ချောင်းမဆိုးတဲ့ တီဘီ
လူတော်တော်များများသိကြတာ တီဘီဆိုလျှင် အဆုတ်ရောင်တီဘီ၊ ချောင်းဆိုးမယ်၊ လူတွေကို ကူးစက်မယ်၊ တီဘီရောဂါဝေဒနာသည်ဆို ဝေးဝေးကရှောင်မယ်၊ သူအသုံးပြုထားတဲ့ အသုံးအဆောင်တွေကို ထိတွေ့ရမှာကြောက်ရွံနေကြမယ်။
ဟုတ်ပါတယ်။ အဆုတ်တီဘီဟာ လေထဲကနေတဆင့် ကူးစက်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ ဘက်တီးရီးယား ရောဂါပိုးတစ်မျိုးဖြစ်ပါတယ်။ တီဘီ (Tuberculosis) လို့ပြောတိုင်း အဆုတ်တီဘီ တစ်ခုတည်းမရှိတာ သဘောပေါက်နားလည်စေချင်ပါတယ်။ ချောင်းမဆိုးတဲ့ အခြားအဆုတ်မဟုတ်သော တီဘီရောဂါအမျိုးအစားများလည်းရှိပါတယ်။
– Miliary TB – အဆုတ်မဟုတ်သောအခြားတီဘီများထဲတွင် ၁၀ ရာခိုင်နှုန်းမှာ သွေးတီဘီ ခေါ် Miliary TB ဖြစ်ပါတယ်။ ကလေးငယ်လေးတွေ၊ အသက်ကြီးရင့်သူတွေနှင့် ခုခံအားနည်းသူတွေမှာ အများဆုံးတွေ့ရလေ့ရှိပါတယ်။
– ဆီးလမ်းကြောင်းတီဘီ – ကျောက်ကပ်ကိုသာမက ဆီးလမ်းကြောင်းတစ်လျောက် တီဘီပိုးကြောင့် ရောင်ရမ်းနိုင်ပြီး အမျိုးသားဆို ဆီးကျိတ်လမ်းကြောင်းများကို ထိခိုက်နိုင်ပြီး အမျိုးသမီးများဆိုလျှင် မီးယပ်ဝေဒနာတွေပါထပ်ဆင့် ခံစားရနိုင်ပါတယ်။
– ဦးနှောက်အမှေးရောင်တီဘီ – ၅ နှစ်အောက်ကလေးနှင့် လူကြီးတချို့မှာတွေ့ရတတ်ပါတယ်။ သတိလစ်ခြင်း၊ သတိမေ့ခြင်းတို့အပြင် စိုးရွားပါက လေဖြတ်ခြင်း၊ ကိုမာဝင်ခြင်းတို့အထိ ဖြစ်နိုင်ပါသည်။
– အဆုတ်အမှေးရောင်တီဘီ – အဆုတ်တီဘီမဟုတ်ဘဲ အဆုတ်ဝန်းကျင် အဆုတ်နံရံများကို ဝန်းရံထားတဲ့အမှေးပါးတွေမှာ ဖြစ်တဲ့တီဘီအမျိုးအစားပါ။
– နှလုံးအမှေးရောင်တီဘီ – အဆုတ်ကဲ့သို့ နှလုံးဝန်းကျင်မှာလည်း အမှေးရောင်တီဘီဖြစ်နိုင်ပါတယ်။ လူနာများအနေဖြင့် မောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အဖျားတက်ခြင်း ပုံစံမျိုးနှင့်တွေ့ကြုံရနိုင်ပါတယ်။
– တီဘီအကျိတ်များ – တီဘီအကျိတ်များဟာ အများအားဖြင့် လည်ပင်းတစ်ဝိုက်နှင့် ပုခုံးရိုးတစ်ဝိုက်မှာတွေ့မြင်ရလေ့ရှိပါတယ်။ အများစု တီဘီအကျိတ်များဟာ တဖြည်းဖြည်းနှင့် နီရဲလာပြီး ရောင်လာမယ်။ သူ့အနားတဝိုက်မှာရှိတဲ့ အရာတွေကို ဒုက္ခဖြစ်စေနိုင်ပါတယ်။
