သန္ဓေ အောင်ခြင်းဆိုတာ အမျိုးသားရဲ့ သုတ်ပိုးက မမျိုးဥကို ဝင်တိုးပြီး နှစ်ခုပေါင်း ဆဲလ်တစ်ခု သားအိမ်မှာ သန္ဓေတည်ဖို့ဖြစ်သွားတာကို ဆိုလိုတာပါ။ ကျွန်တော်တို့ အကုန်လုံးဟာ ဘဝကို အဲ့ဆဲလ် တစ်လုံးကနေ စခဲ့ကျတာပါ။
မမျိုးဥကြွေခြင်းနဲ့ သူတို့ရဲ့ ရာသီစက်ဝန်း ဘယ်လို လည်ပတ်လဲ ဆိုတာ အရင် နားလည်ဖို့ လိုပါတယ်။ သွေးစဆင်းတဲ့ ရက်ကို ရာသီစက်ဝန်းအစ (Day -1 )လို့သတ်မှတ်ပြီး ပုံမှန် (၂၈-ရက်) ခြားတခါ လာတတ်ပါတယ်။
များသောအားဖြင့်တော့ (၂၈) ရက်မှ (၃၅) ရက်ခြားတတ်ကြတယ်။ အဲ့ (၂၈-ရက်) အတွင်းမှာ အဆင့် လေးဆင့် ဖြစ်ပေါ်ပြီး (28-Days Cycle) လို့ မှတ်ထားလို့ရပါတယ်။
28 Days Cycle
📌 အဆင့် ၁ – သွေးဆင်းနေတဲ့ အချိန်နဲ့ စ ပါမယ်။ (၃) ရက်ကနေ (၅) ရက်လောက် ကြာတတ်တယ်။ (Day 1~5)
📌 အဆင့် ၂ – မျိုးဉကြွေဖို့ ပျိုးတဲ့ အဆင့်၊ မျိုးဉ ကြွေလာတဲ့အခါ တစ်ခါထဲ သန္ဓေအောင်ဖို့ အဆင်သင့် ဖြစ်နေအောင် သားအိမ်ကို ပြင်ဆင်ပေးနေတဲ့အဆင့်၊ (၆)ရက်မြောက်ကနေ (၁၄ )ရက်အတွင်း ဖြစ်လေ့ရှိတယ်။ (Day 6~14)
📌 အဆင့် ၃ – မမျိုးဉကြွေတဲ့အဆင့် ( မမျိုးဉဟာ ကြွေပြီးရင် ဥ ပြွန်ထဲမှာ (၁၂ -နာရီ) ကနေ အများဆုံး (၃၆ -နာရီ)ထိပဲ အသက်ရှင် နိုင်တယ်။ အဲ့အချိန်အတွင်းမှာ သုတ်ပိုး လာပေါင်းနိုင်မှသာ သန္ဓေအောင်မှာ ဖြစ်တယ်)
📌 အဆင့် ၄ – သုတ်ပိုး လာမပေါင်းတော့တဲ့ အခါ၊ မမျိုးဥဟာသေပြီး မျိုးအောင်လျှင် နေဖို့ ဆောက်ထားတဲ့ သားအိမ်ထဲက အချင်းအိမ်ကို ဖျက်ဆီးတဲ့ အဆင့် (၁၄-ရက်နောက်ပိုင်းမှာ ဖြစ်နေတယ်) ၊ အဲ့ဒီ့ သားအိမ်နံရံတွေ၊ ဆဲလ် အသေတွေဟာ သွေးအဖြစ်နဲ့ ဒီအဆင့်ပြီးတဲ့အချိန်မှာ ဆင်းလာတာပဲဖြစ်ပါတယ်။ အဲ့လိုနဲ့ ရာသီစက်ဝန်း တပတ်လည်သွားတာဖြစ်ပါတယ်။ (Day 14~28)
👉 အမျိုးသားရဲ့ သုတ်ပိုးဟာ မိန်းမကိုယ်တွင်းမှာ နာရီပိုင်းကနေ ၃ ရက်အထိ မျိုးဥကို စောင့်ပြီး နေနိုင်ပါတယ်။ (တစ်ချို့ သုတေသနတွေ ရဲ့ အချက်အလက်တွေအရ ဒီ့ထက်ပိုနေနိုင်တယ်လို့လဲဆိုထားပါတယ်) 🙂
📌 Fertility Window (အမျိုးသားတို့ ကြိုးစားဖို့) 😅
သန္ဓေ တည်နိုင်တဲ့အချိန်ဟာ မမျိုးဥ မကြွေခင် (၄-ရက်) လောက်ကနေ မျိုးဥကြွေပြီး (၁-ရက်)အထိ ဖြစ်တဲ့အတွက် စုစုပေါင်း (၅-ရက်)အတွင်းမှာ ပို ကြိုးစားသင့်ပါတယ်။)
📌မမျိုးဉကြွေတဲ့ အချိန် ဘာတွေ သိသာလဲ။
✅ ခါးနည်းနည်းနာမယ်
✅ ရာသီလာရင် ကိုက်တာမျိုး မဟုတ်ဘဲ ဗိုက်နည်းနည်းအောင့်မယ်။
✅ Basal Body Temperature တက်လာတယ်။ ( Body Temperature 1°F လောက် တက်လာမယ်။)
✅ မ အင်္ဂါတွင်းက အရိအချွဲတွေ ပိုပျစ် ပိုများလာမယ်။ အဲ့တာကြောင့် ကြက်ဥအကာလို အရောင်မျိုး အဖြူပျစ်ပျစ်တွေ ဆင်းလာမယ်။
✅ အာခေါင်တွေ ခြောက်လာတယ်။ တံတွေးသိပ် မထွက်ဘူး။
✅ အခြား လက္ခဏာအနေနဲ့ နို့အုံနာတာ၊ Mood ပြောင်းလဲလာတာ စတာတွေဖြစ်လာမယ်။
✅ ဆီးစစ်တံနဲ့လည်း မျိုးဥကြွေနေလား ဆိုတာကို စစ်ကြည့်နိုင်တယ်။
ရာသီစလာတဲ့ရက်ကို မှတ်သားထားပါ။ ဘယ်အချိန်လောက် မျိုးဥကြွေနိုင်လဲဆိုတာတွက်ပြီး ဖြစ်နိုင်လောက်တဲ့ မနက်ပိုင်း တွေမှာ စစ်ကြည့်လို့ရပါတယ်။ (ကိုယ်ဝန် ရှိ-မရှိစစ်ပုံ နဲ့ တူတူပါပဲ)
Ovulation Test Kit ဆိုပြီးဆေးဆိုင်တွေမှာ မေးဝယ်လို့ရပါတယ်။ တခါသုံးတွေ ရှိသလို Digital တွေလဲ ရှိပါတယ်။
ကြိုးစားနေတဲ့ သူတွေအားလုံး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
“တိုင်ပင်ဆွေးနွေး ကျန်းမာရေး myDoctor နှင့်ဆက်သွယ်ပေး”
#myDoctor #Dr_KyawYe_ဆေး(၁)