ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်အပြောင်းအလဲများ
အမျိုးသမီးအများစုအတွက်ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်အပြောင်းအလဲဟာ မြန်ဆန်လေ့ရှိပါတယ် ။ဒီလိုစိတ်ခံစားမှု တစ်ခုကနေ တစ်ခု အလျင်အမြန်ပြောင်းလဲနေခြင်းဟာ စိတ်ပိုတိုစေ စိတ်ပိုပင်ပန်းစေရုံသာမက ဘာလို့ဖြစ်ရလဲ ဘာလို့ဒီလိုခံစားရလဲဆိုတာတွေဟာ အဖြေရှာရ ခက်ခဲတတ်ပါတယ် ။
ဘာကြောင့်ဖြစ်ရသလဲ ?
ပထမဆုံး သင့်ကိုယ်သင် ပြောရမှာက ဒါဟာ ရှက်စရာ ကိုယ့်ကိုယ်ကို အပြစ်တင်စရာမဟုတ်ဘူးဆိုတာပါပဲ ။ ကိုယ်ဝန်ဆောင်ကာလအတွင်း ဒီလိုစိတ်အတက်အကျမြန်တာ စိတ်အပြောင်းအလဲမြန်တာတွေဟာ မျှော်လင့်ထားရမယ့်အရာတွေပါ ။ ဒီလို ကိုယ်ဝန်ဆောင်ကာလအတွင်း စိတ်အပြောင်းအလဲဖြစ်စေတဲ့အချက်တွေဟာ အပြင်ကရော အတွင်းကပါ လာတာပါ ။ ဒါကြောင့် ဒီလို စိတ်ခံစားလွယ်နေတာ စိတ်အလိုမကျတာတွေဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ ။
(၁) ဟော်မုန်း
ကိုယ်ဝန်ဆောင်ကာလအတွင်းမှ သင့်ခန္ဓာကိုယ်ရဲ့ ဟော်မုန်းထုတ်လုပ်မှုဟာ ပုံမှန်ထက်များပြားနေတတ်ပြီး အထူးသဖြင့် estrogen နဲ့ progesterone လို့ခေါ်တဲ့ဟော်မုန်းတွေပါ ။ သင့်ကိုယ်ဝန်အချိန်ကာလ သင့်ခန္ဓာကိုယ်အပေါ်မူတည်ပြီး ဘယ်လောက်ထိများပြားလဲဆိုတာ ကွဲပြားနိုင်ပါတယ် ။ ဒီဟော်မုန်းတွေဟာ သင့်ရဲ့ စိတ်ခံစားမှုတွေနဲ့သင့်ဦးနှောက်ရဲ့လိုက်လံထိန်းကြောင်းပေးနိုင်မှုကို အများကြီး သက်ရောက်နေပါတယ် ။ ဒါကြောင့် ဒီလိုဖြစ်စဉ်တွေဟာ ပုံမှန်လို့ပြောဆိုနိုင်ပြီး အလွန်အမင်းပြင်းထန်တဲ့စိတ်အနေအထား တွေဖြစ်လာမှသာ ပူပန်သင့်ပါတယ် ။
(၂) စိတ်ဖိစီးခြင်း
အကြောင်းပြချက်များစွာနဲ့ပဲ ကိုယ်ဝန်ဆောင်ခြင်းဖြစ်စဉ်ဟာ စိတ်ဖိစီးမှုအပေးနိုင်ဆုံး အခြေအနေတစ်ခုပါပဲ ။ မိသားစုဘဝတစ်ခု စတင်ရတော့မယ့် အိပ်မက်တွေပျော်ရွှင်မှုတွေနဲ့အတူ ဒီကိုယ်ဝန်ကတဆင့်ပြောင်းလဲမှုတွေကိုလဲ တွေးပူရတော့မှာပါ ။ ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ၊ မွေးဖွားရန် နေရာ ၊ ပြင်ဆင်ရန် ဆရာဝန်အပ်ရန်များ ၊ ငွေကြေးအထောက်အပံ့များ ၊ အကူအညီများ ၊ အလုပ်အကိုင်ဆိုင်ရာများ ၊ အစရှိသဖြင့် စဉ်းစားရန် များပြားလာပါတယ် ။ ဒီလိုကိစ္စတွေကနေတဆင့် စိတ်ဖိစီးမှုမြင့်တက်လာတာနဲ့အတူ ဘယ်လိုစိတ်တွေကိုဖြေလျော့ရမလဲဆိုတာ မသိဆိုတာမျိုးတွေဖြစ်လာပါတယ် ။
(၃)ခန္ဓာကိုယ်ပြောင်းလဲခြင်းဖြစ်စဉ်
တချို့မိခင်တွေဟာ တခြားသူတွေနဲ့မတူဘဲ ခန္ဓာကိုယ်မှပြောင်းလဲမှုတွေကို ပိုမိုခံစားရပါတယ် ။ နေရထိုင်ရ မအီမသာဖြစ်တာ ၊ မူးဝေအော့အန်တာ ၊ ကိုက်ခဲတာ ၊ မောပန်းနွယ်းနယ်တာ ၊ အိပ်ရေးပျက်တာ ၊ အိပ်မရတာ အစရှိသည်တို့ကို ပိုမိုခံစားရပါတယ် ။ ဒီလိုအကြောင်းရင်းတွေကြောင့် စိတ်ဖိစီးမှုတွေ ဟော်မုန်းမြင့်တက်မှုတွေ ဖြစ်ပေါ်လာပြီး စိတ်အပြောင်းအလဲတွေဖြစ်ပေါ်စိတ်အတက်အကျတွေဖြစ်လာရပါတယ် ။
ဘယ်လိုသက်သာအောင်လုပ်မလဲ ?