– အရေပြားတီဘီ – တီဘီအကျိတ်များ၊ အရိုးတီဘီမှတဆင့် နီးစပ်ရာ အရေပြားကို တီဘီဖြစ်စေနိုင်ပါတယ်။ အရေပြားတီဘီမှ ဆိုးရွားလာပြီး အပေါက်များ၊ အနာများ အရေပြားပေါ်တွင်ဖြစ်လာစေနိုင်ပါသည်။
– အရိုးတီဘီ/ခါးတီဘီ – အရိုးဟုဆိုရာတွင် အလေးချိန်ကိုထောက်ကူပေးနေရသောနေရာအရိုးအဆစ်များတွင်ပိုမိုဖြစ်ပွားတတ်ပါသည်။ ဥပမာအားဖြင့် – လက်ကောက်ဝတ်၊ လက်၊ တံတောင်ဆစ်နေရာတွေမှာ တီဘီပိုးများကို ပိုမိုတွေ့ရတတ်သည်။ ခါးတီဘီတွင် ပထမဆုံးအနေနဲ့ ခါးဆစ်ရိုးနေရာတွင်စတင်ဖြစ်ပေါ်ပြီး နောက်ပိုင်းတွင် ခါးကြောရိုးတောက်လျောက်တီဘီရောဂါပြန့်ပွားနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ခါးဆစ်ရိုးရောင်ရမ်းခြင်း၊ အကြောဆိုင်းခြင်း၊ ခါးအာရုံကြောပျက်စီးခြင်းများဖြစ်ပွားနိုင်ပါတယ်။
– အစာအိမ်၊ အူလမ်းကြောင်းတီဘီ – နွားနို့နှင့် နို့ထွက်ပစ္စည်းမသန့်ရှင်းမှုကြောင့် အစာရေမြိုလမ်းကြောင်းမှတဆင့် အစာအိမ်၊ အူလမ်းကြောင်းတစ်လျောက်တီဘီရောဂါဖြစ်ပွားစေနိုင်ပါသည်။ ဗိုက်အောင့်ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ အူလမ်းကြောင်းပိတ်ခြင်းစသည့် အူလမ်းကြောင်းတီဘီဆိုင်ရာရောဂါလက္ခဏာများခံစားရနိုင်ပါတယ်။
အဆုတ်တီဘီမဟုတ်သော အခြားတီဘီများတွင် လေထဲမှတဆင့်မကူးစက်နိုင်ပါဘူး။ တီဘီလက္ခဏာများကဲ့သို့ ဖျားခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝိတ်ကျခြင်းများဖြစ်စေနိုင်ပါသည်။ ဆေးသောက်ခြင်းသည် အဆုတ်တီဘီကဲ့သို သောက်ဆေးကို နေ့စဉ်ဆွဲသောက်ရမှာဖြစ်ပြီး အချို့သောတီဘီရောဂါများတွင် လိုအပ်သောခွဲစိတ်ကုသခြင်းများရှိနိုင်ပါသည်။ အဆုတ်တီဘီမဟုတ်တဲ့အတွက် ပေါ့ပေါ့ဆဆမတွေးစေချင်ပါ။ တီဘီရောဂါသည် ခုခံအားကျဆင်းစေသောရောဂါများထဲမှ တခုဖြစ်သည့်အတွက် သိလျှင်သိခြင်း ထိထိရောက်ရောက်ကုသခြင်းသည် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားနှုန်းနှင့် လူမှုဘဝတိုးတက်သာယာဖို့အတွက် လမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း…
Dr. Myat Hein Htet (Health4U)