ကိုယ်ဝန်ဆောင်တွေ ဘာကြောင့်ဘေးစောင်းအိပ်သင့်သလဲ
ဒီတစ်ခါတော့ ကိုယ်ဝန်ဆောင်စဉ် လဲလျောင်းအနားယူ အိပ်စက်တဲ့အခါ ဘယ်လိုအနေအထားမျိုး အိပ်စက်ခြင်းက အန္တရာယ်ကင်းတယ်ဆိုတာ ပြောပြချင်ပါတယ်။
တစ်ချို့အမျိုးသမီးတွေ အိပ်စက်ချိန်မှာ မှောက်လျက် (သို့) ပက်လက်အနေအထားမျိုး အိပ်စက်တတ်ကြပါတယ်။ ဒီလိုအနေအထားမျိုး အိပ်စက်တာဟာ ကိုယ်ဝန်နုနယ်စဉ်မှာ ပြဿနာကြီးကြီးမားမား မရှိနိုင်ပေမဲ့ ကိုယ်ဝန်ရင့်လာရင်တော့ မှောက်လျက် (သို့) ပက်လက် အနေအထားမျိုး မအိပ်သင့်တော့ပါဘူး။
ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ ပက်လက်အိပ်စက်တဲ့အခါ ကိုယ်ဝန်လွယ်ထားရတဲ့ သားအိမ်ရဲ့အလေးချိန်ဟာ Inferior Vena Cava လို့ခေါ်တဲ့ ပင်မသွေးကြောကြီးကို ဖိထားပြီး သွေးလျှောက်မှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သွေးကြောမကြီး သွေးလျှောက်မှုနည်းတာကြောင့် သားအိမ်မှာလည်း သွေးအလုံအလောက်မရရှိနိုင်ဘဲ ရင်သွေးငယ်ဆီကို လိုအပ်တဲ့ အာဟာရ ရောက်ရှိမှုလည်း နည်းလာစေပါတယ်။ ထို့အပြင် မိခင်မှာလည်း မူးဝေခြင်း၊ အသက်ရှူမဝဖြစ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ မှောက်လျက် အနေအထား အိပ်စက်လျှင်လည်း ဗိုက်ကို တိုက်ရိုက်ဖိမိစေတဲ့အတွက် သက်တောင့်သက်သာ ရှိမှာမဟုတ်ပါဘူး။
ကိုယ်ဝန်ရင့်ချိန်မှာ အကောင်းဆုံး အိပ်စက်နိုင်တဲ့ အနေအထားကတော့ ဘယ်ဘက်ဘေးစောင်းအိပ်ခြင်းပဲ ဖြစ်ပါတယ်။ Inferior Vena Cava သွေးကြောမကြီးဟာ ကျောရိုးမရဲ့ ညာဘက်ခြမ်းမှာ ရှိတာဖြစ်တာကြောင့် ဘယ်ဘက်စောင်းအိပ်ခြင်းက သွေးကြောမကြီးကို ဖိမိခြင်းမရှိဘဲ သားအိမ်သို့ သွေးသွားရာ လမ်းကြောင်း ပွင့်နေမှာပဲ ဖြစ်ပါတယ်။
ဘေးစောင်းအိပ်ရမှာ အခက်အခဲ ဖြစ်နေတဲ့ မိခင်လောင်းများအတွက် ခေါင်းအုံးလေးများသုံးပြီး အထောက်အပံ့ယူနိုင်ပါတယ်။ ဒူးကြားထဲ ခေါင်းအုံးခုခြင်း၊ တင်ပါးနှင့် ကျောအောက် ခေါင်းအုံးခုခြင်းဖြင့် သက်တောင့်သက်သာရှိစွာ ဘေးစောင်းအိပ်နိုင်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
