ဆီးချို ဝေဒနာရှင်တွေ ဘယ်လို အစားအစာမျိုးကို ရှောင်သင့်လဲ?
ဆီးချိုရောဂါ ဖြစ်ပွားနှုန်းသည် ကမ္ဘာတစ်ဝန်းတွင် မြင့်တက်လျက် ရှိနေပါသည်။ ကမ္ဘာ့လူဦးရေ 425 million က ဆီးချိုဝေဒနာ ခံစားနေရသည်ဟု နောက်ဆုံး သတင်းအချက်အလက်များက ဆိုပါသည်။
ဆီးချိုရောဂါကို ကာကွယ်၊ ကုသရာတွင် အစားအသောက်နှင့် ကိုယ်လက်လှုပ်ရှားမှုသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် ဆီးချိုဝေဒနာရှင်များ ရှောင်ကြဉ်ရမည့် အစားအစာများကို ပြောပြပေးလိုပါသည်။
(၁) ပြည့်ဝဆီ
Saturated fatty acid ခေါ် ပြည့်ဝဆီများသည် နှလုံးကျန်းမာရေးကို များစွာ ထိခိုက်စေသဖြင့် ဆီးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရန်၊ (ဖြစ်ပြီးသား ဝေဒနာရှင်တွေမှာလည်း) ပိုမို မဆိုးဝါးစေရန် ဆီးချိုဝေဒနာရှင်များအနေဖြင့် ပြည့်ဝဆီများကို ရှောင်ကြဉ်သင့်ပါသည်။ ပြည့်ဝဆီသည် တိရစ္ဆာန်မှရသောအဆီတွင် များစွာ ပါဝင်ပါသည်။ ထို့ကြောင့် ဆီးချိုဝေဒနာရှင်များသည် တိရစ္ဆာန်အဆီကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါသည်။ တိရစ္ဆာန်အဆီ (သို့) ပြည့်ဝဆီကို ရှောင်ကြဉ်နိုင်မည့် နည်းလမ်းကောင်းများမှာ…..
(က) ကြက်သား၊ ဘဲသားစားလျှင် အရေခွံ၊ တောင်ပံ မစားပါနှင့်။
(ခ) ဝက်ဦးနှောက်၊ ဝက်သုံးထပ်သား မစားပါနှင့်။
(ဂ) ဝက်သား၊ အမဲသား၊ ဆိတ်သားစားလျှင် အဆီတုံးကို ဖယ်ပြီး အသားကိုသာ စားပါ။
(တိရစ္ဆာန်တို့၏ ဦးနှောက်နှင့် အရေခွံတွင် အဆီများစွာ ပါဝင်သောကြောင့် ဖြစ်ပါသည်။)
(၂) အသွင်ပြောင်းဆီ
ဆီကို မီးပြင်းပြင်းဖြင့် အပူပေးသောအခါ Trans fatty acid ခေါ် အသွင်ပြောင်းဆီ ဖြစ်ပေါ်လာပါသည်။ ၎င်း ဖြစ်ပေါ်လာသော အသွင်ပြောင်းဆီသည် ပြည့်ဝဆီထက်ပင် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် ဆီးချိုဝေဒနာရှင်များ ရှောင်ရှားသင့်သည့် အရာတစ်ခု ဖြစ်ပါသည်။ အသွင်ပြောင်းဆီသည် ဘီစကစ်၊ ကွတ်ကီး၊ ကြွတ်ရွအောင် ကြော်ထားသော အကြော်များနှင့် ပြန်ကြော်ဆီများတွင် များစွာ ပါဝင်ပါသည်။ ထို့ကြောင့် အသွင်ပြောင်းဆီကို ရှောင်ကြဉ်နိုင်ရန်….
