခြင်း၊ နားထဲပစ္စည်းတစ်ခုခုဝင်နေခြင်း၊ နားထဲရေဝင်နေခြင်း၊ နားစည်ပေါက်ခြင်း စတဲ့အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နားကြောင့်မဟုတ်ဘဲ တခြား တစ်နေရာရာ က ဖြစ်တဲ့ နာကျင်ခြင်းကြောင့်လည်း နားကိုက်ခြင်း ကို ခံစားရနိုင်ပါတယ်။ (ဥပမာ- မေးရိုး နာကျင် ရောင်ရမ်း…
အခြားရောဂါများအသည်းအားဆေးများ

မပေါ့ဆသင့်ပါ အသည်းရောင်အသားဝါ

1 Mins read
ဇူလိုင်လ ၂၈ ရက်နေ့ ကမ္ဘာ့အသည်းရောင်အသားဝါနေ့မှာ အသည်းရောင်အသားဝါ ရောဂါ ကာကွယ်ခြင်းနှင့် ရောဂါကို စီမံခန့်ခွဲမှုအတွက် ယေဘုယျအကြံပြုချက်အချို့ကို ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးခြင်း- အသည်းရောင်အသားဝါ A နှင့် B အတွက် ကာကွယ်ဆေးများရရှိနိုင်ပြီး ကာကွယ်ဆေး ထိုးသင့်ကြောင်းကို အကြံပြုထားကြပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဟာ…

Leave a Reply

Your email address will not be published. Required fields are marked *