သင့်ကလေး အာရုံကြောအားကောင်းစေဖို့ နည်းလမ်းကောင်းများ
ကလေးတစ်ယောက်ရဲ့ လိုအင်တွေက သိပ်မများလှပေမဲ့ လူကြီးတွေဖြည့်ဆည်းပေးရမဲ့ လိုအပ်ချက်တွေကတော့ များလှပါတယ်။နံပါတ်တစ်လိုအပ်ချက်ကတော့ ကျန်းမာရေးပါ။ကျန်းမာရေးအတွက် လိုက်နာရမဲ့ လိုအပ်ချက်တွေအများကြီးထဲက ဦးနှောက်နဲ့ အာရုံကြောတွေရဲ့ ကျန်းမာရေးအတွက် ဘာတွေလုပ်ပေးရမလဲ မေးရင်တော့ ဒီလိုဖြေရပါလိမ့်မယ်။
?ကစားပါ
အသက်အရွယ်ပေါ်မူတည်ပြီး အန္တရာယ်မဖြစ်နိုင်သည့် ကစားနည်းတိုင်းကို ကလေးကို ပေးဆော့ပါ။ရေကူး၊ စက်ဘီးစီး၊ ဘောလုံးကန် စတဲ့ သွက်လက်တက်ကြွစွာ ဆော့ကစားရတဲ့ ကစားနည်းတစ်ခုခုကို ပုံမှန်ကစားခိုင်းဖို့လိုအပ်သလို Chess၊ ကျားထိုး၊ Scrabble၊ စတဲ့ ဦးနှောက်စွမ်းရည်တိုးတက်စေမဲ့ အငြိမ် ကစားနည်းတွေလည်း ပေးဆော့ပါ။
?ဖုန်း/TV/ဂိမ်း လျှော့ပါ
ဒီနေ့ခေတ်ရဲ့ အကြီးဆုံးပြဿနာပါ။ဖုန်း၊TV နဲ့ အချိန်ကုန်နေတဲ့ ကလေးတွေမှာ ဖန်တီးနိုင်စွမ်းရည်ကျလာတာ၊ အညောင်းမိပြီး ချိနဲ့လာတာ၊ ဖန်သားပြင်တွေကထွက်တဲ့ Blue Light အလင်းရောင်ကြောင့် မျက်စိထိခိုက်တာ၊ ညအိပ်မပျော်တာ စတဲ့ ပြဿနာတွေ အများကြီးရှိပါတယ်။ဂိမ်းဆော့တာက ဦးနှောက်အတွက် အနည်းငယ်တော့ အကျိုးရှိတယ်ဆိုကြပေမဲ့ ဂိမ်းစွဲတဲ့ပြဿနာ၊ တခြားစိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆိုးကျိုးတွေသာ ပိုများပါတယ်။
?အစာအာဟာရ မျှတအောင်ကျွေးပါ
-အစေ့အဆံ၊ ပဲပိစပ်၊ ဂျုံ
-မြေပဲ၊ ပဲကြီး၊ ပဲစိမ်း၊ပဲအမျိုးမျိုး
-ဆလ်မွန်ငါး နဲ့ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး
-cheese၊ ဒိန်ချဉ်၊နို့ နဲ့ နို့ထွက်ပစ္စည်းတွေ
-ငှက်ပျောသီး ၊ပန်းပွင့်စိမ်း၊ ဟင်းနုနွယ်၊ မှို
-ပဲနို့ ဆန်နို့..
စတာတွေအားလုံးဟာ အာရုံကြောအားကောင်းဖို့ မရှိမဖြစ်လိုအပ်တဲ့ Vitamin B1,B2,B3,B6,B9(ဖောလစ်အက်ဆစ်)နဲ့ B12တို့ ကြွယ်ဝစွာပါတဲ့ အစားအသောက်တွေဖြစ်လို့ မျှတအောင် ကျွေးပေးဖို့လိုပါတယ်။
?ဆေးလိပ်/အရက်/ကွမ်း
ကလေးနားမှာ ဆေးလိပ်မသောက်ပါနဲ့။ ဘေးကရှူရှိုက်ရတဲ့ အငွေ့ကလည်း ကလေးအာရုံကြောတွေကို ထိခိုက်စေပါတယ်။ကိုယ့်အပြုအမူကို အတုခိုးရင်း ဆေးလိပ်၊အရက်၊ဘီယာ၊ကွမ်းနဲ့ တခြားမူးယစ်ဆေးပြဿနာတွေလည်း ဆယ်ကျော်သက်မတိုင်ခင်မှာတောင် ဝင်လာနိုင်ပါတယ်။
?အားဆေးတိုက်ပါ
အစားအသောက်မှာ အာဟာရဓာတ်စုံလင်အောင် မကျွေးဖြစ်ရင် အားဆေးတိုက်ဖို့ လိုပါလိမ့်မယ်။အာရုံကြောအတွက် အဓိကလိုအပ်တဲ့ Vitamin B အုပ်စုပါဝင်တဲ့ အားဆေးကိုရွေးချယ်ပါ။
?အိပ်ခိုင်းပါ
စောစောအိပ်ခိုင်းပါ။
နေ့ခင်းနေ့လည်မှာ တရေးခဏပြန်အိပ်ခိုင်းပါ။
တစ်နှစ်အောက်မှာ..၁၄-၁၅နာရီ
လမ်းလျှောက်စ အရွယ်မှာ…၁၂-၁၄နာရီ
မူကြိုအရွယ်မှာ…၁၁-၁၃နာရီ
ကျောင်းနေအရွယ်မှာ…၁၀-၁၁နာရီ
ဆယ်ကျော်သက်အရွယ်မှာ…၈-၁၀နာရီ
ပြည့်အောင် အိပ်ခိုင်းပါ။
?ရောဂါမဖြစ်အောင် ကာကွယ်ပါ
ကိုယ်ခံအားအမြဲကောင်းနေစေဖို့ ဂရုစိုက်ပေးပါ။ကာကွယ်ဆေးအားလုံး မပျက်မကွက် ထိုးပါ။ သောက်ပါ။
?ချစ်ခြင်းမေတ္တာပေးပါ
ကလေးတိုင်းရဲ့ ဦးနှောက်အာရုံကြော ဖွံ့ဖြိုးတိုးတက်မှုအတွက် နွေးထွေးလုံခြုံပြီး ချစ်ခြင်းပြည့်ဝတဲ့ စောင့်ရှောက်မှုက အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
ကလေးတိုင်း ကျန်းမာကြပါစေ..
Dr ဖြိုးဝေလင်း
(1.9.19)