မိခင်နို့ကျဲခြင်း၊ ပျစ်ခြင်းက ကလေးကျန်းမာရေးအပေါ်ထိခိုက်မှုရှိလား
ကလေး၆လအရွယ်အထိ ကျန်းမာတဲ့မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းဟာ ကလေးငယ်အတွက် အကောင်းဆုံးဖြစ်တယ်ဆိုတာ မိခင်တော်တော်များများ သိရှိလာကြပြီ ဖြစ်ပါတယ်။ ဒီလို မိခင်နို့တစ်မျိုးတည်းတိုက်တဲ့ မိခင်တွေမှာ မိခင်နို့ကျဲခြင်း၊ ပျစ်ခြင်းနှင့် ကလေးငယ်အပေါ် အာဟာရဓာတ် သက်ရောက်ခြင်းရှိ၊မရှိကို စိတ်ပူပင်တတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မိခင်နို့ကျဲခြင်း၊ ပျစ်ခြင်းက ကလေးငယ်အပေါ် သက်ရောက်မှုရှိမရှိကို ရှင်းပြချင်ပါတယ်။
ကလေးငယ်ကို မိခင်ကိုယ်တိုင် ရင်ခွင်အပ်နို့ချိုတိုက်ကျွေးနေတဲ့ အချိန်အထိ မိခင်နို့ကျဲသည် ပျစ်သည်ကို သတိမထားမိတတ်ကြပါဘူး။ မိခင်ကိုယ်တိုင် မတိုက်ကျွေးနိုင်သော အချိန်အတွက် နို့ဘူးထဲ နို့ညှစ်ရတဲ့အချိန် (သို့) အကြောင်းတစ်စုံတစ်ရာကြောင့် နို့ဘူးထဲ တစ်ဆင့်ခံ ညှစ်ထည့်ရသည့် အချိန်မှသာ မိခင်နို့အပျစ်အကျဲအနေအထားကို သတိထားမိတတ်ကြပါတယ်။
မိခင်နို့စစညှစ်ခြင်း အခြေအနေမှာမိခင်နို့ကျဲပြီး အရောင်ဖျော့နေတာကို တွေ့ရတတ်ပါတယ်။ နို့ညှစ်ရင်း ရင်သားထဲကနို့ကုန်ခါနီး အချိန်မှာတော့ ပိုမိုပျစ်ပြီး အရောင်ရင့်တဲ့ အနေအထားကို မြင်တွေ့နိုင်ပါတယ်။ အစပိုင်းမှာ ထွက်လာတဲ့ နို့ရည်ခပ်ကျဲကျဲတွေကို foremilk လို့ခေါ်ပါတယ်။ foremilk မှာ အဆီဓာတ်ပါဝင်မှု လျော့နည်းပြီး သကြားဓာတ် (lactose)အမြောက်အများ ပါဝင်ပါတယ်။ နို့ရည်ကျဲသော်လည်း ကလေးငယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်တာကြောင့် စိတ်ချလက်ချ တိုက်ကျွေးနိုင်ပါတယ်။ foremilk မှာ ကလေးငယ်အတွက် စွမ်းအင်၊ ဉာဏ်ရည်ဖွံဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပေးစွမ်းနိုင်ကာ ရေဓာတ်အလုံအလောက် ရရှိစေပါတယ်။
နို့တိုက်ရင်း ငါးမိနစ်ခန့်အကြာမှာတော့ ပိုမိုပျစ်တဲ့နို့ရည်တွေ ထွက်လာပြီး hindmilk လို့ခေါ်ပါတယ်။ hindmilk မှာ အဆီပါဝင်မှုနှုန်း ပိုများတာကြောင့် အရောင်ပိုရင့်ကာ ပျစ်နေရခြင်းပဲ ဖြစ်ပါတယ်။ အဆီဓာတ်က ကလေးငယ်ကို ကြီးထွားစေဖို့နဲ့ ကိုယ်အလေးချိန် တက်လာစေဖို့ ကူညီပါတယ်။ ဒါကြောင့် ကလေးငယ်ကို နို့တိုက်သည့် အချိန်တိုင်းမှာ foremilk ရော hindmilk ပါ ပါဝင်စေဖို့ ရင်သားတစ်ဖက်ကို အနည်းဆုံး အချိန်၁၀မိနစ်ခန့်ပေး၍ တိုက်သင့်ပါတယ်။ နို့ဘူးထဲ နို့ညှစ်ထည့်ကာ တစ်ဆင့်ပြန်တိုက်ကျွေးတဲ့ မိခင်များအနေဖြင့်လည်း ရင်သားရှိနို့များကို ကုန်စင်အောင် ညှစ်သင့်ပါတယ်။ ဒါမှသာ foremilk ရော hindmilk ပါ ရောသွားမှာပါ။
အရေးကြီးဆုံးအချက်ကတော့ နို့်တိုက်မိခင်တိုင်းဟာ အစားအသောက်စုံလင်စွာ စားသင့်ပါတယ်။ အသား၊ ငါး၊ အသီးအရွက်၊ ဥအမျိုးမျိုး၊ ဆန်၊ဂျုံ၊ ပြောင်း၊ အာလူး အစရှိသဖြင့် အာဟာရပြည့်ဝစွာစားပြီး မိခင်ကိုယ်တိုင် အာဟာရပြည့်ဝနေသင့်ပါတယ်။ ဒါမှသာ အာဟာရပြည့်ဝသော နို့ချိုတိုက်ကျွေးနိုင်မှာပဲ ဖြစ်ပါတယ်။ ကလေးငယ်ကို နို့တိုက်နေစဉ်ကာလအတွင်း အချို့ပိုးသတ်ဆေးနှင့် တခြားဆေးဝါးများ သောက်သုံးပါက မိခင်နို့ထဲ အဆိုပါဆေးဝါးများ ပါဝင်နိုင်တဲ့အတွက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ စိတ်ချလက်ချ သောက်သုံးသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)