ဒီနေ့ခေတ်လူငယ်တွေအနေနဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့နီးစပ်တဲ့သူတွေဖြစ်တာမို့ ဒီပစ္စည်းတွေရဲ့ အဆိုးအကောင်းပြသနာတွေကလည်း အတူတကွသက်ရောက်ခြင်းကိုခံရလေ့ရှိပါတယ်။ လူငယ်တွေရဲ့ နားတွေမှာတွေ့ရတဲ့ Earphone/Earbuds နားကြပ်တွေဆိုရင်လည်းဒီအတိုင်းပါပဲ။ သီချင်းနားထောင်ဖို့၊ စိတ်ဖီဆီးမှုသက်သာစေဖို့နားထောင်ကြတယ်ဆိုပေမယ့်တစ်ဖက်ကလည်း နားနဲ့ပတ်သက်တဲ့ ကျန်းမာရေး ပြသနာတွေ ရှိလာနိုင်ပါတယ်။ နားထဲကိုအသံကတိုက်ရိုက်ဝင်ရောက်တာဖြစ်လို့ နားမကြားတော့တဲ့ထိ အကြားအာရုံကိုထိိခိုက်စေနိုင်ပါတယ်။ 80 ကနေ100 decibels ထက်ကျော်တဲ့အသံအတိုင်းအတာဟာ ၁၅မိနစ်ကျော် ဖြစ်လာရင်ကိုပဲအန္တရာယ်ရှိလာနိုင်ပါတယ်။
နားထဲကိုထည့်ပြီးသုံးရတဲ့ Earbuds နားကြပ်အသေးလေးတွေထက်စာရင် Headphone လိုမျိုး နားကြပ်အကြီးစားက နားစည်ထဲကိုတိုက်ရိုက်ထည့်တာမျိုးမဟုတ်လို့ ပိုပြီးသင့်တော်ပါတယ်။ နားကြပ်သုံးပြီး သီချင်းနားထောင်ရတာ ၀ါသနာ ပါသူတွေအနေနဲ့ နားကို အနားယူပေးတဲ့အကျင့်လေးလုပ်ပေးသင့်ပါတယ်။ နားကြပ်ထဲကအသံကိုလည်း တတ်နိုင်သလောက်ခပ်တိုးတိုးပဲဖွင့်သင့်ပါတယ်။ နားကြပ်တွေဝယ်တဲ့အခါ အကြားအာရုံကလက်ခံနိုင်သလောက် dbကိုပဲရွေးချယ်သင့်ပါတယ်။
လေ့လာမှုတွေအရ အသံအကျယ်နဲ့ သီချင်းနားထောင်တဲ့အခါ ငါးမိနစ်လောက်ပဲ နားထောင်သင့်တယ်လို့ဆိုပါတယ်။ ပြင်ပကအသံဆူနေတဲ့အခါမျိုးမှာ နားကြပ်တပ်ခြင်းကိုပိုပြီး ရှောင်သင့်ပါတယ်။ ပြင်ပအသံကိုဖုံးချင်တဲ့အတွက် နားကြပ်ထဲကအသံကိုပိုကျယ်ရတဲ့အခါ နားကိုပိုထိခိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။ နားကြပ်ကိုအချိန်အတော်ကြာနားထောင်တဲ့အခါ ခေါင်းကိုက်ခြင်း၊ နားလေးခြင်း၊ နားပိုးဝင်ခြင်း၊ နားအူခြင်း၊ နာကို်က်ခြင်း၊ နားနာခြင်းစတဲ့ပြသနာတွေဖြစ်လာတတ်ပါတယ်။ နားကြပ်တပ်သီချင်းနားထောင်ပြီး အိပ်ခြင်းက နားအကြားအာရုံဆုံးရှုံးခြင်းကို အမြဲတမ်းဖြစ်သွားစေနိုင်ပါတယ်။ နားကြပ်တပ်ရင်းအပြင်ထွက်ကြတဲ့အခါ အသက်အန္တရာယ်နဲ့ နီးတဲ့မတော်တဆမှုတွေလည်းဖြစ်စေနိုင်ပါတယ်။ ကားဟွန်းသံမကြားရတာ၊ ရထားသံမကြားရတာ စတဲ့ အန္တရာယ်ရဲ့သားကောင်ဖြစ်သွားတတ်ပါတယ်။
နောက်ပြီး နားကြပ်သုံးတဲ့အခါ သီးသန့်အသုံးပြုသင့်ပါတယ်။ တခြားသူများနဲ့မျှသုံးတဲ့အခါ နားထဲကို မှိုစွဲတာတွေဖြစ်လာတတ်ပါတယ်။ နောက်ပြီးနဖာချေးဆိုတာကလည်း နားထဲမှာ သူ့နည်းနဲ့သူသန့်ရှင်းသွားတဲ့ အရာပဲဖြစ်ပါတယ်။ နဖာချေးဟာ နားထဲက ဘက်တီးရီးယားနဲ့အညစ်အကြေးတွေကို လုံးပြီးယူထားလေ့ရှိပါတယ်။ ဒါကြောင့်နဖာချေးကလော်တာကို နားထဲကိုအတင်းထိုးသွင်းပြီးမလုပ်သင့်ပါဘူး။ အမြဲတမ်း နားကြပ်တပ်ထားတဲ့အခါ နဖာချေးပိတ်တာမျိုးဖြစ်တတ်ပါတယ်။ နဖာချေးပိတ်တဲ့အခါသက်ဆိုင်ရာဆရာဝန်က စက်ရိယာနဲ့ထုတ်ပေးတာကိုပဲလုပ်သင့်ပါတယ်။
နားထဲကို ၀ါဂွမ်းတန်တွေနဲ့တခြားချွန်တဲ့အရာတွေထိုးတဲ့အခါ နားစည်ပေါက်သွားတာမျိုး နားပင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ မိမိသုံးနေကျနားကြပ်ကိုပဲ သုံးခါနီးတိုင်း သန့်ရှင်းပေးသင့်ပါတယ်။ နားကြပ်မှာ အညစ်အကြေးနဲ့ဘက်တီးရီးယားပိုးများစွာကစုနေတတ်ပါတယ်။ အခန့်မသင့်တဲ့အခါ ဓာတ်မတည့်ခြင်းနဲ့အဖုအပိန့်ထွက်ခြင်းတွေပါဖြစ်စေတတ်ပါတယ်။ နားနဲ့ပတ်သက်လို့ ကိုက်တာ၊ နာတာ၊ ယားယံတာတွေရှိခဲ့မယ်ဆိုရင်လည်း မိမိသဘောနဲ့မိမိ ဆေးထည့်တာ ဆေးသောက်တာတွေမလုပ်သင့်ပါဘူး။ နည်းနည်းမှားတာနဲ့ မိမိဘဝရဲ့လိုအပ်ချက်တစ်ခုဖြစ်သွားမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာဆရာဝန်နဲ ့ သေချာပြသသင့်ပါတယ်။
ဒေါက်တာနိုင်း(ဆေး-၁)