(က) ကွတ်ကီး၊ ဘီစကတ်များ အလွန်အကျွံ မစားပါနှင့်။ အကယ်၍ ကြိုက်နှစ်သက်လွန်း၍ စားသုံးလိုလျှင် Nutrition label ကို ဖတ်ကာ tans fat 0% ပါဝင်သော ကွတ်ကီး၊ ဘီစကစ်များကို ရွေးချယ်စားသုံးပါ။
(ခ) ကြွတ်ကြွတ်ရွရွအကြော်များ စားသုံးခြင်းကို လျှော့နိုင်သလောက် လျှော့ပါ။
(ဂ) ဆီကို ခဏခဏ ပြန်မကြော်ပါနဲ့။ အများဆုံး နှစ်ခါလောက် ပြန်သုံး
ပြီးပြီဆို မနှမြောဘဲ သွန်ပစ်လိုက်ပါ။ ဒယ်အိုးထဲမှာ ဆီတွေ အများကြီး ထည့်ထားပြီး မကုန်မချင်း ပြန်ပြန်ကြော်နေတာမျိုး မလုပ်ဘဲ ဟင်းတစ်မျိုး ချက်/ကြော်ခါနီးမှ လိုသလောက်သာ ထည့်၍ သုံးပါ။
(၃) သကြားမှ လွဲ၍ အခြားအာဟာရဓါတ် မပါဝင်သော (သို့မဟုတ် အလွန်နည်းပါးသော) အစားအစာများ
ဆီးချိုဝေဒနာရှင်များသည် ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ်၊ ဗီတာမင်နှင့် သတ္တုဓါတ် စတဲ့ အာဟာရဓါတ်များကို မျှတစုံလင်စွာ စားသုံးရမည် ဖြစ်သည်။ သကြားဓါတ် အမြောက်အမြား ပါဝင်ပြီး အခြားအာဟာဟာရဓါတ်များ နည်းပါးလွန်းသော အစားအစာများ (ဥပမာ။ ။ soft drink အချိုရည်များ၊ အားဖြည့်အချိုရည်များ၊ သကြားလုံး၊ ရေခဲမုန့်နှင့် မုန့်အချိုများ) သည် အာဟာရမမျှတမှုကို ဖြစ်စေရုံသာမက post prandial glucose လို့ ခေါ်တဲ့ အစာစားပြီးချိန် သွေးတွင်းသကြားဓါတ်ကိုပါ မြင့်တက်စေသည့်အတွက် ထိုအစားအစာများကို ဆင်ခြင်၍ စားသုံးသင့်ပါသည်။
(၄) အရက်
အရက်သောက်သုံးတတ်သူများဖြစ်လျှင် ဆီးချိုဝေဒနာရှင် အမျိုးသားတစ်ဦးသည် တစ်နေ့လျှင် အရက် နှစ်ခွက်၊ အမျိုးသမီးတစ်ဦးသည် တစ်နေ့လျှင် အရက် တစ်ခွက်သာ သောက်သုံးသင့်ပါသည်။
(အရက် တစ်ခွက်သည် ဘီယာ ၃၅၀ မီလီလီတာ သို့မဟုတ် ဝိုင် ၁၅၀ မီလီလီတာ သို့မဟုတ် ဝီစကီ ၁၅ မီလီလီတာနှင့် ညီမျှသည်။)
ဥစ္စာကို ကံစောင့်၊ အသက်ကို ဉာဏ်စောင့်ဆိုသော စကားသည် ဆီးချိုဝေဒနာရှင်များနှင့် အလွန်လိုက်ဖက်သော စကားဖြစ်သည်။ ဉာဏ်ဖြင့်ယှဉ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဂရုစိုက်၍ ပြုလုပ်မည်ဆိုပါက ရောဂါမရှိသူ သာမန်လူများကဲ့သို့ပင် သက်ရှည် ကျန်းမာစွာ နေထိုင်နိုင်မည် ဖြစ်ပါသည်။
ကျန်းမာသော ဆီးချိုဝေဒနာရှင်များ ဖြစ်ကြပါစေ။
Dr ဟန်နီစုနိုင်
M.B.,B.S (Mdy), M.Sc Nutrition & Dietetic (UK)