ကိုယ္ဝန္ေဆာင္ေတြ ဘာေၾကာင့္ေဘးေစာင္းအိပ္သင့္သလဲ
ဒီတစ္ခါေတာ့ ကိုယ္ဝန္ေဆာင္စဥ္ လဲေလ်ာင္းအနားယူ အိပ္စက္တဲ့အခါ ဘယ္လိုအေနအထားမ်ိဳး အိပ္စက္ျခင္းက အႏၱရာယ္ကင္းတယ္ဆိုတာ ေျပာျပခ်င္ပါတယ္။
တစ္ခ်ိဳ႕အမ်ိဳးသမီးေတြ အိပ္စက္ခ်ိန္မွာ ေမွာက္လ်က္ (သို႔) ပက္လက္အေနအထားမ်ိဳး အိပ္စက္တတ္ၾကပါတယ္။ ဒီလိုအေနအထားမ်ိဳး အိပ္စက္တာဟာ ကိုယ္ဝန္ႏုနယ္စဥ္မွာ ျပႆနာႀကီးႀကီးမားမား မရိွႏိုင္ေပမဲ့ ကိုယ္ဝန္ရင့္လာရင္ေတာ့ ေမွာက္လ်က္ (သို႔) ပက္လက္ အေနအထားမ်ိဳး မအိပ္သင့္ေတာ့ပါဘူး။
ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးေတြ ပက္လက္အိပ္စက္တဲ့အခါ ကိုယ္ဝန္လြယ္ထားရတဲ့ သားအိမ္ရဲ့အေလးခ်ိန္ဟာ Inferior Vena Cava လို႔ေခၚတဲ့ ပင္မေသြးေၾကာႀကီးကို ဖိထားၿပီး ေသြးေလ်ွာက္မႈကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္ပါတယ္။ ေသြးေၾကာမႀကီး ေသြးေလ်ွာက္မႈနည္းတာေၾကာင့္ သားအိမ္မွာလည္း ေသြးအလံုအေလာက္မရရိွႏိုင္ဘဲ ရင္ေသြးငယ္ဆီကို လိုအပ္တဲ့ အာဟာရ ေရာက္ရိွမႈလည္း နည္းလာေစပါတယ္။ ထို႔အျပင္ မိခင္မွာလည္း မူးေဝျခင္း၊ အသက္႐ွဴမဝျဖစ္ျခင္းေတြ ျဖစ္လာႏိုင္ပါတယ္။ ေမွာက္လ်က္ အေနအထား အိပ္စက္လ်ွင္လည္း ဗိုက္ကို တုိုက္႐ိုက္ဖိမိေစတဲ့အတြက္ သက္ေတာင့္သက္သာ ရိွမွာမဟုတ္ပါဘူး။
ကိုယ္ဝန္ရင့္ခ်ိန္မွာ အေကာင္းဆံုး အိပ္စက္ႏိုင္တဲ့ အေနအထားကေတာ့ ဘယ္ဘက္ေဘးေစာင္းအိပ္ျခင္းပဲ ျဖစ္ပါတယ္။ Inferior Vena Cava ေသြးေၾကာမႀကီးဟာ ေက်ာ႐ိုးမရဲ႕ ညာဘက္ျခမ္းမွာ ရိွတာျဖစ္တာေၾကာင့္ ဘယ္ဘက္ေစာင္းအိပ္ျခင္းက ေသြးေၾကာမႀကီးကို ဖိမိျခင္းမရိွဘဲ သားအိမ္သို႔ ေသြးသြားရာ လမ္းေၾကာင္း ပြင့္ေနမွာပဲ ျဖစ္ပါတယ္။
ေဘးေစာင္းအိပ္ရမွာ အခက္အခဲ ျဖစ္ေနတဲ့ မိခင္ေလာင္းမ်ားအတြက္ ေခါင္းအံုးေလးမ်ားသံုးၿပီး အေထာက္အပံ့ယူႏိုင္ပါတယ္။ ဒူးၾကားထဲ ေခါင္းအံုးခုျခင္း၊ တင္ပါးႏွင့္ ေက်ာေအာက္ ေခါင္းအံုးခုျခင္းျဖင့္ သက္ေတာင့္သက္သာရိိွစြာ ေဘးေစာင္းအိပ္ႏိုင္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)