ဒီလိုစိတ်ပြောင်းလဲခြင်းဆိုင်ရာ ဖြစ်စဉ်တွေကို သင်ကိုယ်တိုင်ထိန်းညှိနိုင်မယ့် နည်းလမ်းတွေအများကြီးရှိပါတယ် ။
* ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း – သင့်ခန္ဓာကိုယ်နဲ့စိတ်ကို အမြဲဘာတွေလိုအပ်နေလဲ နားစွင့်ပြီး သတိထားပါ ။ ရေနွေးလေးနဲ့ ရေချိုးချင်ပါသလား ထချိုးလိုက်ပါ ။ တစ်ယောက်တည်း စာဖတ်ပြီး သက်တောင့်သက်သာနေလိုပါသလား အချိန်မရရအောင် ယူပါ
* အိပ်ပါ- အနည်းဆုံး ၈ နာရီခန့် အိပ်ရေးဝဝအိပ်လိုက်ခြင်းဟာ သင့်ခန္ဓာကိုယ်အတွင်း အံ့ဩစရာပြောင်းလဲမှုအမြောက်အများကိုဖြစ်စေမှာပါ ။ အမြဲလိုလိုမဟုတ်တောင် အိပ်ချိန်ကိုလုံလုံရရှိစေဖို့ အမြဲကြိုးစားပါ
* အစားအသောက် – အိပ်စက်ခြင်းသကဲ့သို့အရေးကြီးသည့်အရာမှာ အဟာရပါပဲ ။ အထူးသဖြင့် ကိုယ်စားချင်တဲ့အစားအစာတွေကို စားသောက်လိုက်ရတဲ့အခါ လူတွေမှာ စိတ်ကျေနပ်နှစ်သိမ့်မှုကိုခံစားရလေ့ရှိပါတယ် ။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့သဘာဝအစားအစာတွေကိုများများစားပေးခြင်းဟာ ခန္ဓာကိုယ်အတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ အများကြီး အထောက်အကူပြုပါတယ် ။
* အကူအညီများ – သင့်ပတ်ဝန်းကျင်မှာ အားပေးဖော် မိသားစုတွေ သူငယ်ချင်းတွေ ရှိနေခြင်းဟာလဲ သင့်အတွက်ကောင်းမွန်ပါတယ် ။ ဒါ့အပြင်ကိုယ်ဝန်ဆောင်များ အဖွဲ့တွေ အကြံပေးရေးအဖွဲ့တွေနဲ့တွေ့ဆုံခြင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အားပေးခြင်းတွေဟာလဲ စိတ်ကို တည်ငြိမ်ပြီး ပျော်ရွှင်စေပါတယ် ။
ကိုယ်ဝန်ဆောင်ကာလဟာ ပြန်မရတဲ့ အလှပဆုံးအချိန်ကာလလေးပါ ။ ဒါပေမယ့် သင့်အနေနဲ့ ဖြစ်လာမယ့်အပြောင်းအလဲတွေအတွက် အမြဲ ပြင်ဆင်ထားသင့်ပါတယ် ။ ဒီလိုစိတ်အပြောင်းအလဲမြန်တာ စိတ်တို စိတ်ဆိုးလွယ်တာ စိတ်ကျတာ အစရှိတဲ့စိတ်အပြောင်းအလဲတွေဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး သင့်အနေနဲ့ ဒါကို စိတ်ဆင်းရဲစရာမလိုပါဘူး ။ သင့်အနေနဲ့ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ တုန့်ပြန်နိုင်ပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